သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြည်နယ်က မူစလင်တွေ ခရီးသွားခွင့် ကန့်သတ်ချက် ရုပ်သိမ်းပေးလိုက်ပြီ


ရခိုင်ပြည်နယ်က မူစလင်တွေ ခရီးသွားခွင့် ကန့်သတ်ချက် ရုပ်သိမ်းပေးလိုက်ပြီ

ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ ကျောက်နိမော် စတဲ့မြို့နယ်တွေမှာ နေထိုင်ကြတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်ခွင့်ရသူ အစ္စလာမ် ဘာသာဝင်တွေရဲ့ လွတ်လပ်စွာခရီးသွားလာခွင့်ကို ၁၉၉၄ ခုနှစ်က စလို့ ပိတ်ပင်ထားခဲ့ရာကနေ ၂၀၁၁ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်ကစပြီး ထောက်ခံစာ မယူဘဲ ခရီသွားလာခွင့်ကို စပြီး ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်ပြီး လွတ်လပ်စွာသွားလာခွင့်မရဘဲ ပိတ်ပင်ထားမှုကို အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ ဒေသခံတွေက နိုင်ငံသားအခွင့်အရေးပေးဖို့အတွက် ဇွန်လအတွင်းမှာ တင်ပြတောင်းဆိုခဲ့ကြပြီးတဲ့နောက် အခုလို ခရီးသွားလာခွင့်တွေမှာ ခွင့်ပြုချက်မယူဘဲ သွားလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတဦးပြောပြတာကတော့ -

“အခုသွားလာခွင့်ရတာက စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နိမော်၊ သံတွဲ။ နေပြည်တော်အစိုးရက ဘယ်လိုအကြောင်းပြသလဲတော့ ကျနော်တို့ မသိရပါဘူး။ ကျနော်တို့ ဒီ ရက် ၂၀ လောက်မှာ ပြည်နယ်မှာ အစည်းအဝေးခေါ်တယ်လို့ ကျနော်တို့ သိရတယ်။ ခရိုင်အဆင့် အရာရှိတွေ အစည်းအဝေးပေါ့နော်။ အဲဒီအစည်းအဝေးမှာ ပြည်နယ်မှူးက ခရိုင်အဆင့်အရာရှိတွေကို နေပြည်တော်ရဲ့ ညွှန်ကြားချက်ကို ဖတ်ပြတယ်လို့ပြောတယ်ခင်ဗျ။ အဲဒီအထဲမှာ နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်ထားတဲ့ နိုင်ငံသားတွေကို လွတ်လပ်စွာခရီးသွားလာခွင့် ပေးတယ်၊ ပုံစံလေး ယူဆောင်ခွင့် လုံးဝမပြု ဆိုတဲ့ဟာကို ကျနော်တို့ သိရပါတယ်။”

အမျိုးသား လူ့အခွင့်အရေးနဲ့ ဒီမိုကရက်တစ်ပါတီဝင် တဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၁)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မင်းဟာ ရခိုင်ပြည်နယ်တွင်းမှာပဲ အခုလို နိုင်ငံသားစိစစ်ရေးကဒ်ပြားကို မမှန်မကန် လုပ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ သူ အပါအ၀င် မိသားစုတစုလုံးဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ရပါတယ်။

ဒီလို လွတ်လပ်စွာခရီးသွားလာခွင့်တွေ ခွင်ပြုလိုက်ပြီဆိုတာကြောင့် သူ့ကို ဖမ်းဆီးထားမှုကို ပြန်လည် လွှတ်ပေးသင့်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သူဟာ မတရားသဖြင့် ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့ ဒေသခံက ဆက်ပြောပြပါတယ်။

“သူတို့က နိုင်ငံသားစိစစ်ရေးကဒ်ပြား ရှိလျက်သားနဲ့ဖြစ်တာ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ သူက အရွေးချယ်ခံရတယ်။ အရေးချယ်ခံရပြီးနောက်ပိုင်းမှာ သူတို့က ရန်ကုန်ကို မိသားစုလိုက်ပြောင်းသွားတယ်ဗျ။ ပြောင်းသွားပြီးတော့မှ သူတို့ရဲ့ နိုင်ငံသားစိစစ်ရေးကဒ်တွေက ဘယ်လိုရတာလဲ၊ ရန်ကုန်ကိုဘယ်လို ရောက်တာလဲပေါ့ဗျာ စသည်ဖြင့် အပြစ်မရှိအပြစ်ရှာပြီးတော့ အဲဒီလိုမျိုး သူတို့ကို ဖမ်းပြီးတော့ မိသားစုတွေ တော်တော်များများက ထောင်ထဲကို ရောက်ကုန်တယ်ဗျ။ အရင်တုန်းက လူ့အခွင့်အရေးဆုံးရှုံးပြီးတော့ ဒီလိုမျိုး ထောင်ထဲကိုရောက်နေတဲ့ မူစလင်တွေရှိတယ်။ ခရီးသွားလာခွင့်မရဘဲနဲ့ ခရီးသွားလို့ ထောင်ထဲရောက်နေတဲ့ မူစလင်တွေရှိတယ်။ ဒီဟာတွေကို နည်းမျိုးစုံနဲ့ဖမ်းထားတာတွေကို ကျနော်တို့က ဖော်ထုတ်ပြီးတော့ လူ့အခွင့်အရေးလမ်းကြောင်းနဲ့ လက်ရှိနိုင်ငံတော်အစိုးရဆီမှာ တင်ပြနိုင်တယ်ဆိုရင်တော့ အခွင့်အရေးတခုခုတော့ ရနိုင်လိမ့်မယ်လို့ ကျနော် မြင်တယ်လေ။”

ရန်ကုန် စီးပွားရေးတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး ရန်ကုန် ပညာရေးတက္ကသိုလ်ကပါ ဘီအီးဒီဘွဲ့ ရခဲ့တဲ့ ဦးကျော်မင်းဟာ လက်ထောက် မြို့နယ် ပညာရေးမှူး၊ အလယ်တန်း ကျောင်းအုပ်ကြီး စတဲ့ နိုင်ငံတော် တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးပါတယ်။ ဒီလို တာဝန်တွေယူခဲ့တဲ့ ဦးကျော်မင်းကို မြန်မာအစိုးရက နိုင်ငံသားစိစစ်ရေးကဒ်ကို အကြောင်းပြု ဖမ်းဆီးပြီး ထောင်ဒဏ် ၄၇ နှစ်နဲ့ ဒဏ်ငွေ ၂ သိန်းခွဲအပြင် အပြစ်ဒဏ်တွေချပြီး မိသားတစုလုံးဘ၀ပျက်တဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ ရွေးကောက်ပွဲမလုပ်ခင်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးရေး ကာလတုန်းက နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်ဖို့ အခွင့်အလမ်းမရရှိခဲ့တဲ့ ဒေသခံတွေကို အဖြူရောင် ယာယီမဲထည့်ဖို့ ကဒ်တွေလုပ်ပေးခဲ့ဖူးပါတယ်။

ဒီကဒ်တွေကို ၂၀၁၀ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက်တုန်းကလည်း လုပ်ပေးခဲ့ပြီး ဒေသခံတွေကို ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာခွင့်တွေ ရမယ်ဆိုတဲ့ ကတိတွေကို အာဏာပိုင်တွေက ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီကဒ်တွေနဲ့ ပညာရေး ကျန်းမာရေး အခွင့်အလမ်းတွေ မရရှိခဲ့တာကြောင့် ဒီကဒ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ထည့်သွင်းစဉ်းစားပေးစေချင်တယ်လို့ ဆိုပါတယ်။

“နိုင်ငံသားလဲဖြစ်တယ်။ တိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားလာတဲ့သူတွေလဲ ဖြစ်တယ်။ ငွေရေးကြေးရေး အခက်အခဲကြောင့် နိုင်ငံသားကဒ်တွေ မလုပ်ခဲ့ဘဲနဲ့ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံမှာ မဲပေးတဲ့အချိန်တွေမှာ အဖြူကဒ်တွေ ထုတ်ပေးထားတာတွေရှိတယ်။ သူတို့က ဒီကိစ္စကို ဘာမှ ပြန်ပြီးတော့ လဲလှယ်ပေးခြင်းလဲ မရှိဘူး။ ဒီအဖြူကဒ်တွေ ကိုင်ဆောင်ထားတာကိုယ်က မည်သည့်နိုင်ငံသားလို့ မသတ်မှတ်ရလို့ သူတို့ကဒ်ထဲမှာပါတာက တကြောင်း၊ နောက်တခုက ပညာရေးဆိုင်ရာ ဆုံးရှုံးမှုတွေ အများကြီးပဲ ကျနော်တို့ တွေ့ရတယ်။ ကျန်းမာရေးဆိုင်ရာ ဆုံးရှုံးမှုတွေ ကျနော်တို့ အများကြီး ကြုံတွေ့ရတယ်။ အဲဒီတော့ ဒါတွေကိုလဲ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြန်ပြီးတော့ အရေးတယူနဲ့ ပြန်လည် လဲလှယ်ပေးနိုင်မယ်ဆိုရင် နိုင်ငံသားအခွင့်အရေးတွေဟာ ပိုပြီးတော့ ခံစားရလိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။”

နိုင်ငံသားစိစစ်ရေးကဒ် ရရှိဖို့အတွက် ငွေကြေးအကုန်အကျခံပြီး မလုပ်နိုင်သူတွေ၊ လုပ်ခွင့်မရသူတွေ၊ နိုင်ငံသား စိစစ်ရေးကဒ်ရှိပြီး ခရီးသွားလာခွင့် ပိတ်ပင်ခံရသူတွေ အနေနဲ့ ကျန်းမားရေး အခြေအနေ ဆိုးရွားတဲ့အခါ မြို့ကြီးတွေကိုသွားပြီး ဆေးကုသခွင့်မရလို့ သေဆုံးရတဲ့အဖြစ်တွေ၊ အထူးသဖြင့် ပညာရေးလိုလားတဲ့ ကျောင်းသားတွေအနေနဲ့ တက္ကသိုလ် ဆက်တက်ခွင့်မရတာ၊ ဘွဲယူလို့မရတာတွေ စတဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ အခုအခါမှာတော့ နိုင်ငံသားစိစစ်ရေးကဒ်တွေ ကိုင်ဆောင်ထားပြီး လွတ်လပ်စွာ သွားလာခွင့်တွေ ရပြီဆိုတဲ့အတွက် အစိုးရသစ်လက်ထက်မှာ နိုင်ငံသားအခွင့်အရေးတချို့ ရရှိလာပြီလို့ ယူဆသူတွေလဲ ရှိလာပါတယ်။

XS
SM
MD
LG