သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုကြောင့် မြန်မာဆန်စပါး အထွက်နည်းမည်


ရာသီဥတုကြောင့် မြန်မာဆန်စပါး အထွက်နည်းမည်

မြန်မာနိုင်ငံအပါအ၀င် အာရှက ရေကြီးမှုတွေ ကြုံခဲ့ရတဲ့ နိုင်ငံတွေမှာ ဆန်စပါးအထွက် လျော့နည်းနိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြောပါတယ်။ ဒီလို အထွက်လျော့နိုင်ပေမဲ့လည်း တခြားဒေသတွေမှာ အလားအလာကောင်းတွေ ရှိနေတဲ့အတွက် ကမ္ဘာတ၀န်း ဆန်အရောင်းအ၀ယ် အပေါ်မှာတော့ ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားတာပါ။ စိုက်ပျိုးရေးကို ပင်မစီးပွားရေးအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံနဲ့ အာရှက ဆန်စပါးထုတ်လုပ်မှု အခြေအနေ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတွေ အပါအ၀င် အာရှဒေသက ရေကြီးမှုဒဏ်ခံနေရတဲ့ တိုင်းပြည်တွေမှာ ဒီနှစ် ဆန်စပါး အထွက် လျော့နည်းနိုင်တယ်လို့ FAO ရဲ့ နောက်ဆုံး အစီရင်ခံစာက ဖော်ပြပါတယ်။ ဒါပေမဲ့လည်း အာရှတိုက်က နိုင်ငံတချို့နဲ့ တခြားဒေသတွေမှာ အထွက်ကောင်းမယ့် အလားအလာတွေ ရှိနေတာကြောင့် ဒီနှစ်မှာ ကမ္ဘာတ၀န်း ဆန်တန်ချိန် ၇၂၁ သန်းအထိ ထွက်နိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် ဒါဟာ မနှစ်ကထက်စာရင် ၃% အထိ ပိုတိုးလာတာ ဖြစ်ပါတယ်။ သြဂုတ်လကစလို့ ရေကြီးမှုဒဏ်ခံရတဲ့ အာရှတိုင်းပြည်တွေထဲက မြန်မာနိုင်ငံမှာတော့ အစောပိုင်း ခန့်မှန်းချက်ထက် လျော့နည်းမယ်လို့ FAO ရဲ့ အကြီးတန်း စီးပွားရေး ပညာရှင် Concepción Calpe က ပြောလိုက်တာပါ။

“မြန်မာနိုင်ငံဟာလည်း ရေကြီးတဲ့ဒဏ်ခံခဲ့ရတာ ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက အထွက်နှုန်းအပေါ် ကျမတို့က အစောပိုင်း ခန့်မှန်းချက်ထက် လျော့မယ်လို့ တွက်ထားတာပါ။ ရှေ့နှစ် မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုတွေမှာလည်း လျော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း သိပ်များများစားစားတော့ မဖြစ်နိုင်ပါဘူး။”

ရေကြီးမှုဒဏ် ဆိုးဆိုးရွားရွား ခံနေရတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဆန်ထုတ်လုပ်မှုတွေ လျော့ပါးနိုင်တာထက် အစိုးရက စပါးတွေကို ဈေးကောင်းပေးပြီး လယ်သမားတွေဆီက ၀ယ်ယူဖို့ မူဝါဒသစ်ကို ချမှတ်လိုက်တဲ့အတွက် ကမ္ဘာ့ဆန်တင်ပို့မှုမှာ ထိပ်ဆုံးနေရာ ရောက်နေတဲ့ အခြေအနေတွေကို ထိခိုက်ကောင်း ထိခိုက်နိုင်တယ်လို့ FAO က သတိပေးပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီနှစ်မတ်လကုန်မှာ အစိုးရသစ်တက်လာပြီးတဲ့နောက် ပြည်ပကုန်တင်ပို့တဲ့ မူဝါဒတွေကို ပိုမိုအားပေး လာတာမျိုး ရှိတဲ့အတွက် ရာသီဥတုဖျက်ဆီးမှုကြောင့် အထွက်လျော့နိုင်ပေမဲ့ ဆန်တင်ပို့မှုတွေမှာ သိပ်ထိခိုက်စရာ မရှိနိုင်ဘူးလို့လည်း FAO က အကြီးတန်းစီးပွားရေး ပညာရှင် Concepción Calpe က ပြောပါတယ်။

“တကယ်တော့ ဒီနှစ်ထဲမှာ မြန်မာအစိုးရက ပြည်ပကို ကုန်တင်ပို့တဲ့ လုပ်ငန်းတွေကို အားပေးဖို့ ကြိုးစားနေတာပါ။ ပြည်ပတင်ပို့ခွင့် လိုင်စင်တွေကို ချပေးဖို့လည်း စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ထုတ်လုပ်မှုအပိုင်းမှာ အကန့်အသတ်တွေ ရှိနိုင်ပေမဲ့ ဈေးကောင်းရနေတဲ့ ပြည်ပကို ကုန်တင်ပို့တာတွေမျိုး အစိုးရက အားသန်နေတာမို့ ဆန်တင်ပို့မှုတွေကတော့ ရှိနေဦးမှာပါ။”

မုန်တိုင်းတွေနဲ့ မိုးသည်းထန် ရွာသွန်းမှုတွေကြောင့် မြန်မာနိုင်ငံက ဆန်စပါးစိုက်ပျိုးရာ အဓိကဒေသတွေမှာ ရေကြီးမှုတွေ ကြုံခဲ့ရတဲ့အတွက် စိုက်ပျိုးရေးတွေမှာ ထိခိုက်မှုတွေ ကြုံနေရတာပါ။ ဒီအတွက် မြန်မာနိုင်ငံမှာ ဆန်စပါး အထွက်လျော့မယ့် အလားအလာတွေ ရှိနေချိန် ပြည်ပတင်ပို့မှုတွေ များမယ်ဆိုရင်တော့ ဆန်ဈေးနှုန်းတက်တဲ့ အခြေအနေမျိုးတွေ ကြုံရမှာကိုစိုးရိမ်ရတယ်လို့ ရန်ကုန်မြို့က ဆန်ကုန်သည်တစ်ယောက်က ပြောပါတယ်။

“အထွက်နည်းတဲ့အခါကျတော့ ဆန်ဈေး ကမောက်ကမ ဖြစ်ဖို့ဆိုတာက ကျနော်တို့ အခုချိန်မှာ မဖြစ်သေးဘူးလေ။ ဘယ်လိုခေါ်မလဲဆိုတော့ ရာသီကုန်ခါနီးမှပဲ ဖြစ်မှာပေါ့။ အခုဟာက အဟောင်းကလည်း မကုန်သေးဘူး။ အသစ်ကလည်း အခု ပေါ်လာပြီလေ။ အသစ်ပေါ်လာတဲ့အခါကျတော့ အသစ်ဈေးက သုံးသောင်းကနေ စဖွင့်တာပေါ့နော်။ ဒီနှစ်ဆိုရင် နှစ်ဆယ့်ရှစ်ခွဲ၊ နှစ်ဆယ့်ကိုး၊ သုံးသောင်း ဆိုပြီး အဲဒီလိုရောင်းကြတယ်။ အဲဒါ သူတို့ နိုင်ငံခြားပို့တဲ့ ကိစ္စနဲ့လည်း သက်ဆိုင်တယ်ပေါ့နော်။ အိတ်စ်ပို့စ် ထုတ်ပေးလိုက်မယ်ဆိုရင်တော့ လာမယ့်နှစ်မှာ ဆန်ဈေးကတော့ တက်လာနိုင်စရာ အကြောင်းရှိတယ်။ လက်ရှိ စပါးဈေးကလည်း မြင့်တယ်။ မနှစ်က ကျနော်တို့ ပေါ်ခါစကိုဝယ်လို့ရှိရင် စပါး တစ်ရာကို ငါးသိန်း၊ ငါးသိန်းခွဲပဲ ၀ယ်ရတယ်။ အခု ဒီနှစ်ဆိုရင် ခြောက်သိန်း၊ ခြောက်သိန်းခွဲ ၀ယ်ရတယ်။ ဆန်ပြတ်သွားနိုင်ပါတယ်။ ပုံမှန်အတိုင်း ထုတ်မယ်ဆိုရင်ပေါ့နော်။”

FAO ကတော့ တခြားဆန်စိုက်တဲ့ တိုင်းပြည်တွေက ထုတ်လုပ်မှုတွေ တိုးတက်နိုင်တဲ့အတွက် ဒီနှစ်တစ်နှစ်လုံးအတွက် ဆန်ချိန် တစ်သန်းလောက် တိုးပြီး ၃၄.၃ သန်းလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။ ဒါဟာဆိုရင် မနှစ်ကထက်စာရင် ၉% တိုးလာတာဖြစ်ပြီး FAO က မှတ်တမ်းတင်ထားတဲ့ တလျှောက်လုံးမှာ အများဆုံးလို့လည်း ဖော်ပြပါတယ်။ ဒါပေမဲ့လည်း ရှေ့နှစ် ၂၀၁၂ ခုနှစ်ထဲမှာတော့ ၀ယ်လိုအားတွေ ကျဆင်းနိုင်တဲ့ အလားအလာတွေ ရှိနေတာကြောင့် ဆန်တင်ပို့မှုဟာ ၃၃.၈ သန်းလောက်အထိ ပြန်ပြီးကျဆင်းနိုင်ကြောင်းလည်း ကြိုတင် ဟောကိန်းထုတ်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG