သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး အခြေအနေ စိုးရိမ်နေရဆဲ


မြန်မာ့လူ့အခွင့်အရေး အခြေအနေ စိုးရိမ်နေရဆဲ
မြန်မာ့လူ့အခွင့်အရေး အခြေအနေ စိုးရိမ်နေရဆဲ

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတာ မှန်ပေမဲ့လို့ လူ့အခွင့်အရေး ကိစ္စတွေဟာ စိုးရိမ်စရာ အနေအထားမှာ ရှိနေဆဲ ဖြစ်တယ်ဆိုပြီး မြန်မာနိုင်ငံကို ၆ ရက်ကြာ ခရီးစဉ် ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေး ကင်တားနားက ပြောဆိုလိုက်ပါတယ်။ ဒီ ခရီးစဉ် အတွင်းမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ အဖွဲ့ဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို တွေ့ဆုံခဲ့တဲ့အပြင် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ဘက်တွေ့ကိုပါ သွားရောက် စုံစမ်း စစ်ဆေးခဲ့တဲ့ မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားက ဘာတွေ ပြောဆိုသွားခဲ့ပါသလဲ။ မသိင်္ဂီထိုက်က အပြည့်စုံ တင်ပြထားပါတယ်။

မစ္စတာ တောမတ်စ်အိုဟေး ကင်တားနားက မြန်မာနိုင်ငံ ခရီးစဉ် အပြီး သတင်းထောက်တွေကို ပြောဆိုတာမှာတော့ နိုင်ငံတော် အသုံးစရိတ်ကို လွှတ်တော်မှာ ပထမဆုံး အကြိမ် ဆွေးနွေးနေတာ၊ ဥပဒေပြုရေး အတွက် လွှတ်တော်မှာ ဆွေးနွေးနေတာတွေကို တိုးတက်မှုတွေလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ သူ အရင်က ထောက်ပြ ပြောဆိုထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိတဲ့ နိုင်ငံတော် ကာကွယ်ရေး ဥပဒေ၊ အီလက်ထရောနစ် ဥပဒေ၊ တရားမဝင် အသင်းအဖွဲ့ ဥပဒေတွေ ကိုတော့ ရှင်းရှင်းလင်းလင်း မလုပ်ဆောင်ရသေးဘူး ဆိုပြီး ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“ဥပဒေပြုရေး ကိစ္စတွေမှာ မီဒီယာဥပဒေ မူကြမ်း အပါအဝင် ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဆောင်နေကြပါတယ်။ ဆင်ဆာ ဖြတ်တောက်မှုတွေကို လုံး၀ အဆုံးသတ်ဖို့နဲ့ ကိုယ့်ရဲ့ထင်မြင်ချက်နဲ့ ယူဆချက်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ပြုရေးအတွက် အာမခံချက် ပေးဖို့ကိစ္စတွေ ကျနော် ပြောခဲ့ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ လူထုဘ၀ ရှင်သန်ရေးမှာ မြန်မာပြည်သူ အားလုံး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာအောင် ခွင့်ပြုသင့်တယ်လို့လည်း မြန်မာအစိုးရကို ကျနော် အလေးအနက် ပြောခဲ့ပါတယ်။”

မြန်မာ့ ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် တစ်ရပ် အဖြစ်နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့ တရားစီရင်ရေးမှာ သမာသမတ်ကျဖို့၊ နိုင်ငံတကာရဲ့ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေကို လက်ခံဖို့အပြင် မြန်မာ့ လူ့အခွင့်အရေး ကော်မရှင်ဟာလည်း အစိုးရနဲ့ လုံးလုံးလျားလျား ကင်းလွတ်မှု မရှိသေးဘူး ဆိုပြီးလည်း ဝေဖန် ပြောဆိုလိုက်ပါတယ်။

ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလို ကြိုတင်မဲတွေနဲ့ အနိုင်ရအောင် လုပ်တာမျိုး၊ ပါတီ မှတ်ပုံတင်ကြေး ကြီးမြင့်တာမျိုးတွေကို အရေးယူ လုပ်ဆောင်သင့်တယ် လို့လည်း သူက ပြောပါတယ်။ ပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုက စိုးရိမ်စရာ အနေအထားမှာ ရှိနေသေးတယ်၊ လယ်ယာမြေ အငြင်းပွားမှုတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းဆည်းခံရမှု တွေလည်း ရှိနေတယ် ဆိုပြီး ပြောပါတယ်။ အစိုးရ အနေနဲ့ ဒီအချက်တွေကို နားလည် သဘောပေါက်နေရုံတင် မဟုတ်ဘဲ အခြေခံ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ကာကွယ်ပေးဖို့ ကိုလည်း သူက တိုက်တွန်းသွားပါတယ်။ မြန်မာ့ ဒီမိုကရေစီရေး အပြောင်းအလဲ အတွက် ဒါတွေက အခြေခံ အခွင့်အရေးတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကချင် ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရေးကြီးတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေတယ်။ အစိုးရ အနေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ ရထားပေမဲ့လည်း နောက်ထပ် ဆက်ပြီး လုပ်ဆောင်ရမယ့် အဆင့်တွေ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။ အစိုးရ အာဏာပိုင်တွေ ဘက်ကရော လက်နက်ကိုင် အဖွဲ့တွေ ဘက်ကရော ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေက ပြည်သူလူထုကို အကာအကွယ် ပေးရေးမှာ သေချာ လုပ်ဆောင်ရမယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

XS
SM
MD
LG