မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိပါလိမ့်မယ်။
သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူတွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေအားလုံးနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
သူ့ရဲ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရဖို့ အရေးကြီးသလို မြန်မာနိုင်ငံတွင်း နိုင်ငံရေးလှုပ်ရှားခွင့်အခြေအနေ၊ စီးပွားရေး လူမှုရေး အခြေအနေတွေအားလုံးကို လေ့လာမှာဖြစ်တယ်လို့ မစ္စတာကင်တားနားက ဗွီအိုအေ မြန်မာပိုင်းနဲ့ မေးမြန်းခန်းမှာ ပြောကြားထားပါတယ်။
မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေအားလုံးကို ပြန်လွှတ်ပေးရေး အတွက်ကိုလည်း အစိုးရသစ်ကို ထပ်ပြီးတောင်းဆိုမယ်လို့ မစ္စတာကင်တားနားက ပြောခဲ့ပါတယ်။
လွှတ်တော်သုံးရပ် အစည်းအဝေးကို သြဂုတ်လ ၂၂ ရက် တနင်္လာနေ့ကျရင် နေပြည်တော်မှာ ပြန်စဖို့ရှိနေတာမို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်အနေနဲ့ လွှတ်တော်စည်းဝေးပွဲတွေကို လေ့လာခွင့်ရမှာဖြစ်တယ်လို့လည်း မစ္စတာကင်တားနားရဲ့ ခရီးစဉ်နဲ့ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကျရင်တော့ သူ့ခရီးစဉ်အတွင်း လေ့လာတွေ့ရှိတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကနဦးတွေ့ရှိချက်တွေကို ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။
ခရီးစဉ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာ အသေးစိတ်ကိုတော့ ဒီနှစ်နှောင်းပိုင်းကျရင် ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြမှာဖြစ်ပါတယ်။
မစ္စတာကင်တားနား မြန်မာနိုင်ငံကို နောက်ဆုံးလာခဲ့တာဟာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ထားတယ်လို့ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုဖွဲ့ရေးကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက အဲဒီ ခရီးစဉ်အပြီးမှာ အကြံပြုခဲ့ပါတယ်။