သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ G-8 ခေါင်းဆောင်တွေ ချီးကျူး


အမေရိကန်သမ္မတရဲ့ ဒေးဗစ် အပန်းဖြေစခန်းမှာ စက်မှုအင်အားကြီးနိုင်ငံ ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲအတွက် ရောက်ရှိနေကြစဉ်။ (မေလ ၂၀၊ ၂၀၁၂)
အမေရိကန်သမ္မတရဲ့ ဒေးဗစ် အပန်းဖြေစခန်းမှာ စက်မှုအင်အားကြီးနိုင်ငံ ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲအတွက် ရောက်ရှိနေကြစဉ်။ (မေလ ၂၀၊ ၂၀၁၂)

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် စွမ်းဆောင်ခဲ့ကြတဲ့ မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ကို G-8 စက်မှုထိပ်သီး ၈ နိုင်ငံက ခေါင်းဆောင်တွေက ချီးကျူး ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်လာအောင် အားပေးတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို လျော့ချပေးလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ G-8 ခေါင်းဆောင်တွေက အခုလို အပြုသဘောဆောင်တဲ့ မှတ်ချက် ထပ်ပေးလိုက်တာပါ။

ပြုပြင်ပြောင်းလဲမှုတွေ ရေရှည်တည်တန့်ပြီး နောက်ကြောင်းပြန်လို့ မရအောင်၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေရရှိအောင် လုပ်ဆောင်နေတာတွေနဲ့ လက်ရှိ အစပျိုး ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို G-8 နိုင်ငံတွေက ထောက်ခံအားပေးပြီး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းတွေကိုလည်း ထောက်ခံပေးသွားမယ့် အကြောင်း G-8 ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို နိုင်ငံတကာက ပေးနေတဲ့ အကူအညီတွေ ထိရောက်မှုရှိအောင် ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီး မြှုပ်နှံမှုတွေဟာလည်း မြန်မာလူထုကို အကျိုးရှိတဲ့ လုပ်ငန်းမျိုးဖြစ်အောင် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ G-8 အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဝါရှင်တန် ဒီစီမြို့အပြင်က သမ္မတ အပန်းဖြေစခန်း Camp David မှာ ကျင်းပခဲ့တဲ့ အဲဒီ ထိပ်သီးညီလာခံအတွင်းမှာလည်း အမေရိကန်သမ္မတ ဘာရတ်ခ် အိုဘားမားက - မြန်မာနိုင်ငံအတွင်း ပြုပြင် ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ယုံကြည်ကြောင်းနဲ့ အဲဒီ လုပ်ငန်းစဉ်တွေ ဖြစ်မြောက် အောင်မြင်လာအောင် အမေရိကန်က အတတ်နိုင်ဆုံး အားပေး ကူညီသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို သမ္မတ အိုဘားမား အစိုးရက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ လျော့ချပေးလိုက်တာပါ။ ဒါကြောင့် အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ကြတော့မှာ ဖြစ်ပေမဲ့ အရင် စစ်အရာရှိတွေနဲ့ ထိစပ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာတော့ လုပ်ကိုင်ခွင့် ရကြမှာ မဟုတ်ပါဘူး။

XS
SM
MD
LG