သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဒဏ်သင့်သူတွေ အရေးပေါ် အကူအညီ လိုအပ်နေ


ငလျင်ဒဏ်ကြောင့် အဆောက်အဦးများ ပြိုကျ ပျက်စီးနေစဉ်။ မတ် ၂၅၊ ၂၀၁၁။
ငလျင်ဒဏ်ကြောင့် အဆောက်အဦးများ ပြိုကျ ပျက်စီးနေစဉ်။ မတ် ၂၅၊ ၂၀၁၁။

ရှမ်းပြည်နယ် တာချီလိတ်ခရိုင် အတွင်းက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က လှုပ်ခတ်သွားတဲ့ အင်အားပြင်း ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ဒုက္ခရောက်နေကြရတဲ့ ဒေသခံ လူထုဟာ အမှန်တကယ် လိုအပ်နေတဲ့ ထောက်ပံ့မှုတွေ မရကြသေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ငလျင် ဖြစ်ပြီးပြီးချင်း အစောဆုံး သွားရောက်ထောက်ပံ့ ကူညီမှုတွေ ပြုလုပ်နေကြတဲ့ ပုဂ္ဂလိက အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေကိုလည်း အာဏာပိုင်တွေက တဆင့် ပေးဝေနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငလျင်ဒဏ်ခံရတဲ့ တာလေနဲ့ မိုင်းလင်း မြို့နယ်တွေက ဒေသခံတွေရဲ့ အဓိက လိုအပ်ချက်တွေနဲ့ လက်ရှိ ကူညီကယ်ဆယ်ရေး အခြေအနေတွေကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ် ခံခဲ့ရသူတွေဟာ အခုအခါ ရာသီဥတု အေးတဲ့ဒဏ်ကို ခံစားနေရပေမဲ့ လိုအပ်တဲ့ အကူအညီတွေ မရနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါ့အပြင် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးအတွက် ပျက်စီးသွားတဲ့ လမ်းတွေကို ပြုပြင်ဖို့နဲ့ အဆောက်အဦ အပျက်အစီးတွေကို ကူညီဖယ်ရှားပေးဖို့လည်း အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခက်အခဲတွေကတော့ တယောက်လာလည်း ခေါက်ဆွဲခြောက်နဲ့ သောက်ရေသန့်ဘူး၊ တယောက်လာလည်း ခေါက်ဆွဲခြောက်၊ တကယ်လိုအပ်နေတာက သူတို့ရဲ့မြို့ကို ရှင်းလင်းပေးမယ့်၊ ကူညီပေးမယ့် အဖွဲ့အစည်း၊ လိုအပ်တဲ့ ပြန်လည်တည်ဆောက်ရေး၊ အဲဒီအတွက် အကူအညီ အဲဒါမျိုးတွေ လိုအပ်တာပေါ့။”

ငလျင်ဖြစ်ပွားပြီးစမှာတော့ တာလေနဲ့ မိုင်းလင်းမြို့နယ်တွေရဲ့ အနီးအနား ဒေသတွေက စေတနာ့ဝန်ထမ်း တနိုင်တပိုင် အထောက်အပံ့တွေ ပေးခဲ့ကြပါတယ်။ အခုအခါ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် အကူအညီပေးရေး အဖွဲ့တချို့ ဒေသတွင်းမှာ ထောက်ပံ့ဖို့ ရောက်ရှိနေပြီလို့လည်း သတင်းတွေ ထုတ်ပြန်ထားပါတယ်။ လတ်တလောမှာတော့ ပုဂ္ဂလိက အလှူရှင်တွေဆီက လှူဒါန်းမှုတွေကို အာဏာပိုင်တွေကို ပေးအပ်နေကြရပြီးတော့ အာဏာပိုင်တွေက တဆင့် ငလျင်ဒဏ် ခံရသူတွေကို ခွဲဝေပေးမှာ ဖြစ်တယ်လို့လည်း တာချီလိတ် ဒေသခံတဦးက ပြောပါတယ်။

“လိုအပ်တာက စောင်တို့၊ ရိက္ခာတို့ လိုအပ်တယ်။ ရိက္ခာကတော့ အဓိက ဒီလောက်မကျဘူးလို့ ကျနော် ယူဆတယ်။ စောင်နဲ့ မိုးကာတဲတွေ၊ မိုးကာအလိပ်တွေ အများကြီး လိုအပ်တယ်။ ပေးတဲ့မိုးကာက ၁၀ ပေလောက်ပဲ ပေးနိုင်တာကိုး။ မိသားစုတစုကို ၁၀ ပေတဲ တတဲလောက်ပဲ သူတို့ ထိုးထားတယ်။ သို့သော်လည်း ဘေးက ကာဖို့ပြုဖို့ မရှိဘူးလေ။ မိုးရွာတယ်ဆိုရင် အခက်အခဲ ရှိတယ်လေ။

“ဖျာလိပ်လိုမယ်၊ မိုးကာလိုမယ်၊ စောင်လိုမယ်။ ဒီဒေသတွေက အလွန်အေးတဲ့ ဒေသတွေဆိုတော့ စောင်က အဓိကပေါ့။ မိုးကာပေးနေတယ်ဆိုတာ နယ်မြေခံ တာချီလိတ်နယ်မြေက အလှူရှင်တွေက ပေးနေတာပေါ့။ သူများတွေလည်း ဟိုမှာ ထိန်းသိမ်းပြီးတော့၊ တရက်စာမှမဟုတ်ဘဲ၊ ထိန်းသိမ်းပြီးတော့ ပေးသင့်တာပေး၊ ထိန်းသင့်တာ ထိန်းပြီးတော့ လုပ်ကြပါတယ်။”

ငလျင်ဖြစ်ပွားရာကို တိုင်းမှူး လာရောက် ကြည့်ရှုသွားပေမဲ့ တကယ့်တကယ်တမ်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ထောက်ပံ့မှုတွေ ထိထိရောက်ရောက် လုပ်မပေးသေးဘူးလို့လည်း ဒေသခံတဦးက အခုလို ပြောပါတယ်။

“ဘယ်သူက သိမှာတုန်း၊ ဘယ်လိုလုပ် သိမှာတုန်း၊ ဘယ်သူက ဦးဆောင်ပြီး လုပ်မှာတုန်း၊ တိုင်းမှူးလာကြည့်တာလည်း ကြည့်တာပဲ ရှိတာပဲ။ သူတို့အနေနဲ့ သူတို့ ဦးဆောင်ပြီး လုပ်ရမယ့်အလုပ်ကို သူတို့မှ မလုပ်တာ။ သူတို့က အဖွဲ့အစည်း ဖွဲ့ပေးရမှာ။ ပြီးတော့ တတ်နိုင်တဲ့သူနဲ့ အမြန်ဆုံး ကားလမ်းသွားလို့ရအောင် လုပ်ရမှာ။ ဒါ သူတို့တာဝန်လေ။ သူတို့တာဝန်တွေကို သူတို့က ဟိုလူလုပ်နိုးနိုး၊ ဒီလူလုပ်နိုးနိုးဆိုတဲ့ ပုံစံမျိုးနဲ့၊ ဆင့်ပါးစပ် နှမ်းပက်ဆိုတဲ့ ပုံစံမျိုးနဲ့ အစားအသောက်နဲ့ ဆေးဝါးလေး နည်းနည်းပါးပါးလောက်နဲ့ ဒီလောက်ပဲ လုပ်ပေးနေတာ။ ဟိုမှာပျက်တာက မြို့ကြီးတမြို့လုံး ကြေမွသွားသလို ပျက်တာ။”

ပြီးခဲ့တဲ့ သီတင်းပတ်က လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိတဲ့ ငလျင်ကြောင့် လူ ၇၄ ယောက် သေဆုံးပြီး ၁၁၁ ယောက် ထိခိုက်ဒဏ်ရာ ရတယ်လို့ မြန်မာစစ်အစိုးရက ဖော်ပြပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ အသေအပျောက် ၁၃၀ ကျော်မယ်လို့ ခန့်မှန်းကြပြီး စာရင်းမဖော်ပြနိုင်တဲ့ သေဆုံးသူတွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။

တာလေနဲ့ မိုင်းလင်းမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်အပြီး စနေနေ့တုန်းကလည်း မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲအချိန် ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ဘက် ၃၇၅ မိုင်အကွာ လာအိုနိုင်ငံကို ဗဟိုပြုပြီး အင်အား ၄.၈ မဂ္ဂနီကျုရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားတယ်လို့ အမေရိကန် ငလျင်တိုင်းတာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီငလျင်ရဲ့ သက်ရောက်မှုဟာ ရှမ်းပြည်နယ်က ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသအထိ ရိုက်ခတ်ခဲ့တယ်လို့ တာချီလိတ် ဒေသခံတဦးက ပြောပါတယ်။

“မနေ့ကတုန်းက နတ်မွေရွာမှာ လှုပ်တာ၊ ၁၂ နာရီမှာ၊ အယောက် ၂၀ လောက် သေသွားတယ်။ အဲဒီ နတ်မွေချောင်းတို့၊ နတ်မွေရွာတို့ ဆိုတာက မိုင်းလင်းနယ်ထဲမှာ၊ ဗဟိုဇုန်ကျတဲ့ နေရာပေါ့။ စဖြစ်ဖြစ်ချင်း ဗဟိုဇုန်ကျတဲ့နေရာ။”

ငလျင်ဘေးဒဏ်ကနေ ကူညီ ကယ်ဆယ်ရေးအတွက် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၅၀၀,၀၀၀၊ ထိုင်းအစိုးရက ထိုင်းဘတ် ၃,၀၀၀,၀၀၀ မြန်မာအစိုးရကို ပေးမယ်လို့ ပြောကြားထားပါပြီ။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား နိုင်ငံတို့ကလည်း မြန်မာစစ်အစိုးရ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြား ကမ်းလှမ်းထားပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း ငလျင်ဒဏ် သင့်သူတွေအတွက် ဝမ်းနည်းကြောင်း သောကြာနေ့ကပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ကြေညာချက် ထုတ်ပြန် ပြောကြားပါတယ်။

XS
SM
MD
LG