သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မီဒီယာလွတ်လပ်ခွင့် RSF စိုးရိမ်


သတင်းလွတ်လပ်ခွင့်အတွက် တောင်းဆို ဆန္ဒပြခဲ့ကြသည့် သတင်းမီဒီယာသမားများ။ ရန်ကုန်၊ သြဂုတ် ၄၊ ၂၀၁၂
သတင်းလွတ်လပ်ခွင့်အတွက် တောင်းဆို ဆန္ဒပြခဲ့ကြသည့် သတင်းမီဒီယာသမားများ။ ရန်ကုန်၊ သြဂုတ် ၄၊ ၂၀၁၂
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဆင်ဆာအဖွဲ့က ထုတ်ဝေခွင့်ပိတ်ပင်ထားတဲ့ သတင်းစာစောင်နှစ်ခုကို အခုတော့ ထုတ်ဝေခွင့် ပြန်ခွင့်ပြုလိုက်ပါပြီ။ အပိတ်ခံထားရတဲ့ သက်ဆိုင်ရာ ဂျာနယ်တွေရဲ့ အယ်ဒီတာတွေကို ကိုးကားပြီး ပြည်တွင်းက လာတဲ့ ရိုက်တာသတင်းတပုဒ်မှာ အဲဒီလိုဖော်ပြထားတာဖြစ်ပါတယ်။ ဒီလို ပြန်ရုပ်သိမ်းလိုက်တဲ့ တနေ့ထဲမှာပဲ မြန်မာနိုင်ငံ သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေကလည်း သူတို့ရဲ့ စိုးရိမ်ချက်တွေကို ထုတ်ပြန် ကြေညာ ခဲ့ကြတာပါ။ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး မြန်မာအစိုးရ လုပ်ဆောင်နေတာတွေရဲ့ လားရာဟာ စိုးရိမ်ဖွယ်ဖြစ်နေ တယ်လို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ပြည်တွင်းမှာထုတ်ဝေတဲ့ ဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း မြန်မာ့သတင်းမီဒီယာလောကမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေခဲ့တာပါ။ အခုအခါမှာတော့ The Voice Weekly နဲ့ The Envoy ဂျာနယ်တွေ သြဂုတ်လ ၁၈ ရက်နေ့ကစပြီး ပြန်ထုတ်ဝေဖို့ ဆင်ဆာအဖွဲ့က သူတို့ကို အကြောင်းကြားခဲ့တယ်လို့ သက်ဆိုင်ရာအယ်ဒီတာတွေက ပြောကြောင်း ပြည်တွင်းကလာတဲ့ ရိုက်တာသတင်းမှာရေးထားပါတယ်။
ပြည်တွင်းမီဒီယာသမား ၁၀၀ နီးပါး ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပြီးတဲ့နောက် ဂျာနယ်တွေ ထုတ်ေ၀ ခွင့် ပိတ်ပင်ထားတာကို ပြန်ရုပ်သိမ်းပေးလိုက်တယ်ဆိုပေမဲ့ မီဒီယာအပေါ် ခြိမ်းခြောက်မှုတွေက ရှိနေတုန်းပါပဲလို့ နိုင်ငံတကာ သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ စောင့်ကြည့်လေ့လာတဲ့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာအကြီးအကဲ ဘန်ဂျမင် အစ္စမေးလ် (Benjamin Ismail) က ဗွီအိုအေကို ပြောပါတယ်။
“အစိုးရက ဖြေရှင်းဆောင်ရွက်မပေးသေးတဲ့ ခြိမ်းခြောက်မှုနဲ့စိန်ခေါ်မှု အတော်များများကို ကျနော်တို့ တွေ့ထားပါတယ်။ သတင်းမီဒီယာလွပ်လပ်ခွင့်ဆိုင်ရာ လုပ်ဆောင်မှုအခြေအနေက ရှေ့တိုးသွားနေရာကနေ အဆင့်တဆင့်မှာ ရပ်သွားပြီးတဲ့နောက် နောက်ပြန်လှည့်သွားတဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အဲဒါဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ ကို ကျနော်တို့ လေ့လာ တွေ့ရှိနေရတာဖြစ်ပါတယ်။”
လွန်ခဲ့တဲ့နှစ်နှစ်ကထက်စာရင် သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေက ပိုပြီး တိုးတက်လာတယ်ဆိုတာကိုတော့ RSF အဖွဲ့က အသိအမှတ်ပြုပါတယ်။ အကျဉ်းချခံခဲ့ရတဲ့ သတင်းမီဒီယာသမားတွေ ပြန်လွတ်လာတာ၊ ဖျော်ဖြေရေးနဲ့ နိုင်ငံရေးမပါတဲ့ စာစောင်တွေကို စပြီးတော့ လွတ်လပ်ခွင့်ပေးခဲ့ပြီး နိုင်ငံရေးဆိုင်ရာ သတင်းတွေ ဖော်ပြခွင့်ရလာတာ၊ နိုင်ငံရေးပါတီတွေရဲ့ စာစောင်တွေ ထုတ်ဝေခွင့်ရလာတာ စသည်အားဖြင့် ဒီနှစ်ဆန်းပိုင်းကစပြီး တိုးတက် ပြောင်းလဲတာတွေ ရှိခဲ့တာပါ။
ဒါပေမဲ့လည်း အစိုးရဌာနတွေရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ရေးသား ဖော်ပြကြတဲ့ စာစောင်တွေနဲ့ သတင်းထောက်တွေကို သက်ဆိုင်ရာဌာနတွေက တရားစွဲဆိုတာတွေ၊ ရခိုင်ပြည်နယ်ဘက်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းအခြေအနေတွေကို သတင်း ရေးသား ဖော်ပြတာမှာ ကန့်သတ်တာတွေကနေ အခုနောက်ဆုံး ဂျာနယ်နှစ်စောင် ထုတ်ဝေခွင့် ပိတ်ပင်ခံခဲ့ရတာတွေကိုတော့ နောက်ပြန်ဆွဲတဲ့လုပ်ရပ်တွေအဖြစ် RSF က မြင်တာပါ။ “တကယ့်ပကတိအခြေအနေက လွန်ခဲ့တဲ့ နှစ်နှစ်ကထက်စာရင် ပိုကောင်းပါတယ်။ ကျနော်တို့ကြည့်နေတာက အနာဂါတ် လားရာလမ်းကြောင်းကိုပါ။ လမ်းကြောင်းမှန်ပေါ်မှာ ဆက်လျှောက်ဖို့၊ ပိုကောင်းတဲ့ သတင်းမီဒီယာပတ်ဝန်းကျင် အခြေအနေဆီ ဦးတည် လုပ်ဆောင်ဖို့၊ သတင်းအချက်အလက် ဆိုင်ရာ လွတ်လပ်ခွင့်ပိုပေးဖို့ ကျနော်တို့က မြန်မာအစိုးရကို တောင်းဆိုနေတာပါ။ ဒါပေမဲ့ အခုတော့ လားရာက ပြောင်းနေပြီး အဲဒါကိုပဲ ကျနော်တို့ စိုးရိမ်နေတာဖြစ်ပါတယ်။”
ဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့်ပိတ်ပင်ခဲ့ပြီးတဲ့နောက် ပြည်တွင်းသတင်းမီဒီယာသမားတွေ စုပေါင်းပြီး သတင်းလွတ်လပ်ခွင့်ဆိုင်ရာကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒီကော်မတီ ကနေ အချက်ခုနစ်ချက်ပါ ကြေညာချက်တစောင်ကို ထုတ်ပြန် အရေးဆိုခဲ့သလို သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခွင့်ကိုလည်း တောင်းဆိုထားပါတယ်။ ဒါ့အပြင် လက်ရှိ ပြဌာန်းဖို့ပြင်ဆင်နေတဲ့ မီဒီယာအက်ဥပဒေမူကြမ်း ရေးဆွဲတဲ့လုပ်ငန်းစဉ်မှာ သတင်းမီဒီယာသမားတွေဆီကနေ စနစ်တကျ အကြံယူညှိနှိုင်းတာတွေ မလုပ်ဘူးဆိုရင် ဘယ်လိုမီဒီယာအက်ဥပဒေမျိုးကိုမှ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း အဲဒီကော်မတီက သတိပေးထားပါတယ်။
မြန်မာတာဝန်ရှိသူတွေကတော့ မီဒီယာဆိုင်ရာအက်ဥပဒေ ထွက်ပြီးပြီဆိုတာနဲ့ ဆင်ဆာအဖွဲ့ကို ဖျက်သိမ်းမှာပါလို့ ပြောနေတုန်းပါပဲ။
ဒါပေမဲ့လည်း ကန့်သတ်ချက်တချို့ ဆက်ရှိနေပြီး အကြံပြုတင်ပြထားတဲ့ ဥပဒေမှာ ပါဝင်သင့်တဲ့အချက်တွေကို လျစ်လျူရှုပစ်မှာကိုတော့ သတင်းမီဒီယာသမားတွေက စိုးရိမ်နေကြဆဲဖြစ်ပါတယ်။
XS
SM
MD
LG