သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာနဲ့ မြန်မာနိုင်ငံ


အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်မှ ထုတ်ပြန်သော ၂၀၁၆ ခုနှစ်အတွက် ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ။
အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်မှ ထုတ်ပြန်သော ၂၀၁၆ ခုနှစ်အတွက် ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘာသာရေးလွတ်လပ်ခွင့် အခြေအနေဟာ အကြီးအကျယ် လျော့ကျသွားခဲ့တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က တနလာၤနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ် ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပသေးခင် အခြေအနေကို အစီရင်ခံစာက အဓိကထား ရေသားတာ ဖြစ်ပေမယ့် အစိုးရသစ်အနေနဲ့ ဘာသရေးလွတ်လပ်ခွင့် တိုးတက်အောင် ဘာတွေ ဆောင်ရွက်သင့်တယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းရေးသားထားပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။

ကမ္ဘာတဝှမ်း အာဏာရှင်ဆန်တဲ့ အစိုးရတွေလက်အောက်မှာ ဘာသာရေး ယုံကြည်ချက်ကြောင့် လူတွေ ဖမ်းဆီးထောင်ချ ခံနေရတဲ့အကြောင်း၊ အဲဒီအထဲမှာ မကြခဏဆိုသလို ဖမ်းဆီးခံရသူ အများစုဟာ ခရစ်ယာန်နဲ့ မူဆလင်တွေ ဖြစ်ကြတဲ့အကြောင်း ကော်မရှင်ရဲ့ အစီရင်ခံစာက ဖေါ်ပြပါတယ်။ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်စတဲ့ နိုင်ငံတွေက ဘာသာရေးဖိနှိပ်မှုတွေကို ထုတ်ဖေါ်ပြောဆိုတဲ့ တချိန်တည်းမှာ အမေရိကန် အစိုးရနဲ့ မဟာမိတ်အဖြစ် လက်တွဲနေတဲ့ ဗီယက်နမ်နဲ့ အီဂျစ်နိုင်ငံတွေက ဘာသာရေး ဖိနှိပ်မှုတွေကိုလည်း USCIRF အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာ မှာ ရေးသားထားပါတယ်။

နိုင်ငံပေါင်း ၃၀ ကျော်က ဘာသာရေး ဖိနှိပ်မှုတွေကို အစီရင်ခံ တင်ပြထားတဲ့ တချိန်တည်းမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တရုတ်၊ စတဲ့ အာရှ သုံးနိုင်ငံ အပါအဝင် ၁၀ နိုင်ငံကို အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေ စာရင်းမှာ ဆက်ပြီး ထည့်သွင်းဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဆီ အဆိုပြုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ဘင်္ဂလီလို့ခေါ်တဲ့ ရိုဟင်ဂျာတွေ အပေါ်မှာ ဘာသာရေး လူမျိုးရေး အကြောင်းပြ ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာကို အစီရင်ခံစာက ဖေါ်ပြပါတယ်။ အစီရင်ခံစာပါ အချက်တွေနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် အဖွဲ့ကြီးရဲ့ အရှေ့အာရှရေးရာ သုတေသနမှူ းTina Mufford က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ အမုန်းတရား ပျံ့ပွားအောင် ထုတ်ဖေါ်ပြောဆိုတာတွေ၊ အထူးသဖြင့် မူဆလင်တွေအပေါ်၊ ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူတွေအပေါ် အကြမ်းဖက်မှုတွေ ရှိနေတာကို ကျမတို့ တွေ့ခဲ့ရပါတယ်။ လူမျိုးရေး ဘာသာရေးအရ ခွဲခြားတဲ့ ဥပဒေလေးခုကို အတည်ပြုခဲ့တာလည်း ရှိပါတယ်။ မူဆလင်တွေ အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တာတွေ ရှိသလို၊ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိခဲ့တာတွေလည်း တွေ့ခဲ့ရပါတယ်။”

အစီရင်ခံစာမှာ တိုင်းရင်းသား လူမျိုးစုဒေသတွေက ခရစ်ယာန် ဘာသာရေး လူနည်းစုတွေကို ပစ်မှတ်ထားတဲ့ ခွဲခြား ဆက်ဆံမှုတွေအကြောင်းကိုလည်း ထည့်သွင်းထားပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်မှာ အနည်းဆုံး လူတစ်သိန်း လောက် ပြည်တွင်း အိုးမဲ့အိမ်မဲ့အဖြစ် ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီထဲက အများစုဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေး၊ နိုင်ငံရေး အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မယ့် နိုင်ငံတကာ သဘောတူညီချက်တွေမှာ ပိုပြီး ပါဝင်လာအောင် တွန်းအားပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာ ဘာသာရေးဆိုင်ရာ လူနည်းစု၊ တိုင်းရင်းသား လူမျိုးစုတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အာမခံနိုင်မယ့် ဥပဒေတွေ ပြဌာန်းပြီး ခိုင်ခိုင်မာမာ ကျင့်သုံးနိုင်အောင် တိုက်တွန်းဖို့လည်း အမေရိကန်ပြည်ထောင်စုကို အဆိုပြုထားပါတယ်။ အရှေ့အာရှရေးရာ သုတေသနမှူး Tina Mufford က အခုလို ဆက်ပြောပါတယ်။

“ကျမတို့ ဘက်က အဆိုပြုချက်တွေဟာ ယေဘူယျအားဖြင့် အမေရိကန် အစိုးရကို အဓိက တင်ပြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း နောင် အာနာဂတ် မှာ ရှေ့ဖြစ်လာဖို့ မျှော်လင့်တဲ့ အလားအလာတွေကို အဆိုပြုတာ ဖြစ်ပါတယ်။ လာမယ့်နှစ်တွေ အတွင်း မြန်မာအစိုးရက တိုးတက်အောင် ဆောင်ရွက်လာမယ်လို့ မျှော်လင့်တဲ့ မျှော်လင့်ချက်တွေကို ထင်ဟပ်နေတယ်လို့ ပြောရမှာပါ။ ဧပြီလ ၁၄ ရက်နေ့ကလည်း ဒီကိစ္စကို ကျမတို့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။”

ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ USCIRF ရဲ့ ကြေညာချက် က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ အစိုးရသစ်ကို အဓိက ဦးတည် ထုတ်ပြန်ခဲ့တာပါ။ မြန်မာ အစိုးရသစ် အနေနဲ့ ဘာသာရေး ဒါမှမဟုတ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးပြီးတော့ နှစ်သစ်ကို စတင်ပါလို့ ကော်မရှင်က တိုက်တွန်းခဲ့ပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ရွေးချယ်ခံ ပထမဆုံး အရပ်သား သမ္မတ ဦးဆောင်တဲ့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့် အပါအဝင် တရားဥပဒေ စိုးမိုးရေးတွေအပေါ် ခိုင်မာတဲ့သန္နိဋ္ဌာန် ရှိတယ် ဆိုတာကို သက်သေပြ ရမယ်လို့လည်း USCIRF ကပြောဆိုထားပါတယ်။
ဒီကော်မရှင်ဟာ ကမ္ဘာတဝှမ်း ဘာသာရေး လွတ်လပ်ခွင့် ဒါမှမဟုတ် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်တွေကို စောင့်ကြည့် လေ့လာတဲ့ သီးခြား လွတ်လပ်တဲ့ ကော်မရှင်တခု ဖြစ်ပါတယ် ခင်ဗျား။

XS
SM
MD
LG