သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ ကြံ့ခိုင်ရေး ရုံးဖွင့်ချိန် ကန့်ကွက် ဆန္ဒပြမှုများရှိ


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ကျင်းပခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် တောင်ပိုင်း မြို့တချို့မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဆန့်ကျင်မှုတွေ ဆက်တိုက်လိုလို ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ သတင်းထောက် ဦးအောင်စံမင်းက အစီရင်ခံထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀ ရက်နေ့ နေ့လည်က ပြည်ခိုင်ဖြိုးပါတီရုံး ဆိုင်းဘုတ်တင်ပွဲနဲ့ ရှင်းလင်းစည်းရုံးပွဲကို ကျင်းပပါတယ်။ စစ်တွေမြို့တော်ခမ်းမမှာ ကျင်းပတာဖြစ်ပြီး လူပေါင်း ၁,၀၀၀ ကျော် တက်ရောက်ခဲ့ကြတယ်။ တက်ရောက်ကြတဲ့ပြည်သူတွေကိုလည်း အဲဒီ ပြည်ခိုင်ဖြိုးပါတီက ကားတွေနဲ့ အခမဲ့ အကြိုအပို့ လုပ်ပေးတယ်။ အဲဒီပတ်ဝန်းကျင်မှာလည်း ရဲနဲ့ အရပ်ဝတ်တဲ့ ထောက်လှန်းရေးတွေက ၄၀၀ ကျော် ၅၀၀ နီးပါးလောက် ကင်းလှည့်နေခဲ့ပါတယ်။

အဲဒီလိုပဲ စစ်တွေမြို့တော်မှာ ပါတီ ဆိုင်းဘုတ်တင်ပွဲနဲ့ ရှင်းလင်းပွဲတွေ လုပ်နေတုန်းမှာပဲ ၁၉၉၀ ပြည့် ရွေးကောက်ပွဲကာလက NLD ကို အင်တိုက်အားတိုက် မဲပေးခဲ့ကြတဲ့ ကျောက်ဖြူ၊ မာန်အောင် မြို့တွေမှာ ရွေးကောက်ပွဲတွေကို ဆန့်ကျင် သပိတ်မှောက်ဖို့ စာစောင်တွေ ဖြန့်နေကြတာကို မကြာမကြာ လုပ်နေကြကြောင်း ကျောက်ဖြူမြို့သား တဦးက အခုလို ပြောပါတယ်။

“၁၈ ရက်နေ့က ကျောက်ဖြူမြို့လယ်နေရာတချို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ ဒေါ်စုနဲ့အတူ ဆန့်ကျင်ကြ ဆိုတဲ့ စာရွက်တွေကို လမ်းတွေမှာ ကျဲချထားတယ်။ မီးစက်ကြီး၊ ငပွေး စတဲ့ရပ်ကွက်တွေနဲ့ တခြား နေရာတွေမှာတော့ မီးတိုင်တချို့နဲ့ သစ်ပင်တွေမှာ အဲဒါတွေကို ကပ်ထားကြတယ်။ အဲဒါကို ရဲတွေနဲ့ ရယက တွေက မနက်စောစော လိုက်ခွာနေကြတာ ကျနော်တို့ ကိုယ်တွေ့ပါပဲ။”

အခုလ ၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့ ဈေးအတွင်းက ဈေးဆိုင်တချို့မှာ အဲဒီလို စာရွက်တွေ ကပ်ထားလို့ ရဲတွေက ခွာယူသွားကြပေမဲ့ ဖမ်းတာဆီးတာတွေတော့ မရှိကြောင်း သိရပါတယ်။

အခုလ ၁၅ ရက်နေ့ကလည်း မာန်အောင်မြို့နယ်က အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတရွာကို ပြည်ခိုင်ဖြိုး ပါတီက မြို့နယ်အတွင်းရေးမှူး ဦးမောင်မြင့် စည်းရုံးရေး ဆင်းလာစဉ်က ဘယ်လို ကြုံသွားခဲ့ရသလဲဆိုတာကိုလည်း ကိုယ်တွေ့မြင်ခဲ့တဲ့ ကျောက်ဖြူက ကုန်သည်ကြီးက ခုလို ပြောပါတယ်။

“ကျနော်က ကုန်ဝယ်သွားတာလေ။ သစ်ပုံရွာကြီးမှာဗျာ။ အုန်းပင်တွေမှာ ကပ်ထားကြတာက တစည နဲ့ ကြံ့ဖွံ့ကို အလိုမရှိ၊ ဒေါ်စုကိုပဲ လိုတယ်၊ ထောက်ခံတယ် ဆိုတဲ့စာရွက်တွေ အများကြီးပဲ ကပ်ထားတယ်။ အဲဒါကို လိုက်ခွာနေကြတုန်း မာန်အောင်က ပြည်ခိုင်ဖြိုး ပါတီက မြို့နယ်အတွင်းရေးမှူးကြီး ဦးမောင်မြင့် ရောက်လာတယ်။ အဲဒီစာရွက်တွေကို ရယကတွေကို ခေါ်ပြီးတော့ ဆူ၊ ရဲတွေကိုဆူ။ ကပ်တဲ့သူတွေကို ဖော်ထုတ်ဖို့ပြောပြီးတော့ ချက်ချင်းပြန်သွားတယ်။ သူတို့နဲ့အတူ ရဲတွေလည်း အစောင့်ပါလာတော့ လူတချို့ အော်ကြဟစ်ကြ ပြောင်ကြနဲ့ ပြည်ခိုင်ဖြိုးက မြို့နယ်အတွင်းရေးမှူးကြီး ရှက်စရာ ကြုံသွားရတယ်။”

ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေဟာ NLD ကို လိုလိုလားလား ထောက်ခံကြတဲ့မြို့တွေ၊ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကြာခဏ အခွင့်သာတိုင်း လမ်းကိုထွက်ပြီး ကန့်ကွက်ဆန္ဒပြကြတဲ့ မြို့တွေ ဖြစ်ကြတယ်။ အဲဒီမြို့နယ်တွေက တက်ကြွစွာ လှုပ်ရှားကြသူ NLD ခေါင်းဆောင်တွေ လူငယ်အဖွဲ့ဝင် ၁၀ ကျော်ဟာတော့ အခုထိ နှိပ်စက်ခံရပြီး ထောင်ဒဏ်တွေ ကျနေဆဲဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ဗွီအိုအေသတင်းထောက် ဦးအောင်စံမင်း သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးတာတွေ၊ ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရပေမဲ့လို့ - တဖက်မှာတော့ ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတချို့ကို ဒေသခံအာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးမေးမြန်းတာတွေ ရှိနေပါတယ်။ စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပါတီဝင် တချို့နဲ့ သူတို့မိသားစုဝင်တွေကို အာဏာပိုင်တွေကနေ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ခေါ်ယူ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ က သြဂုတ်လ ၂၀ ရက်နေ့ရက်စွဲနဲ့ စစ်တွေမြို့ အခြေစိုက် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကို တိုင်ကြားထားတယ်လို့ သိရပါတယ်။

XS
SM
MD
LG