သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဒေသလုံခြုံရေးအနေနဲ့ ဆွေးနွေးဖို့တိုက်တွန်း


အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံ ခေါင်းဆောင်တွေအကြား ဒုတိယအကြိမ် ထိပ်သီး ဆွေးနွေးပွဲကို ဒီကနေ့ နယူးယောက်ခ်မြို့မှာ ပြုလုပ်မှာပါ။ မြန်မာနိုင်ငံအတွင်း နျူကလီးယားကိစ္စဟာဆိုရင် ဒေသလုံခြုံရေးအတွက် ပူပင်စရာဖြစ်လို့ မြန်မာ့အရေးကိစ္စကိုလည်း အလေးပေးဆွေးနွေးကြဖို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တိုက်တွန်းနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ စုံစမ်းဆက်သွယ်ထားတဲ့ ဦးဝင်းမင်း က ဆက်ပြီးတော့ ပြောပြပါမယ်။

ဒီနေ့လုပ်တော့မယ့် အမေရိကန်နဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေး ကိုလည်း အဓိကထား ဆွေးနွေးသင့်တယ်လို့ Alternative Asean လို့ခေါ်တဲ့ အာဆီယံစင်ပြိုင်အဖွဲ့ရဲ့ခေါင်းဆောင် Debbie Stothard က ဒီမနက်ပဲ ပြောလိုက်ပါတယ်။ အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေဟာ နယူးယောက်ခ်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးရဲ့ ပြင်ပမှာ ဒီကနေ့ တွေ့ဆုံကြမှာပါ။

အခုလို တွေ့ဆုံတာဟာ မနှစ်က စင်္ကာပူမှာလုပ်ခဲ့တဲ့ အမေရိကန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအပြီး ဒုတိယအကြိမ် လုပ်တာဖြစ်ပါတယ်။ အခုလာမယ့် ထိပ်သီးဆွေးနွေးပွဲမှာ မနှစ်ကလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတဲ့ အရေးကြီးတဲ့ကိစ္စတွေ ဖြစ်တဲ့ ဒေသဆိုင်ရာ လုံခြုံရေးနဲ့ စီးပွားကုန်သွယ်ရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးကြမှာပါ။ အခုလို ဒေသဆိုင်ရာ လုံခြုံရေး ကိစ္စတွေကို ဆွေးနွေးရင် မြန်မာနိုင်ငံကိစ္စ ဟာလည်း အရေးကြီးတဲ့ ကိစ္စတခုအဖြစ် အကျုံးဝင် နေတာမို့ မြန်မာ့အရေးကိုလည်း ထည့်ဆွေးနွေးဖို့ အရေးကြီးကြောင်း Debbie Stothard က အခုလို ပြောပါတယ်။

“ဒီဆွေးနွေးပွဲမှာ မြန်မာပြည်ကိစ္စကို ထည့်ဆွေးနွေးဖို့ တကယ့်ကိုပဲ အရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဒေသဆိုင်ရာ လုံခြုံရေးအကြောင်း အဓိက ဆွေးနွေးကြမယ် ဆိုရင် မြန်မာပြည်မှာ လွန်ခဲ့တဲ့လအနည်းငယ်အတွင်းက ထွက်ပေါ်ခဲ့တဲ့ နျူကလီးယား အစီအစဉ်က ရှိနေပါတယ်။ ဒီကိစ္စဟာ လုံခြုံရေးအရ စိတ်ပူစရာပါ။ နောက်တခု စိုးရိမ်ရတာကလည်း နအဖ က အပစ်ရပ်တိုင်းရင်းသားအဖွဲ့ တွေကို လောလောဆယ် ဖိအားမျိုးစုံ အများကြီး ပိုပြီးတော့ ပေးလာတဲ့အတွက် ရွေးကောက်ပွဲတွေ ပြီးသွားရင် ကြီးမားတဲ့ စစ်ပွဲတွေ ပြန်ပြီးတော့ ဖြစ်လာနိုင်တဲ့ အလားအလာတွေ တွေ့နေရပါတယ်။”

သူမကပဲ ဆက်ပြောတာက တကယ်လို့ ရွေးကောက်ပွဲအပြီး စစ်ပွဲတွေ ပြန်ဖြစ်လာခဲ့ရင် အာဆီယံအနေနဲ့ လက်တွေ့ရင်ဆိုင်ရမယ့် နောက်အခြေအနေ တခုလည်း ရှိနေတယ်လို့ ထပ်ပြောပါတယ်။ အဲဒီအခြေအနေကတော့ ရွေးကောက်ခံထားရတဲ့ အစိုးရသစ်အနေနဲ့ ဒီစစ်ပွဲကို ထောက်ခံဖို့ အာဆီယံကို ဖိအားပေးနိုင်တယ်လို့ မစ် Stothard က အခုလို ဆက်ပြောပါတယ်။

“ဒီမှာ အာဆီယံအတွက် ပိုပြီးတော့ အရေးကြီးတာက ရွေးကောက်ပွဲတွေပြီးသွားလို့ စစ်ပွဲတွေ ပြန်ဖြစ်လာခဲ့ရင် ရွေးကောက်ထားတဲ့ အစိုးရကနေ သူ့စစ်ပွဲ ထောက်ခံပေးဖို့ ပြောလာရင် အာဆီယံ အခက်ကြုံရနိုင်ပါတယ်။ အာဆီယံကို မြန်မာစစ်အစိုးရက ပြန်ပေးဆွဲသလို ဖြစ်ပြီးတော့ တိုင်းရင်းသားအဖွဲ့တွေကို တိုက်ခိုက်လာတာကို အတင်းအဓမ္မ ထောက်ခံခိုင်းသလို ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အာဆီယံနဲ့ အမေရိကန်အစိုးရက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာနိုင်ငံအကြောင်းကို ဆွေးနွေးဖို့အရေးကြီးပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ လုပ်ခဲ့တဲ့ အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲ ARF မှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကို နားမဆံ့အောင် ဝေဖန်တာတွေ လုပ်ခဲ့တယ်လို့ အာဆီယံအထွေထွေ အတွင်းရေးမှူး Surin Pitsuwan က ပြောခဲ့ဖူးပါတယ်။ ဒီနေ့လုပ်မယ့် အမေရိကန် အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရှိနေ ပါတယ်။ ဒါပေမဲ့ အခုလာမယ့် ထိပ်သီးဆွေးနွေးပွဲကိုတော့ မြန်မာဘက်က ဝန်ကြီးချုပ် ဦးသိန်းစိန် မတက်ရောက်ဘူးလို့ အာဆီယံအသိုင်းအဝိုင်းက ပြောနေကြပါတယ်။ အခုလို မတက်ရောက်တာဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နောက်ထပ်ဝေဖန်မှုတွေ နားမဆံ့အောင် ထပ်မကြားချင်လို့ ဖြစ်နိုင်တယ်လို့ ဒီနေ့ထုတ် အင်ဒိုနီးရှားနိုင်ငံက ဂျကာတာသတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

အမေရိကန်အစိုးရကတော့ ဒီထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ပေးဖို့ အာဆီယံနဲ့အတူ ပူးတွဲတောင်းဆိုဖို့ သမ္မတ အိုဘားမား က ပြောဖို့ရှိတယ်လို့ အမေရိကန်အစိုးရ အရှေ့အာရှဆိုင်ရာ အကြီးတန်း အရာရှိ Jeff Bader က မနေ့က ပြောခဲ့ပါတယ်။

အခုလို အမေရိကန်အစိုးရက ပြောတာကို အာဆီယံအနေနဲ့ ဘယ်လို တုန့်ပြန်မလဲ ဆိုတာကိုတော့ ဒီနေ့ အစည်းအဝေးမှာ ဆက်ပြီးတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG