ရာသီဥတုဖောက်ပြန်မှုတွေ ကြုံနေရတာမို့ ဆန်စပါးစိုက်ပျိုးဖို့ တောင်သူတွေ အနေနဲ့ စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။ မုတ်သုန်မိုး အဝင်နောက်ကျတာ၊ မိုးခေါင်တာ စတဲ့ ရာသီဥတု မမှန်တဲ့အတွက် ဆန်စပါး အဓိက စိုက်ပျိုးရာ မြစ်ဝကျွန်းပေါ် ဒေသမှာသာမက ကျန်တခြား ဒေသတွေမှာပါ စပါးအထွက်နှုန်း ကျဆင်းနိုင်ကြောင်းလည်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက အစီရင်ခံစာ ထုတ်ပြန် သတိပေးလိုက်တာပါ။ ရာသီဥတု ဖောက်ပြန်မှုဒဏ်ခံနေရတဲ့ လယ်သမားတွေ ဘယ်လို အခက်ကြုံ နေရသလဲ ဆိုတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ဒီနှစ်မှာ အပူချိန် ထူးထူးကဲကဲ မြင့်မားတာ၊ မုတ်သုန်မိုး အဝင်နောက်ကျတာ မိုးရာသီ ရောက်ပေမဲ့လည်း မိုးမမှန်တာ စတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ဆန်စပါး စိုက်ပျိုးသူ တောင်သူတွေ အနေနဲ့ စပါးအထွက်ကျမှာကို ပူပမ်နေကြပါတယ်။ ရာသီဥတု ပူပြင်းလွန်းလို့ ရေပြတ်လပ်မှုတွေ ကြုံခဲ့ရသလို၊ မိုးအဝင်နောက်ကျလို့ စိုက်ပျိုးရေးတွေ နောက်ကျခဲ့ရပြီး အခုအခါ မိုးကမမှန် ဖြစ်နေရဆဲမို့ အရင်ကလောက် စိုက်ကြပျိုးကြတာတွေ မရှိကြသလို၊ မြစ်ဝကျွန်းပေါ်ဒေသရဲ့ ကျန်စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ ငါးဖမ်းလုပ်ငန်း ဆားချက်လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေ ရှိနေရတယ်လို့ ဒေသခံတွေက ပြောကြတာပါ။
“လက်ရှိ ရှိနေတဲ့ လူတွေတောင်မှ ဆယ်ဧကပြည့်အောင် မလုပ်ကြဘူး။ တံငါလုပ်ငန်းတွေ ဆိုရင်လည်း အရင်နှစ်ကထက်စာရင် ငါးရမှုတွေ နည်းတယ်။ အခြား ရေထွက်ပစ္စည်း၊ ပုဇွန်၊ ဂဏန်း အဲဒါတွေကလည်း မနှစ်ကထက်စာရင် ဒီနှစ်ရတာ အရမ်းနည်းပါတယ်။ အခုရာသီဥတုကလည်း တစ်ရက်မိုးရွာပြီး၊ သုံးရက်လောက် မိုးရွာတဲ့ အနေအထား တွေ့ရတယ်။
မိုးတွေကလည်း အုံ့မည်းနေပြီး ရွာတယ်၊ ရွာပြီးတခါ ပြန်ပူလာရင်လည်း ၂ ရက် ၃ ရက်လောက် ဆက်တိုက်ပူတယ်။ မိုးက အရင်လို မိုးရာသီမျိုးလို ဆက်တိုက်ရွာတဲ့ ရာသီဥတုမျိုး မဟုတ်တော့ဘူး။ ရာသီဥတု အပြောင်းအလဲက ကျနော်တို့ဆီမှာ အဲဒီလို ဖြစ်နေတယ်။ နောက်တခုက အခုဘာဖြစ်လဲဆိုတော့၊ မနေ့ကဆိုရင် မိုးအုံ့ပြီး လေလည်း တော်တော်ကြမ်းကြမ်းတိုက်တယ်။ အဲဒါမျိုးတွေ တွေ့ရတယ်။ အမိုးတွေလန်တယ်၊ လူတွေ ထိတ်လန့်တကြား ပြေးတာတွေရှိတယ်။ မနေ့က နေ့ခင်းပိုင်း ၂ နာရီခွဲ လောက်က ဖြစ်သွားတာ။ မြစ်ထဲမှာလည်း လှိုင်းကြီးတာတွေရှိတယ်။ တချို့ လှေ ၂ စင်း ၃ စင်း တိမ်းမှောက်တာတွေ ရှိတယ်။”
ဒီလိုသာ မိုးမမှန်ဘူးဆိုရင်တော့ ဒီနှစ် ဆန်စပါး အထွက်ဆုတ်နိုင်တယ်လို့လည်း ဒီတပတ်ထဲ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) တို့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက တွက်ဆခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝန်းက လယ်သမား ၃,၄၀၀ ကျော်ကိုမေးမြန်းပြီး ပြုစုထားတဲ့ ထုတ်ပြန်ချက်မှာ ရှေ့လာမယ့် သြဂုတ်လနဲ့ စက်တင်ဘာလတွေအထိ ရာသီဥတုဖောက်ပြန်မှုတွေ ဆက်ကြုံရမယ်ဆိုရင် လယ်သမားတွေ အနေနဲ့ စပါးအထွက် ၇၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းမှာကို စိုးရိမ် နေကြတယ်လို့လည်း ဖော်ပြခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ စပါးကျီလို့ ဆိုရမယ့် မြစ်ဝကျွန်းပေါ် ဒေသက ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ အထောက်အကူတွေ ုဖြစ်တဲ့ မျိုးစပါး၊ ဓာတ်မြေသြဇာ၊ ထွန်ယက်ပစ္စည်း အလုံအလောက် မရနိုင်တာဟာလည်း စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် ဆုတ်ယုတ်စရာ အခြေအနေတွေ ဖြစ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ကျနော်တို့ တချို့ ကျန်နေတဲ့ အန်ဂျီအိုအဖွဲ့တချို့ကတော့ မျိုးစပါးနည်းနည်းပါးပါး တနိုင်တပိုင် ဝေတာတွေတွေ့ရတယ်။ ဒါပေမဲ့ ပြည့်စုံမှု မရှိဘူး၊ အနည်းအကျဉ်းလောက်ပဲ။ ဒီအစိုးရဘက်ကနေ လယ်သမားတွေကို မျိုးစပါးပေးမှုတွေတော့ ဒီနေရာတွေမှာ မရှိပါဘူး။”
ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) တို့က ဇွန်လပထမပတ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဆိုရင်တော့ မြစ်ဝကျွန်းပေါ်ဒေသအပြင် ဆန်စပါးစိုက်ပျိုးရာ တခြားဒေသတွေမှာလည်း ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံနေရပြီး၊ အဆိုးရွားဆုံး အဖြစ်နဲ့ကတော့ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်က ဒေသတွေ ပါဝင်တယ်လို့လည်း ဖော်ပြခဲ့တာပါ။
မြန်မာနိုင်ငံသာမက ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့ဆန် တင်ပို့မှု အများဆုံး နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံတွေမှာ ဆန်စပါး အထွက်နှုန်း ထိခိုက်မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ မိုးခေါင်ရေရှားမှုကြောင့် ဆန်စပါး အထွက်ဟာ ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့သလို၊ ဆန်ဈေးဟာလည်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းနေလို့ လယ်သမားတွေ တွက်ချေမကိုက် ဖြစ်နေကြတာပါ။ ဒီအတွက် မေလထဲမှာတုန်းကတော့ ထိုင်းအစိုးရက စပါးဈေးကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပေမဲ့ ဒါတွေဟာ လုံလောက်မှုမရှိဖြစ်နေဆဲပဲလို့လည်း ဆန်စပါးလုပ်ငန်းရှင်တွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။