ပြီးခဲ့တဲ့အပတ်က နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ဒေသမှာ အင်အား ၆.၈ မဂ္ဂနီကျုရှိတဲ့ ငလျင်ဒဏ် ခံခဲ့ရတဲ့ အဖွဲ့ဝင် မြန်မာနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ကူညီဖို့ အဆင်သင့် ရှိပါတယ်လို့ ပြောဆိုလိုက်ပါတယ်။
မြန်မာအစိုးရ အနေနဲ့ ငလျင်လှုပ်အပြီး လိုအပ်တဲ့ အစားအစာ၊ ဆေးဝါး၊ စောင်၊ အဝတ်အထည်နဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို အလျှင်အမြန် ပေးပို့နိုင်ခဲ့ပါတယ်လို့ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က ပြောပါတယ်။
ဒါပေမဲ့လည်း အာဆီယံအဖွဲ့ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာ မြန်မာနိုင်ငံကို ကူညီဖို့ အသင့်ရှိပါတယ်လို့ ဆူရင်က ပြောပါတယ်။ တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အာဆီယံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးဉာဏ်လင်းနဲ့ တွေ့ဆုံရာမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ထိုင်းနယ်စပ်ဒေသမှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၇၄ ဦး သေဆုံးပြီး ၁၂၀ ဒဏ်ရာရခဲ့တယ်လို့ အာဆီယံအဖွဲ့က ပြောပါတယ်။
အဆိုးဆုံး ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသတွေကတော့ တာချီလိတ်မြို့နားက တာလေနဲ့ မိုင်းလင်း ဒေသတွေဖြစ်ပြီး ငလျင်ဒဏ်ကြောင့် လမ်းမကြီး ထက်ခြမ်းကွဲပြီး အဆောက်အဦးတွေ မြေပေါ်မှာ ပြားချပ်နေအောင် ပြိုကျတဲ့ သတင်းဓာတ်ပုံတွေ ထွက်ပေါ်ခဲ့ပါတယ်။
လက်ရှိ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အင်ဒိုနီးရှားနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာနိုင်ငံကို ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ပြီး အကူအညီတွေ ပေးဖို့လည်း ကမ်းလှမ်းကြပါတယ်။
ထိုင်းနိုင်ငံက ငွေကြေးအကူအညီ ထိုင်းဘတ်ငွေ ၃,၀၀၀,၀၀၀ ပေးအပ်မှာဖြစ်ပြီး တရုတ်နိုင်ငံကတော့ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အထောက်အကူအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ လှူဒါန်းမယ်လို့ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။