သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်လူငယ်တွေရဲ့ သင့်မြတ်ရေးဂီတ


punk ကြိုက် မြန်မာလူငယ်တချို့။
punk ကြိုက် မြန်မာလူငယ်တချို့။
မြန်မာနိုင်ငံမှာ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်နေ ချိန်မှာပဲ မြန်မာနိုင်ငံက လူငယ် ခေတ်ပေါ် ဂီတသမား တချို့ကတော့ သူတို့အမြင်တွေကို ပုံစံတမျိုးနဲ့ တင်ပြဖို့ ကြိုးပမ်းနေကြပါတယ်။ ဘာသာရေး လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံပြီး ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အပေါ် သူတို့ရဲ့ အမြင်တွေကို ဂီတနဲ့ အမှာစကား ပါးနိုင်ဖို့ ရည်ရွယ်တာလို့လည်း ပြောပါတယ်။ လမ်းသရဲဆန်ဆန် မြင်ရတဲ့ လူငယ် ဂီတပညာရှင်တွေရဲ့ ငြိမ်းချမ်းရေး အမြင်တွေကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဆံပင်တွေကို အရောင်အမျိုးမျိုးဆိုး၊ သားရေဂျာကင်အင်္ကျီတွေ ဝတ်၊ ဆေးမင်ကြောင်တွေ ထိုးထားကြတဲ့ လူငယ် ဂီတပညာရှင် တွေကတော့ ဝတ်ပုံစားပုံ သာမကပါပဲ သူတို့အဖွဲ့ကိုလည်း ဆူဆူပူပူ ပုန်ကန်သူတွေအဖြစ် Rebel Riot လို့ အမည်ပေးထားပါတယ်။ သူတို့အဖွဲ့ အနေနဲ့ကတော့ မကြာသေးခင်တုန်းက လူပေါင်း ရာဂဏန်းနဲ့ချီ သေဆုံးပြီး၊ သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အဆီအငေါ် မတည့်ဘူးလို့ မြင်တာတွေကို ဂီတကနေ ပုံဖော်ဖို့ ကြိုးစား နေကြတာပါ။ Rebel Riot အဖွဲ့က ကိုကျော်ကျော်ကတော့ ယုံကြည်မှုမှာ အစွန်းရောက်တာ မျိုးကတော့ ဘယ် ဘက်ကမှ မကောင်းဘူးလို့လည်း မြင်ပါတယ်။

“လက်ရှိ ဘာသာရေးစည်းမျဉ်းများ လို သီချင်းနဲ့၊ ၉၆၉ သီချင်းမျိုးတွေပေါ့။ အဲဒီလို သီချင်းတွေကတော့ လူတွေကို ဘာကိုသိစေချင်လဲဆိုတော့ လူတိုင်းက ကိုယ်ယုံကြည်ရာ ကိုယ် ကိုးကွယ်လို့ရတယ်။ ဒါပေမဲ့ ကိုယ် ကိုးကွယ်တဲ့ဘာသာ တခုနဲ့ တယောက်နဲ့တယောက် အမှန်နဲ့အမှား လွန်ဆွဲပြီးတော့ သတ်နေဖြတ်နေ တာ ကျတော့ ဒါကို ကျနော်တို့က ရိုင်းရိုင်း ခွေးတွေ ကိုက်နေတာ ဆိုတဲ့ စကားလုံးမျိုး ကျနော်တို့က သုံးထားတာပါ။ အခု ၉၆၉ ဆိုရင်လည်း လက်ရှိ ဗုဒ္ဓဘာသာလို့သာ ပြောတာ။ ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်ဘက်ဟာတွေ အများကြီးပဲ။ အဲဒါကြောင့် ဒါတွေလွဲနေတယ်ဆိုတာကို လွဲနေကြောင်း ကျနော်တို့က ထောက်ပြတာ။”

ရဲအရာရှိတဦးရဲ့သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် Rebel Riot အဖွဲ့က ကိုကျော်ကျော် ကတော့ ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ တိုင်းပြည်မှာ သူတို့ရဲ့ ဖန်တီးမှုတွေကြောင့် အစွန်းရောက်တဲ့ သဘောထားရှိသူတွေရဲ့ လက်တုံ့ ပြန်မှုတွေနဲ့ အာဏာပိုင်တွေရဲ့ ငြိုငြင်မှုတွေ ကြုံရနိုင်တဲ့ အန္တရာယ်မျိုး ရှိတာကို နားလည်တယ်လို့လည်း ပြောပါတယ်။


“လူအုပ်စုတစုရဲ့ ချောင်းမြောင်း ရိုက်၊ ဘယ်လိုခေါ်မလဲ လုပ်ကြံမှု လည်းဖြစ်နိုင်တယ်။ ဒါတွေကို ကျနော်တို့ကတော့ ဂရုမစိုက်ဘူး။ ကြိုတွေးပြီးသားပါ ဒါတွေကတော့။ ဒါပေမဲ့ ဒါကြီးကို ကြောက်ရွံ့ပြီးတော့ မနေဘဲ၊ ကိုယ်လျှောက်ရမယ့်လမ်းကို ဆက်လျှောက်ရမှာပေါ့။ သူတို့ကြိုက်သလိုပဲ ဒါကတော့ သူတို့အလုပ်လေ။ ကျနော်တို့က ကျနော်တို့အလုပ် ကျနော်တို့လုပ်မယ်။ သူတို့လည်း သူတို့လုပ်သင့်တဲ့ဟာ သူတို့လုပ်တယ်။ ဒါပဲပေါ့။”

မကြာသေးခင်တုန်းကပဲ မြန်မာနိုင်ငံမှာ သံဃာတော်တချို့က ဦးဆောင်ပြီး ဘာသာခြားနဲ့ လက်ထပ် ထိမ်းမြားမှုတွေမှာ ကန့်သတ်ချက်တွေ ပိုမိုထည့်သွင်းတဲ့ ဥပဒေတရပ် ပြဋ္ဌာန်းရေး လွှတ်တော်ကို တိုက်တွန်းခဲ့ကြတာပါ။ တချိန်တည်းမှာပဲ သွေးထွက်သံယို ပဋိပက္ခတွေ နောက်ပိုင်း မြန်မာနိုင်ငံတွင်း ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေလို လှုပ်ရှားမှုတွေနဲ့ ဘာသာရေး အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ တက်ကြွသူတွေက လူမှုအသိုင်းအဝိုင်းကြား သင့်မြတ်အောင် ကြိုးပမ်းတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် နေခဲ့ကြ ရတဲ့ မြန်မာနိုင်ငံသားတွေကြား ဒီလိုပြဿနာ မျိုးတွေမှာ ပွင့်ပွင့်လင်းလင်း ပြောတာဆိုတာ အဖြေရှာတာမျိုးကတော့ အားနည်းနေတုန်းပဲလို့ ရန်ကုန်မြို့က ကိုရန်မျိုးသိန်း တို့လို နိုင်ငံရေး အကဲခတ်တွေက မြင်ကြပါတယ်။

“ကျနော့်အမြင်ပြောရရင်တော့ ဒီ ဘာသာရေးပဋိပက္ခပဲဖြစ်ဖြစ်၊ ကျန်တဲ့လူမျိုးရေး ပဋိပက္ခပဲဖြစ်ဖြစ်၊ မြန်မာပြည်ထဲမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို မြန်မာလူမျိုးတွေ အနေနဲ့ ပြောရဲဆိုရဲမှု အားနည်းတယ်ဆိုရင် နောက်ပိုင်းမှာက ဒီပြဿနာ မျိုးတွေက ဖြေရှင်းရတဲ့ နေရာမှာ အခက်အခဲတွေ ပိုပြီးရှိလာနိုင်တယ်။ အဲဒီအခါကျတော့ ကျနော့်အမြင်ကတော့ ဒီလို silent majority ကို လျှော့ချနိုင်မှသာလျှင် ဒီပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အထောက်အကူဖြစ်မယ်လို့ ထင်တယ်။”

ခေတ်ပေါ် ဂီတအဖွဲ့တခုဖြစ်တဲ့ No U Turn ကတော့ ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ်က စလိုက်တဲ့ ပဋိပက္ခတွေဟာ မြန်မာနိုင်ငံတွင်း တခြားနေရာ အတော်များများကိုပါ ကူးစက်ခဲ့ပြီးနောက် လူတွေကြားက စစ်ပွဲလို့ အမည်ပေးထားတဲ့ သီချင်းကို ဖန်တီးခဲ့တာပါ။ No U Turn အဖွဲ့က ပင်တိုင်ဂီတပညာရှင် ကိုရဲငွေစိုး ကတော့ မြန်မာနိုင်ငံအတွက်တင်မက ကမ္ဘာတဝှမ်းက ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ ပဋိပက္ခတွေရဲ့ အဓိပ္ပါယ်ကင်းမဲ့မှုကို သိစေချင်တယ်လို့ ဆိုပါတယ်။

“ဘာကြောင့် မပြောကြသေးတာလဲဆိုတော့ အရင်ကလည်း ပြောလေ့ပြောထ မရှိဘူးလေ။ ပြောရင်လည်း သူတို့ ကြောက်ကြတယ်ဆိုတော့။ ဒါပေမဲ့ ခုနောက်ပိုင်းတော့ ပိုပြီးတော့ ပြောဖြစ်လာမယ်လို့ ထင်တယ်ဗျ။ အခုလည်း တော်တော်လေးတော့ တချို့လူတွေလည်း ပြောနေကြပါပြီ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ပြောလာနေကြပြီ။ ပြီးတော့ ဒီသီချင်းကို ကျနော် ရေးတယ်ဆိုတာကလည်း ကျနော်တို့နိုင်ငံ တခုတည်းအတွက်တင် မဟုတ်ဘူး။”

သွေးထွက်သံယို ပြဿနာတွေကြောင့် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မယ်လို့ ကတိပေးထားတဲ့ အစိုးရ အတွက်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မျက်နှာပျက်စရာ ဖြစ်နေရတာပါ။ သမ္မတ ဦးသိန်းစိန် ကတော့ မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ နိုင်ငံရေးကို စည်းခြားထားဖို့ လိုအပ်တဲ့အကြောင်း ဒီလဆန်းရေဒီယို မိန့်ခွန်း အတွင်းမှာ ပြောခဲ့တာပါ။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွှေတိဂုံ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းကို ကိုးကားပြီးတော့ ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်မှုဟာ နိုင်ငံသား အခွင့်အရေးတွေထဲက တခုဖြစ်သလို၊ လူအများ ထိခိုက်နစ်နာစေမယ့် ဟောပြောမှုတွေကို ဟန့်တားဖို့ လိုတယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG