သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေး မလွယ်ကူသေး


၁၉၉၈ ခုနှစ်က တာ့ခရိုင် ကရင်ဒုက္ခသည်စခန်းကို မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြင်ကွင်း။
၁၉၉၈ ခုနှစ်က တာ့ခရိုင် ကရင်ဒုက္ခသည်စခန်းကို မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြင်ကွင်း။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်း-မြန်မာနယ်စပ်တွင် နှစ်ပေါင်းများစွာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ရေးအတွက် တာ့ခရိုင်က တာဝန်ရှိသူတွေက အောက်တိုဘာ ၂၀ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်ကို သြစတြေးလျ သံတမန်အဖွဲ့ လာရောက်ချိန်မှာ ဆွေးနွေးခဲ့ကြပါတယ်။ သြစတြေးလျသံတမန်အဖွဲ့မှာ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ နိုင်ငံသံအမတ်ကြီး Nicholas Coppe နဲ့ ထိုင်းနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး Paul Robilliard အပါအဝင် အဖွဲ့ဝင် ၈ ဦး ပါရှိပြီး တာ့ခရိုင်က ဒုခရိုင်ဝန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အသေးစိတ်ကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့ အကြီးဆုံးဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး အပါအဝင် ကရင်လက်နက်ကိုင် ၃ ဖွဲ့က မြန်မာအစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ရက်ပိုင်းအတွင်းမှာပဲ ဒုက္ခသည်တွေ နေရပ်ရင်းကို ပြန်ပို့နိုင်ရေး ထိုင်းနိုင်ငံဘက်က ဆွေးနွေးစကား ပြောဆိုမှုတွေ ပြန်လည် စတင်လာတာပါ။

အောက်တိုဘာလ ၂၀ ရက်နေ့က သြစတြေးလျက သံတမန်အဖွဲ့ လာရောက်ချိန်မှာ ထိုင်းနိုင်ငံ တာ့ခရိုင်က တာဝန်ရှိသူက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ကရင်ဒုက္ခသည်ကော်မတီနဲ့ တွေ့ဆုံချိန်မှာ ပြန်ပို့ရေးကို မဆွေးနွေးခဲ့ပေမဲ့ ပြန်ပို့ဖို့က အချိန် ၅ နှစ်ခန့် ယူရမယ်လို့ KRC အထွေထွေ အအတွင်းရေးမှူးချုပ် ဆရာ ဘွဲ့ဆေး က အခုလို ပြောပါတယ်။

“လတ်တလော ပြန်ပို့ဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ကရင်ဒုက္ခသည်ကော်မတီပေါ့နော်။ ကျနော်တို့ကတော့ ဒီ လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာဆိုရင်တော့ ပြန်လည်ပြီး နေရာချထားဖို့အတွက် ပြင်ဆင်မှုအနေနဲ့ကတော့ ရှိတယ်လေ။ ပြင်ဆင်မှုအနေနဲ့က ကျနော်တို့ အနည်းဆုံး အချိန် ၄ နှစ်နဲ့ ၅ နှစ် ယူပြီးမှ ပြန်ပို့ဖို့ကိစ္စကို ကျနော်တို့ လုပ်နိုင်မှာဖြစ်တယ်။ အယောက် ၂၀ လောက်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့က ပြင်ဆင်စရာ၊ လုပ်စရာတွေ အများကြီးရှိတယ်။ ဒါကိုလုပ်ဖို့အတွက် ကျနော်တို့လည်းပဲ ကော်မတီတွေ ဘာတွေ ဖွဲ့ပြီးတော့ ဟိုဘက် အတွင်းထဲက ကော်မတီတွေနဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ လုပ်ဆောင်တဲ့အရာတွေ အများကြီး ရှိသေးတယ်လေ။”

ဒုက္ခသည်တွေကတော့ အစိုးရနဲ့ ကရင်လက်နက်ကိုင်တွေအကြား နိုင်ငံရေးအရ မူဘောင်သတ်မှတ်ချက် မရှိသေးဘဲဆိုရင် နေရပ်ရင်းပြန်ဖို့ ခက်ခဲနေဆဲပဲလို့ အုန်းဖျန်စခန်းကော်မတီက တာဝန်ရှိသူတဦးကလည်း အခုလို ဆိုပါတယ်။

“ကျနော့်အမြင်ကတော့ အခု လောလောဆယ်ဟာ နိုင်ငံရေးမူဘောင်တွေ ဘာတွေ ဘာမှ မသွားသေးပဲဟာ။ အခုတလော ကျနော်တို့ ဆုံးဖြတ်ချက်တခုတော့ ပြန်ဖို့အတွက် ဆုံးဖြတ်ချက်ကတော့ မဖြစ်နိုင်သေးလို့တော့ ကျနော် မြင်တာပဲလေ။ ကျနော်တို့ ကရင်တွေကို မတရားအသင်းကနေ ပယ်ဖျက်လိုက်တဲ့အတွက်ကြောင့် ကရင်လူထုတွေ အားလုံးကတော့ ဝမ်းသာတော့ ဝမ်းသာလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။”

ထူးခြားချက်ကတော့ ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNU နဲ့ သဘောတူလက်မှတ် ရေးထိုးတဲ့အခါမှာ တရားမဝင် အသင်းအဖွဲ့ကနေ ပယ်ဖျက်ပေးတာ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးတာတွေ ရှိနေတဲ့အတွက် သတင်းကောင်းဖြစ်ပေမဲ့ ဒါတွေဟာ ဒုက္ခသည်တွေအတွက်ကတော့ မရှင်းလင်းတဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ ဒုက္ခသည်တွေက ရှုမြင်နေတာပါ။

“ဒုက္ခသည်စခန်းအနေနဲ့က သူတို့အတွက်ကတော့ အဲဒါလည်း မရှင်းမရှင်း ဖြစ်နေတယ်လေ။ ကျနော်ကတော့ အဲ့လိုပဲ ခံယူတယ်။ ကျနော်က တိုင်းတပါးမှာရောက်နေတယ်ဆိုတော့ သမ္မတကြီးရဲ့ NCA ထိုးတဲ့အချိန်မှာ အဖွင့်မိန့်ခွန်းမှာလည်းပဲ တိုင်းတပါး ဒုက္ခသည်တို့၊ ထိုင်းနိုင်ငံရောက်တဲ့ ဒုက္ခသည်တို့ ဆိုပြီး အသုံးအနှုန်းလည်း သူ သုံးတာ မပါသေးဘူး။ သူ သုံးတာကတော့ IDP အဆင့်လောက်ပဲ ပါတာကို ကျနော်ကတော့ အဲဒီလိုပဲ မြင်ရကြားရသေးတယ်။”

ထိုင်းနိုင်ငံ တာ့ခရိုင်တာဝနရှိသူတွေကတော့ ထိုင်းနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ ဒုက္ခသည်တွေကိစ္စတွေကို သြစတြေးလျသံတမန်တွေကို ရှင်းပြခဲ့ပါတယ်။ သြစတြေးလျသံတမန်အဖွဲ့မှာ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးနဲ့ ထိုင်းနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး အပါအဝင် အဖွဲ့ဝင် ၈ ဦး ပါဝင်ပါတယ်။ ဆွေးနွေးပွဲအပြီးတွင် သြစတြေးလျ သံအမတ်ကြီး နှစ်ဦးက လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားများအရ မြန်မာဒုက္ခသည်များ နေရပ်ပြန်သင့်ပြီဟု သတင်းထောက်များကို ပြောဆိုခဲ့ပါတယ်။ သြစတြေးလျနိုင်ငံဟာ ဒုက္ခသည်တွေကို ကူညီနေတဲ့ နိုင်ငံဖြစ်ပြီး ထိုင်းနယ်စပ်က ဒုက္ခသည်တွေကိုလည်း လက်ရှိ ခိုလှုံခွင့်ပေးထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

သြစတြေးလျသံတမန်အဖွဲ့ဟာ တာ့ခရိုင်ထဲက ဒုက္ခသည်စခန်းတခုဖြစ်တဲ့ အုန်းဖျန်စခန်းသို့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ စခန်း ၉ ခု ရှိပြီး ဒုက္ခသည် ၁ သိန်းခွဲခန့် ခိုလှုံနေထိုင်နေပါတယ်။ ဒီအထဲမှာ ကရင်ဒုက္ခသည်စခန်း ၇ ခုရှိပါတယ်။ အခုအခါ ကရင်လက်နက်ကိုင်တွေ မြန်မာအစိုးရနဲ့ NCA လက်မှတ်ရေးထိုးပြီး ဖြစ်တဲ့အတွက် ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေးကိစ္စဟာ ပြန်လည် လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG