သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးသူတွေအရေး ကုလဝေဖန်ချက် မြန်မာတုံ့ပြန်


လှေစီးပြေးဒုက္ခသည်တွေအရေး တုံ့ပြန်ဆောင်ရွက်ရာမှာ အားနည်းတယ်လို့ ဝေဖန်တာခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂ တာဝန်ရှိသူတွေကိုယ်တိုင် တွေ့မြင်ခဲ့ပြီး ဖြစ်တဲ့ အကြောင်း မြန်မာအစိုးရ အဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။

ပြဿနာရဲ့ ဇစ်မြစ်ကို ဖြေရှင်းဖို့ လိုတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ထိပ်တန်းအရာရှိတဦးက ပြောဆိုခဲ့အပြီးမှာပဲ မြန်မာနိုင်ငံဘက်က တုံ့ပြန်ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

အရှေ့တောင်အာရှ ဒေသက လှေစီးပြေး ဒုက္ခသည်တွေအရေး မြန်မာနိုင်ငံနဲ့၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) တို့အနေနဲ့ ဒီထက်ပို ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း ကုလသမဂ္ဂ မဟာမင်းကြီး Zeid Ra’ad ad Al Hussein က တိုက်တွန်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အာဆီယံအသင်းအနေနဲ့ ပဋိဉာဉ်မှာ ပြဌာန်းထားတဲ့အတိုင်း လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားရမယ့် အခြေခံမူတွေကို လိုက်နာပြီး ထွက်ပြေးလာသူတွေကို ကူညီဖို့ လိုအပ်သလို၊ မြန်မာနိုင်ငံလို ဒုက္ခသည်တွေ ထွက်ပြေးလာနေတဲ့ မူရင်းတိုင်းပြည်တွေ အနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာကျင်းပတဲ့ မနေ့တုန်းက လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

မြန်မာအစိုးရကတော့ လှေစီးပြေးဒုက္ခသည်တွေအရေး ဖြေရှင်းဖို့ ကြိုးပမ်းမှုနေတာတွေကို ကုလသမဂ္ဂ တာဝန်ရှိသူတွေကိုယ်တိုင် တွေ့မြင်နေကြတဲ့အကြောင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“Mr. Nambiar လည်း လာတွေ့သွားတယ်။ UNDP က Resident Coordinator (ဌာနေကိုယ်စားလှယ်) ကလည်း ကံကောင်းထောက်မစွာပေါ့နော် ဖြစ်တဲ့အချိန်မှာ သူတို့လည်း ရောက်နေတော့ သူတို့တွေ အကုန်လုံးတွေ့ပြီးတော့ သူတို့လည်း ကိုယ်တိုင် ကြည့်ပြီးတော့ မေးမြန်းခွင့်လည်း ရသွားတာပေါ့။ အဲတော့ သူတို့နိုင်ငံသား ဖြစ်-မဖြစ် ဆိုတာလည်း ကျနော်တို့ မီဒီယာတွေနဲ့ အင်တာဗျူးမှာလည်း သူတို့အားလုံး ပြောချက်အရ သိပြီးပြီပေါ့လေ။ နောက်တခါ ကျနော်တို့က ဒီမှာ သူတို့နိုင်ငံသား မဟုတ်တဲ့ ၈ ယောက်ဆိုတာကိုလည်း ကျနော်တို့က သီးခြားခွဲထုတ်ထားပြီးပြီ။”

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာ့ရေပိုင်နက် အတွင်းက ကယ်ဆယ်ခဲ့ရတဲ့ လှေစီးပြေး ဒုက္ခသည် ၂၀၈ ဦးတို့ထဲမှာလည်း ၂၀၀ တို့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ဖြစ်တယ်လို့ မြန်မာဘက်က ပြောဆိုထားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ဟုတ် မဟုတ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက စိစစ်နေဆဲ ဖြစ်ပြီး ဒီလူတွေကို ပြန်လက်ခံဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူထားတယ်လို့လည်း ဒုဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလမဟာမင်းကြီး Zeid Ra’ad Al Hussein ကတော့ ယာယီခိုလှုံခွင့် ပေးတာထက် လှေစီးထွက်ပြေး နေရတဲ့အဓိက အကြောင်းရင်းတွေကို ဖြေရှင်းဖို့ လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။

“ယာယီခိုလှုံခွင့် ပေးတာဟာ ကြိုဆိုစရာ ဆိုပေမဲ့၊ ဒီလောက်နဲ့တော့ လေးနက်လှတဲ့ ပြဿနာကြီး ပြေလည်သွားလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ ထောင်နဲ့ချီတဲ့ ဒီလူတွေဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေပါ။ ပြန်လာသူ တချို့ကို မြန်မာအစိုးရက လက်ခံခဲ့ပြီး၊ လူကုန်ကူးမှု၊ တရားမဝင် ရွှေ့ပြောင်းအခြေချမှုတွေကို အကာအကွယ်ပေးဖို့ အလေးအနက် ကြိုးပမ်းနေတယ်လို့လည်း ကြေညာပါတယ်။ ဒါပေမဲ့လည်း ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အစိုးရရဲ့ မူဝါဒတွေကို ပြောင်းလဲဖို့က မဖြစ်မနေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒီလူတွေ အနေနဲ့ မြန်မာပြည်မှာ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့် ရှိရမှာပါ။ ဒါပေမဲ့လည်း လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မှုတွေ၊ နိုင်ငံသားအဖြစ်နဲ့ရော စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအရ အပြည့်အ၀ မခံစားရပဲ အခွင့်အရေးတွေကို ငြင်းပယ်ခံရတာတွေ အပါအဝင် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။”

မြန်မာအစိုးရကတော့ လှေစီးပြေးဒုက္ခသည်တွေအရေး သောကြာနေ့မှာ ဆွေးနွေးဖို့ စီစဉ်ထားတဲ့ ထိုင်းနိုင်ငံက ညီလာခံကို တက်ရောက်ဖို့ အစောပိုင်းမှာ ငြင်းဆန်ထားပေမဲ့ အခုအခါ တက်ရောက်ဖို့ ဆုံးဖြတ်ထားတာပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ တက်ရောက်ကြမယ့် ညီလာခံမှာ ဆွေးနွေးတဲ့အခါ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေကို ရှင်းပြဖို့ ရည်ရွယ်ထားတယ်လို့လည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်၊ မြန်မာနိုင်ငံက ရှေ့ကို ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ ကျနော်တို့ရဲ့ စဉ်းစားတဲ့အချက်၊ နောက် တချို့ဟာတွေမှာ မြန်မာနိုင်ငံက လက်မခံနိုင်တဲ့ အချက်တွေကိုလည်း ကျနော်တို့က ဒီမှာထည့်ဆွေးနွေးပြီးတော့ ဒါ ဒေသတွင်းမှာ ဒီလိုလူတွေကို ကုန်ကူးနေတဲ့ ကိစ္စမှာ ကျနော်တို့ရဲ့သဘောထား၊ အခြားနိုင်ငံတွေရဲ့ သဘောထားကိုလည်း ကျနော်တို့က အဲဒီမှာ လေ့လာလို့ရတဲ့အပြင် ခုနက အမေရိကန်တို့၊ ဆွစ်ဇာလန်တို့ ဘာတို့ပါ ပါမယ်လို့ပြောပါတယ်။ အဲတော့ ဒီနိုင်ငံတွေနဲ့လည်း ကျနော်တို့က အပြန်အလှန် ကျနော်တို့ ဟုတ်လား ရင်ဆိုင်နေရတဲ့ဥစ္စာကို ကျနော်တို့ ရင်ဆိုင်နေရသလို သူများလည်း ရင်ဆိုင်နေရတယ်၊ ဒါကို ပူးပေါင်းပြီး အဖြေရှာမှပဲ ရမှာပဲလေ။ တချို့ဟာတွေက၊ နိုင်ငံရေးအနေနဲ့ အသုံးချမယ်ဆိုရင်တော့ ဘယ်လိုမှ အဖြေရှာလို့ မရနိုင်ဘူးပေါ့။ ဒါ လူသားချင်းစာနာရမယ့်ကိစ္စ၊ လူသားချင်း ကူညီရမယ့်ကိစ္စ အနေနဲ့ အားလုံးက ဝိုင်းစဉ်းစားပြီးတော့ ဖြစ်နေတဲ့ ပြဿနာအပေါ်မှာ ရေရှည် ဖြေရှင်းနိုင်မယ့် အဆင့်အထိ ရောက်အောင် ကျနော်တို့ ဆွေးနွေးပေးဖို့တော့ အစီအစဉ် ရှိပါတယ်။”

လှေစီးပြေး ဒုက္ခသည်တွေအရေး မြန်မာနိုင်ငံက တက်တက်ကြွကြွ ဖြေရှင်းဖို့ ဖိအားပေးခံနေရတာကို လက်မခံနိုင်ကြတဲ့ တက်ကြွတွေကတော့ ဒီကနေ့ ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ မြန်မာနိုင်ငံက ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ လက်ခံသုံးနှုန်းပြီး မြန်မာအစိုးရဘက်က အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြောဆိုတိုက်တွန်းမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ သံဃာတော်တွေ အပါအဝင် လူပေါင်းရာချီပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG