သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား လက်နက် စွပ်စွဲချက် မြန်မာအစိုးရ ငြင်းဆို


မြန်မာစစ်အစိုးရက သူတို့ဟာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး နျူးကလီးယားလက်နက်ထုတ်လုပ်နိုင်အောင် ရည်ရွယ်ပြီး ကြိုးစားနေတယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။ မနေ့က မြန်မာစစ်အစိုးရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ထဲမှာ မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် ရနိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘဲ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ပြောနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကြေညာချက် အပြည့်အစုံကို မနေ့က မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ခဲ့တာပါ။

“မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်ပိုင်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ နျူကလီးယား အစီအစဉ်တရပ် ဖော်ဆောင်နေရန် ကြိုးပမ်းလုပ်ဆောင်နေသည်ဟု စွပ်စွဲထုတ်လွှင့်ခဲ့ကြောင်း၊ ယင်းသို့ဝေဖန် ပြောဆို သုံးသပ်ချက်များသည် အခြေအမြစ် မရှိသည့် စွပ်စွဲချက်များသာ ဖြစ်သည်။ မိမိတို့နိုင်ငံအပေါ် နိုင်ငံရေးအရ ထိုးနှက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း၊ ထို့အပြင် ယင်း စွပ်စွဲချက်များသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက် ပျက်ပြားစေရန် ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာဌာနများမှ မမှန်မကန် ဖန်တီးထုတ်လွှင့်ချက်များ ဖြစ်ခြင်း၊ တပ်ပြေးတချို့နှင့် ၀ရမ်းပြေး ပြည်ပြေးတချို့တို့၏ စွပ်စွဲပြောကြားချက် တခုတည်းအပေါ် အခြေခံထားခြင်းကြောင့် ယုံကြည်စိတ်ချရမှု၊ တိကျမှန်ကန်မှု နဲ့ မျှတမှုမရှိသော သတင်းများသာ ဖြစ်ကြောင်း စသဖြင့် ပါရှိပါတယ်။”

မြန်မာစစ်အစိုးရဟာ နျူးကလီးယားလက်နက် ထုတ်လုပ်နိုင်ဖို့ နည်းပညာနဲ့ အသိပညာ ကျွမ်းကျင်မှုတွေကို ရယူနိုင်ဖို့ ကြိုးစားနေကြောင်း နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံက မှတ်တမ်းတင်ပြီး အစီရင်ခံရိုက်ကူးထားတဲ့ ဗွီဒီယို ကို အရင်အပတ်တွင်းက Aljazeera နိုင်ငံတကာ ရုပ်သံကနေတဆင့် ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

IAEA နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီရဲ့ အကြီးအကဲ ယူကီယာ အမာနို (Yukiya Amano) ကတော့ ဒီအစီရင်ခံစာပါ အချက်အလက်တွေကို လေ့လာသုံးသပ်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောခဲ့ပါတယ်။ လိုအပ်ရင် မြန်မာစစ်အစိုးရဆီက ရှင်းလင်းချက်ကို တောင်းခံမှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ နျူးကလီးယား လက်နက် မပျံ့ပွားရေး သဘောတူညီမှုစာချုပ်နဲ့ ကမ္ဘာလုံးဆိုင်ရာ နျူးကလီးယား လက်နက် ဆန့်ကျင်ရေး စာချုပ်တွေမှာ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။

XS
SM
MD
LG