သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ ငြိမ်းချမ်းရေး ပြည်ထောင်စုအစိုးရ မျှော်လင့်


နေပြည်တော်တွင်ကျင်းပသည့် ပထမဆုံးအကြိမ် အစိုးရသစ် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ဖြေကြားနေသည့် မြန်မာပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း (သြဂုတ်လ ၁၂၊ ၂၀၁၁)
နေပြည်တော်တွင်ကျင်းပသည့် ပထမဆုံးအကြိမ် အစိုးရသစ် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ဖြေကြားနေသည့် မြန်မာပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း (သြဂုတ်လ ၁၂၊ ၂၀၁၁)

မြန်မာအစိုးရသစ်ရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲကို နေပြည်တော် ဒီကနေ့ ကျင်းပခဲ့ပြီး ဒီသတင်းစာရှင်းလင်းပွဲမှာ လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA-KIO) နဲ့ ဖြစ်ပွားနေတဲ့ ပြဿနာနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို အလေးထား ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အစိုးရသစ်လက်ထက်မှာဆောင်ရွက်ခဲ့တဲ့ တိုင်းပြည်တည်ဆောက်ရေးကိစ္စ၊ ပင်စင်ကိစ္စတွေနဲ့ လာဘ်စားမှုတိုက်ဖျက်ရေးကိစ္စ စတာတွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို တက်ရောက်သူတွေကတော့ အရင်အစိုးရလက်ထက် တုန်းကထက်စာရင် အစိုးရသစ်လက်ထက်မှာ ပိုပြီး ပွင့်လင်းလာတယ်လို့ သုံးသပ်ကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရသစ်ရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲကို နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တာပါ။ ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ရှင်းလင်းတင်ပြပြီး သတင်းထောက်တွေမေးမြန်းတဲ့ မေးခွန်းတွေကိုတော့ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဖြေကြားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အဓိက ထုတ်ပြန်သွားတဲ့ အချက်တွေကိုတော့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှု)က အခုလို ပြောပြပါတယ်။

“သတင်းစာရှင်းလင်းပွဲမှာ အဓိက ကတော့ အခုလောလောဆယ် ကေအိုင်အို နဲ့ လက်ရှိဖြစ်နေတဲ့ ပြဿနာနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စတွေကို အထူးထားပြီးပြောသွားတယ်ဗျာ။ အဲဒါက အဓိက main theme ပါပဲ။ ကျနော်တို့ သတင်းစာရှင်းလင်းပွဲက နေပြည်တော်မှာ လုပ်တာပါပဲ။ အစကတော့ သူတို့ အစိုးရသစ်ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်ပေါ့ဗျာ၊ အဲဒါတွေကို အကြီးလုပ်ပြီးတော့ ရှင်းပြပါတယ်။”

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရဘက်က ဆောင်ရွက်မယ့် အစီအစဉ်ကိုလည်း အခုလို ထည့်သွင်းပြောကြားခဲ့တယ်လို့ ဦးကိုကိုက ဆက်ပြောပါတယ်။

“အစိုးရအနေနဲ့ကတော့ ကေအိုင်အေ- ကေအိုင်အို နဲ့ ငြိမ်းချမ်းရေးကိစ္စ၊ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ အတွက် ဖြစ်နိုင်မယ်လို့ မျှော်လင့်လျက်ရှိပါတယ်လို့ ပြောတယ်။ ကေအိုင်အိုနဲ့ ညှိနှိုင်းရာမှာ ကေအိုင်အိုက သူတို့နဲ့သာမကဘူး တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆိုပြီး တောင်းဆိုထားတာတွေ ရှိတယ်ပေါ့ဗျာ။ အဲဒီအပေါ်မှာတော့ အစိုးရကနေပြီးတော့ လောလောဆယ် ကေအိုင်အေ-ကေအိုင်အိုနဲ့ပဲ အရင်ဆုံးလုပ်မယ်။ ပြီးတော့မှသာ ဒုတိယပိုင်းကိစ္စကိုတော့ ဒုတိယပိုင်းအနေနဲ့ ဆက်လက်ပြီးတော့ ညှိနှိုင်းမယ်ဆိုတဲ့သဘော ပြောထားတယ်တဲ့။ အဲဒီလိုပြောတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စတွေကို ဆက်လက် ဆောင်ရွက်ဖို့ကိစ္စတွေကို နောက်ပိုင်း ဆက် ဆွေးနွေးမယ်ပေါ့ဗျာ။ အဲဒီလိုတော့ ပြောတယ်။”

နောက်ပိုင်းမှာတော့ အစိုးရသစ်လက်ထက်မှာ ဆောင်ရွက်ခဲ့တဲ့ တိုင်းပြည်တည်ဆောက်ရေးကိစ္စ၊ ပင်စင်ကိစ္စတွေနဲ့ လာဘ်စားမှုတိုက်ဖျက်ရေးကိစ္စ စတာတွေကို အကျဉ်းချုံး ထည့်သွင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ တက်ရောက်လာတဲ့ ပြည်တွင်းပြည်ပ သတင်းစာဆရာတွေရဲ့ မေးမြန်းချက်တွေကို သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဖြေကြားခဲ့ပါတယ်။

ဒီလို ဖြေကြားရာမှာ လာမယ့် ၂၂ ရက်နေ့မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သတင်းထောက်တွေကို လာရောက်သတင်းယူဖို့ ခွင့်ပြုမှာဖြစ်ကြောင်းကိုလည်း တရားဝင် ပြောကြားခဲ့တယ်လို့ ဦးကိုကို က ပြောပါတယ်။

“ပြည်တွင်းဂျာနယ်တွေနဲ့ မြန်မာနိုင်ငံ ရန်ကုန်မှာအခြေစိုက်တဲ့ နိုင်ငံခြားသတင်းထောက်တွေ အားလုံးကို ၂၂ ရက်နေ့မှာပြုလုပ်မယ့် လွှတ်တော်အစည်းအဝေးဖွင့်ပွဲမှာ သတင်းယူခွင့်ပြုမယ်လို့လည်း တရားဝင် ပြောသွားပါတယ်။”

နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ကိုလည်း မြန်မာပြည်ကို လာရောက်ခွင့်ပြုမှာ ဖြစ်ကြောင်းနဲ့ ဧရာဝတီမြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကိုလည်း လေ့လာမှုပြုနေကြောင်း စတာတွေကို ဖြေကြားခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပက သတင်းစာဆရာ ၅၀ လောက်တက်ရောက်ခဲ့ပြီး ဒီသတင်းစာရှင်းလင်းပွဲဟာ အရင် အစိုးရလက်ထက်ကထက်စာရင် ပိုပြီး ပွင့်လင်းလွတ်လပ်လာတယ်လို့ သုံးသပ်ကြပါတယ်။ နောက်ပိုင်းမှာလည်း အလားတူ သတင်းစာရှင်းလင်းပွဲတွေကို ဆက်လက် လုပ်ဆောင်မယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ကတိပေးပြောဆိုကြောင်း သတင်းထောက်တွေက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ အစိုးရသစ်ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို မနက် ၁၀ နာရီလောက်က စတင်ခဲ့တာဖြစ်ပြီး နေ့ခင်း ၁ နာရီလောက်မှာ ပြီးဆုံးခဲ့ပါတယ်။

XS
SM
MD
LG