သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းချိန် တန် မတန်


ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းချိန် တန် မတန်
ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းချိန် တန် မတန်

မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိန်းသိမ်းခံထားရသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးတဲ့အချိန်အထိ နိုင်ငံတကာ အသိုင်းအဝိုင်းက ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ပြန်လည် ရုပ်သိမ်းတာမျိုးမလုပ်ဖို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အဓိက လှုပ်ရှားပြောဆိုနေကြသူတွေက တောင်းဆိုလိုက်ကြပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကတော့ မြန်မာနိုင်ငံတွင်း ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းတွေကို အကူအညီပေးနိုင်ဖို့အတွက် ထောက်ပံ့ငွေတွေ ခွင့်ပြုရေးမှာ ဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ အရေးကြီးတဲ့အကြောင်း ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Ron Corben ဘန်ကောက်မြို့က ပေးပို့ထားတဲ့ သတင်းလွှာကို မခင်ဖြူထွေးက အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးကျဉ်းသားအားလုံး လွတ်မြောက်လာတဲ့ အချိန်အထိ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လုံး၀ ဖယ်ရှားပစ်လိုက်တာမျိုး မလုပ်ဘဲ မြန်မာအစိုးရအပေါ် ဆက်ပြီး ဖိအားပေးသွားဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောဆိုလိုက်တာပါ။ ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးတဲ့ လက်ရှိ AAPP ရဲ့ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်က ဘန်ကောက်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောပါတယ်။

“sanctions (ဒဏ်ခတ်အရေးယူမှု) ပြန်ရုပ်သိမ်းဖို့ဆိုရင် ဦးသိန်းစိန် အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံး လွှတ်ပေးရပါလိမ့်မယ်။ နောက် နံပါတ်နှစ် အချက်က တနိုင်ငံလုံး အတိုင်းအတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ရရှိဖို့လိုပါတယ်။ နံပါတ်သုံးအချက်က နိုင်ငံသူနိုင်ငံသားတွေ အနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင်လုပ်နိုင်ဖို့အတွက် နိုင်ငံသားတွေကနေပြီးတော့ လူ့အခွင့်အရေး အဖွဲ့တွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပြုဖို့ လိုအပ်ပါတယ်။ အဲဒီလို လှုပ်ရှားခွင့်ရပြီ ဆိုလို့ရှိရင်တော့ ဒါ sanctions ရုပ်သိမ်းဖို့ကို ပြန်ပြီးတော့ စဉ်းစားသင့်ပါတယ်။”

မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသား တချို့ကို ပြန်လွှတ်ပေးခဲ့တာ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ပြန်လည် ပါဝင်ခွင့်ပြုတာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်တာတွေ လုပ်လာခဲ့ပြီးတဲ့ နောက်မှာတော့ သမ္မတ ဦးသိန်းစိန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အမြန်ဆုံး ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

အခုနောက်ဆုံးအကြိမ် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာမှာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ အဓိက ဦးဆောင် ပါဝင်ခဲ့သူတွေလည်း ပြန်လည် လွတ်မြောက်လာခဲ့တာပါ။ ဒါပေမဲ့ ဆက်လက် ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတုန်းပဲလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကစလို့ နိုင်ငံရေးအကျဉ်းသား ၆၄၇ ယောက် ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပေမဲ့ နောက်ထပ် ၇၀၀ နဲ့ ၁,၀၀၀ ကြား အရေအတွက်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ပြီးရှိနေတုန်းပဲလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။

မြန်မာအစိုးရကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိပါဘူးလို့ ငြင်းဆန်နေဆဲပါ။ ဒီလို အသိအမှတ်ပြုမှုမျိုး မရှိတဲ့အတွက်ကြောင့်လည်း တချို့ နိုင်ငံရေး အကျဉ်းသားတွေကို သာမန်အကျဉ်းသားတွေလို သဘောထားခံရပြီး နှစ်ရှည် အကျဉ်းချခံရတဲ့ အဖြစ်မျိုးတွေ ဖြစ်မှာကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြတာပါ။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတချို့ ရှိလာတယ်ဆိုပေမဲ့ အခြေအနေက စိုးရိမ်ရတဲ့အဆင့်မှာ ရှိနေတုန်းပဲလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က သုတေသီ Benjamin Zawacki က ပြောပါတယ်။ မြန်မာအစိုးရဟာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားနိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို အသုံးချနေတယ်လို့ သူက ဆိုပါတယ်။

“ဘယ်လိုနည်းနဲ့မှ အကျဉ်းထောင်တွေထဲမှာ ရှိမနေသင့်တဲ့သူတွေ၊ ဒီလိုလူတွေ အတော်များများ ဖမ်းဆီးခံနေရတာပါ။ စဉ်းစားကြည့်ပါ… ဒီလိုလူတွေကို အပေးအယူသဘောနဲ့ အသုံးချနေတဲ့ကိစ္စက အတော်ကို စိတ်အနှောက်အယှက် ဖြစ်စရာပါ။”

ဒါပေမဲ့လည်း နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့တွေကတော့ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်း စေချင်နေကြတာပါ။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ashok Nigam က အကူအညီ လိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ထောက်ပံ့နိုင်ဖို့မှာ ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ ဖယ်ရှားဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

“ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားဖို့ သိပ်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံထဲမှာ ကျနော်တို့ရဲ့ လုပ်ငန်းတွေ လည်ပတ်နေဆဲဖြစ်လို့ပါ။ အထူးသဖြင့် UNDP ရဲ့ ဌာနေအစီအစဉ်တွေ ပုံမှန် လည်ပတ်နိုင်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ တင်းကျပ်တဲ့ အတားအဆီးတွေအောက်မှာ ကျနော်တို့ လည်ပတ်နေရတာပါ။ ဌာနေ အစီအစဉ်ဟာ ဒေသခံပြည်သူတွေရဲ့ စွမ်းဆောင်ရည် မြင့်တင်ရေး ကိစ္စတွေမှာ အဓိကထား လုပ်ကိုင်တာဖြစ်ပြီး အဲဒီကိစ္စတွေမှာ အစိုးရအနေနဲ့ အပြည့်အ၀ တာဝန်ယူရတာ ဖြစ်ပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေကိုသာ ဖယ်ရှားလိုက်မယ်ဆိုရင် အခုကိစ္စတွေအတွက် ကျနော်တို့မှာ အများကြီး အကျိုးကျေးဇူးတွေ ဖြစ်လာစေမှာပါ။”

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ဆိုရင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ အပြင် ဂျာမဏီနဲ့ ဗြိတိန် စတဲ့ အနောက် ဥရောပနိုင်ငံ ၁၂ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံရဲ့ အမှုဆောင် ဘုတ်အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါတယ်။ မကြာသေးခင် သီတင်းပတ်တွေအတွင်း အကြီးတန်း အမေရိကန် အထက်လွှတ်တော် ခေါင်းဆောင်တွေက အခြေအနေပေါ်မှာ မူတည်ပြီး စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းဖို့ကိစ္စ ပြောဆိုမှုတချို့ ရှိခဲ့ပါတယ်။ ဒီသီတင်းပတ်တွင်းမှာပဲ ဥရောပသမဂ္ဂ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကလည်း သန်း ၂၀၀ နီးပါးရှိတဲ့ ကူညီထောက်ပံ့ရေး အစီအစဉ်တစ်ရပ် ချမှတ်ဖို့ စီစဉ်နေတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အကြီးတန်း မြန်မာအစိုးရ ခေါင်းဆောင်တွေအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ထားတာကိုလည်း မကြာသေးခင်ကပဲ ဥရောပသမဂ္ဂက ဖယ်ရှားပေးခဲ့တာ ဖြစ်ပါတယ်။

ဧပြီလထဲ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတဖို့နဲ့ လာမယ့်လပိုင်းတွေအတွင်း ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂ နိုင်ငံတွေက ခေါင်းဆောင်တွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG