သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက် မမှန်ကန်ဟု ဦးဝင်းတင်ဝေဖန်


လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက် မမှန်ကန်ဟု ဦးဝင်းတင်ဝေဖန်
လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက် မမှန်ကန်ဟု ဦးဝင်းတင်ဝေဖန်

အင်းစိန်အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ ထောင်အာဏာပိုင်တွေ လိမ်ညာတာကို ခံခဲ့ရတာလို့ နိုင်ငံရေး နှစ်ရှည်အကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ အင်းစိန်ထောင်နဲ့အတူ လှေလှော်အင်း ရဲဘက်စခန်းတွေကို သွားလေ့လာအပြီး ထုတ်ပြန်လိုက်တဲ့ စာနဲ့ပတ်သက်လို့ ဦးဝင်းတင်က အခုလို တုံ့ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်စုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဒီဇင်ဘာလ ၃၀ ရက် နေ့စွဲနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အင်းစိန်ထောင်နဲ့ လှေလှော်အင်း ရဲဘက်စခန်းတွေအကြောင်း သတင်းထုတ်ပြန်တာကို အစိုးရသတင်းစာတွေမှာရော မြန်မာ့ရုပ်မြင်သံကြား တွေမှာပါ ပြသခဲ့တာပါ။

အချက် ၈ ချက်နဲ့ ဖော်ပြထားတဲ့ ဒီထုတ်ပြန်ချက်ထဲမှာ အင်းစိန်ထောင်ထဲနဲ့ လှေလှော်အင်း ရဲဘက်စခန်းတွေက အကျဉ်းသားတွေကို အကျဉ်းထောင်လက်စွဲနဲ့အညီ အကျဉ်းသားတွေကို ပြုစုစောင့်ရှောက်သလို ကုလမဂ္ဂရဲ့ အနိမ့်ဆုံးစံနှုန်းတွေနဲ့ အခြေခံထား လုပ်ပေးနေတယ်လို့ ထောင်အာဏာပိုင်တွေက လူ့အခွင့်အရေးကော်မရှင်အဖွဲ့ကို ရှင်းပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အင်းစိန်ထောင်မှာ အနှစ် ၂၀ နီးပါး အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ ထောင်အာဏာပိုင်တွေဟာ ထောင်ကိုလာကြတဲ့ ဘယ်အဖွဲ့အစည်းနဲ့ ဘယ်ဧည့်သည်ကိုမဆို အမှန်အတိုင်း ရှင်းလင်းပြတာ မရှိတာမို့ အခု လူ့အခွင့်အရေး အဖွဲ့ဟာလည်း ထောင်အာဏာပိုင်တွေရဲ့ လိမ်ညာမှုကို ခံလိုက်ရတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ထောင်အာဏာပိုင်တွေ ဆိုတာက အဲဒီလို အထက်ကလူတွေ လာတယ်။ ပြင်ပကလူတွေ လာတဲ့အခါမှာ ဘယ်တော့မှ အမှန်မပြောဘူးခင်ဗျ။ လိမ်လွှတ်မယ်၊ တမျိုး ပြောင်းပြောမယ်။ ဒါပဲဗျ။ အဲဒီတော့ ဒီလူ့အခွင့်အရေး ကော်မရှင်ဟာ ထောင်အာဏာပိုင်တွေရဲ့ နောက်ဆုံး အလိမ်ခံရတဲ့ လူတွေအနေနဲ့ပဲ ဖြစ်တယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။”

ဒါ့အပြင် အကျဉ်းထောင်နဲ့ ရဲဘက်စခန်းတွေတွင်း ကျန်းမာရေး စောင့်ရှောက်မှု၊ အနားယူမှု၊ အစားအစာနဲ့ ဘာသာစကားလို သင်တန်းတွေအပြင် ကွန်ပျူတာသင်တန်း၊ ကျောင်းပညာရေး၊ ဘာသာရေး ကိစ္စတွေကအစ လုပ်ပေးနေတာတွေကို သူတို့ တွေ့ခဲ့ရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ရေးထားပါတယ်။ ဦးဝင်းတင်ကတော့ သူရဲ့ နှစ်ရှည်ထောင်တွင်း အတွေ့အကြုံတွေအရရော လက်ရှိနိုင်ငံရေး အကျဉ်းသားတွေ အတွက်ရော အနုတ်လက္ခဏာ ပြတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပထမဦးဆုံး လိုအပ်ချက်က လူတွေရဲ့ စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ စိတ်ကျန်းမာရေး၊ လူကျန်းမာရေး။ အဲဒါတွေက လိုတာဗျ။ အဲဒါတွေအတွက် ဘာတစ်ခုမှ ပြည့်စုံအောင် လုပ်ပေးတာမရှိဘူး။ ကျနော် ရှိတဲ့အချိန်ရော၊ အခုချိန်ရော ဘာမှထူးမှာမဟုတ်ဘူး။ ဥပမာဗျာ ကျနော့်အတွေ့အကြုံ ပြောရရင် ကျနော် အူအတက်ပေါက်လို့ အူခေါက်ပြီးတော့ အမျိုးမျိုး ဒုက္ခတွေနဲ့ မခံစားနိုင်လောက်အောင်ကို ဒုက္ခသုက္ခ ရောက်နေတယ်။ အဲဒီလိုဖြစ်တဲ့ အနေအထားမျိုးမှာတောင်မှ ခွဲစိပ်မပေးဘူး။ အဲဒါ ဘယ်လောက်ကြာလဲ ဆိုတော့ ၅ နှစ်ကြာတယ်ဗျ။ အဲဒီလိုဟာမျိုး အလားတူပဲ ဆိုပါတော့ဗျာ ကျနော့်ကို ထောက်လှမ်းရေးက ရိုက်တာနှက်တာနဲ့ ကျနော် သွားတွေ ပြုတ်ကုန်တယ်ဗျာ။ ကျနော် သွားတွေ မရှိဘူး။ အထက်သွားတွေ တစ်ချောင်းမှမရှိဘူး။ အဲဒါကို ကျနော့်ကို သွားစိုက်မပေးဘူးဗျ။ သွားစိုက်ပေးဖို့လည်း မကြိုးစားဘူး။ ကျန်းမာရေး စောင့်ရှောက်တယ်ဆိုတာ ဘယ်တော့မှ မလုံလောက်ဘူး။ ဘယ်တော့မှ မပြည့်စုံဘူး။”

စစ်ခွေးတိုက်နဲ့ ပတ်သက်လို့ ရေးသားထားတာလည်း တွေ့ရပါတယ်။ မကြာသေးခင်ကာလတွေက အစာငတ်ခံ ဆန္ဒပြသူတွေကို စစ်ခွေးတိုက်တွေမှာ ထားတယ်လို့ တိုင်တာရှိပေမဲ့ သူတို့အဖွဲ့ ထောင်ထဲမှာတွေ့ပြီး မေးမြန်းခဲ့တော့ ဒါဟာ သတင်းမှား ဖြစ်တယ်လို့လည်း ရှင်းလင်းထားပါတယ်။ ဒီစစ်ခွေးတိုက်နဲ့ပတ်သက်လို့ ဦးဝင်းတင်က သူ့အတွေ့အကြုံကို ရှင်းပြရာမှာတော့ -

“သမံတလင်းပေါ်မှာ အိပ်ရတယ်။ ဖျာတောင်မပေးဘူး။ စစ်ခွေးတိုက်တွေမှာ ကျနော်တို့ အိမ်သာဆိုတဲ့ ဟာတွေက ကျနော်တို့မှာ သေးအိုးရော ချေးအိုးရောက အငွေ့တွေ ပြန်ထွက်ပြီးတော့ နေတဲ့ဟာ။ ကျနော် ကြုံခဲ့တယ်။ ဒီ ခွေးတိုက်ဆိုတဲ့ဟာက တမင်ကို ငြင်းပမ်းဖို့ကို ပြစ်ဒဏ်မှာ အမြင့်ဆုံးထားတဲ့တိုက်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ခွေးတိုက်မှာ အကြာကြီး နေခဲ့ဖူးတဲ့သူအနေနဲ့ သက်သေခံနိုင်ပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်ရှင်ရဲ့ ထုတ်ပြန်စာထဲမှာ အင်းစိန်ထောင်တွင်းမှာ ရှိနေတဲ့နေရာထက် လက်ရှိ အကျဉ်းသား ဦးရေကများနေတာ တွေ့ရတယ်လို့ ရေးသားထားသလို ဘာသာရေးဆိုင်ရာ သင်တန်းတွေနဲ့ စခန်းတွေကို ပိုဖွင့်ပေးဖို့အပြင် လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလာဖို့ကိုလည်း မျှော်လင့်ကြောင်း ရေးထားတာတွေ့ရပါတယ်။

“ကျနော် ထောင်ထဲမှာ အနှစ် ၂၀ နေခဲ့တဲ့သူ။ နောက်ပြီးတော့ ထောင်ထဲမှာ နေရာစခန်းပေါင်းများစွာ၊ ဆေးရုံပေါင်းများစွာကို ကျနော် နေခဲ့ဖူးတဲ့သူ တစ်ယောက်အနေနဲ့ သူတို့ပြောတာတွေ တစ်ခုမှ မယုံဘူး။ ကျနော် မယုံဘူး ဆိုခြင်းဟာ ကျနော့်ကို သက်သေခံမယ့် ကျနော့်လိုပဲ မယုံဘူးဆိုတဲ့သူတွေ အများကြီး ရှိလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်။ ကျနော် ခုမှပြောတာ မဟုတ်ပါဘူး။ ကော်မရှင်ဟာ အမြဲတမ်း အစိုးရနဲ့ အပြန်အလှန်လုပ်ပြီးတော့ လုပ်နေတဲ့သူတွေလို့ပဲ ကျနော် သဘောထားတယ်။ အစိုးရနဲ့ သံတူကြောင်းကွဲတွေ ပြောနေတာပဲ။”

နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်၊ ထောင်တွင်း အတွေ့အကြုံတွေကို “နင်လားဟဲ့ လူ့ငရဲ” ဆိုတဲ့ စာအုပ်တစ်အုပ်ကိုလည်း ရေးသားခဲ့တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင်အရေးကော်မရှင် ဥက္ကဋ္ဌနဲ့အဖွဲ့ဝင် ၇ ဦးတို့ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်းစိန်ထောင်နဲ့ ၂၈ ရက်နေ့မှာ လှေလှော်အင်း ရဲဘက်စခန်းတွေကို သွားပြီး လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာခဲ့တာနဲ့အတူ အစောပိုင်းမှာလည်းး မြစ်ကြီးနားထောင်တွေကို သူတို့အဖွဲ့ လေ့လာတာတွေ လုပ်ခဲ့ပြီးတဲ့နောက် အခုလို အကျဉ်းထောင်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG