ပြီးခဲ့တဲ့ရက်ပိုင်းတွေက ထိုင်းမြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ထွက်ပြေးလာခဲ့ရတဲ့ ဒုက္ခသည်တွေကို သူတို့ရဲ့ အသက်အန္တရာယ် စိတ်ချရမှုမရှိသေးခင် နေရပ်ပြန်ပို့တာတွေ မလုပ်ဖို့ ကုလသမဂ္ဂက ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။ မကြာသေးခင် ရက်ပိုင်းတွေအတွင်း ထိုင်း-မြန်မာနယ်စပ် မြ၀တီနဲ့ ဘုရားသုံးဆူမြို့တွေမှာ မြန်မာစစ်အစိုးရတပ်တွေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ အပစ်ရပ် ဒီကေဘီအေ အဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ဒုက္ခသည် သောင်းနဲ့ချီ ၀င်ရောက် ထွက်ပြေးခဲ့ကြရတာပါ။ စစ်ပြေးဒုက္ခသည် ၁ သောင်း ၅ ထောင်ထဲက အများစုကို ပစ်ခတ်မှုတွေ ငြိမ်သက်သွားပြီဆိုပြီး ထိုင်းအစိုးရက နေရပ်ရင်းပြန်ပို့တာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards က ပြောပါတယ်။
ဒါပေမဲ့ မယ်ကတ နဲ့ ဟလော့ခနီ ရွာတွေမှာ ပစ်ခတ်မှုတွေ ပြန်ဖြစ်နေတာကြောင့်မိုလို့ တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိတဲ့အကြောင်း မနေ့ကမနက်ပိုင်း UN သတင်းတွေအရ သိရတယ်လို့ UNHCR ပြောခွင့်ရသူကပဲ ပြောပါတယ်။ အခြေအနေတွေ အားလုံး ရှင်းသွားပြီမို့ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ပြီလို့ ထိုင်းအစိုးရက ပြောခဲ့ပြီးတဲ့ နောက်ပိုင်းမှာမှ အခုလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
အခုလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် နေရပ်ပြန်သွားတဲ့ ဒုက္ခသည်တွေအတွက် စိုးရိမ်မိသလို စစ်ပြေးဒုက္ခသည်တွေရဲ့ အသက်အန္တရာယ် လုံခြုံစိတ်ချရတဲ့ အနေအထားကို မရောက်သေးဘဲ နေရပ်ပြန်ပို့တာတွေ မလုပ်ဖို့ UNHCR က ထိုင်းအစိုးရကို နားချပြောဆိုနေပါတယ်။ နယ်စပ်ဒေသက တိုက်ပွဲတွေကြောင် စစ်ပြေးဒုက္ခသည် သောင်းနဲ့ချီ ထိုင်းနိုင်ငံထဲ ၀င်ရောက်ထွက်ပြေးခဲ့ရတဲ့ အခြေအနေအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ ၄ ယောက်ကလည်း သူတို့အနေနဲ့ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။