သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ဘောသား ၂၃ ယောက်ပါ သင်္ဘော ပြန်ပေးဆွဲခံရ


မြန်မာသင်္ဘောသား ၂၃ ယောက်ပါ သင်္ဘော ပြန်ပေးဆွဲခံရ
မြန်မာသင်္ဘောသား ၂၃ ယောက်ပါ သင်္ဘော ပြန်ပေးဆွဲခံရ

မြန်မာနိုင်ငံသား သင်္ဘောသားတွေ လိုက်ပါလာတဲ့ သင်္ဘောတစင်းကို ဆိုမာလီ ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲသွားခဲ့ပါတယ်။ မြန်မာသင်္ဘောသား ၂၃ ယောက်ပါတဲ့ လိုက်ဘေးရီးယားနိုင်ငံ မှတ်ပုံတင် MV Panama သင်္ဘောကို တန်ဇန်းနီးယား အရှေ့ပိုင်းမှာ သောကြာနေ့က အမြန်ရေယာဉ် ၂ စင်းနဲ့ ဆိုမာလီပင်လယ်ဓားပြတွေက စီးနင်းသိမ်းပိုက်ခဲ့တာလို့ ဥရောပသမဂ္ဂ (EU) ရဲ့ ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် Paddy O’Kennedy က အတည်ပြုပြောဆိုလိုက်တာပါ။

တန်ဇန်းနီးယားနဲ့ မိုဇမ်ဘစ် ၂ နိုင်ငံ နယ်စပ်အရှေ့ပိုင်း ရေမိုင် ၈၀ လောက်အကွာမှာ ရော့ကတ် လက်နက်တွေကိုပါ အသုံးပြုပြီး ပြန်ပေးဆွဲသွားခဲ့တာလို့လည်း ပြောခွင့်ရသူက ကြေညာချက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ တန်ဇန်းနီးယားနိုင်ငံ Dar es Salaam ကနေ မိုဇမ်ဘစ်နိုင်ငံ Beira ကို ဦးတည်မောင်းနှင်နေစဉ် အမေရိကန်ပိုင် ကုမ္ပဏီတခုက ပြေးဆွဲနေတဲ့ ဒီသင်္ဘော တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နောက်ဆုံး အခြေအနေကိုတော့ မသိရသေးဘဲ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ EU ရေတပ်က ပြောဆိုခဲ့ပါတယ်။

ဒါဟာဆိုရင် ဆိုမာလီမြစ်ဝှမ်းဒေသမှာ ပင်လယ်ဓားပြတွေရဲ့ လှုပ်ရှားမှုတွေ ချဲ့ထွင်လာတဲ့ နမူနာတခုဖြစ်တယ်လို့လည်း EU ရေတပ် ပြောခွင့်ရသူက ဆိုပါတယ်။ အိန္ဒိယနိုင်ငံနားမှာ ဒီတပတ်အစောပိုင်းတုန်းက ပြန်ပေးဆွဲခံခဲ့ရတဲ့ သင်္ဘောတစင်းကိုလည်း ဆိုမာလီကမ်းလွန်မှာ မကြာသေးခင်က တွေ့ခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ MV Jahan Moni သင်္ဘောပိုင် ကုမ္ပဏီက ဂြိုဟ်တုဓါတ်ပုံတွေရဲ့ အကူအညီနဲ့ သင်္ဘောရှိရာနေရာကို စနေနေ့ကပဲ အတည်ပြုပြောဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG