သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝယ်လိုအားကြောင့် မြန်မာဆား မကြုံစဖူးဈေးတက်


တရုတ်ဝယ်လိုအားကြောင့် မြန်မာဆား မကြုံစဖူးဈေးတက်
တရုတ်ဝယ်လိုအားကြောင့် မြန်မာဆား မကြုံစဖူးဈေးတက်

မြန်မာနိုင်ငံ၊ မန္တလေးမြို့မှာ ဒီကနေ့ ဆားပေါက်ဈေးဟာ ပုံမှန်ဈေးနှုန်းထက် ၃ ဆလောက် မြင့်တက်သွားပါတယ်။ ဈေး ထပ်တက်လာနိုင်တာကြောင့်လည်း ဆားရောင်းတဲ့ဆိုင် အတော်တော်များများဟာ အရောင်းပိတ်ထားပါတယ်။ အခုလို ဆားဈေးတက်တာကတော့ ဂျပန်မှာ နျူကလီယားစက်ရုံ ပေါက်ကွဲတာကြောင့် တရုတ်ပင်လယ်ကမ်းခြေမှာ ထုတ်လုပ်တဲ့ဆားတွေမှာ ဓါတ်ရောင်သင့်နိုင်တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်မှာ တရုတ်နိုင်ငံဘက်က မြန်မာပြည်ဘက်ကို ဆားမှာယူတာ များလာတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ အပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မန္တလေးမြို့မှာ ဆားဈေးတွေ အခုလို မြင့်တက်ခဲ့တာကတော့ မနေ့ညနေပိုင်းက ရုတ်တရက် စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့ နေ့ခင်းပိုင်းမှာတော့ ဆားအရောင်းအဝယ် ရပ်ဆိုင်းသွားတဲ့အခြေအနေကို ရောက်လာတာဖြစ်ပါတယ်။ ဒီလို ရုတ်တရက် ဈေးမြင့်တက်လာတဲ့အခြေအနေကို မန္တလေးမြို့က အိမ်ရှင်မတဦးက အခုလို ပြောပါတယ်။

“ခါတိုင်း တပိဿာ ၄၅၀ တို့၊ ၅၀၀ တို့ပဲ ဝယ်ရတာပေါ့နော်။ အခု ၁,၅၀၀ ဖြစ်သွားပြီ။ အိုင်အိုဒင်းဆား မနေ့က ကျမတို့ဝယ်တော့လေ ၁,၂၀၀ ပဲ ရှိသေးတာပေါ့နော်။ အခုကျ ၁,၅၀၀ တောင်မှ ဝယ်လို့မရဘူးလို့ ပြောနေကြတယ်။ တချို့တွေသွားဝယ်ကြတာ မရခဲ့ဘူးတဲ့။ အဲလိုပဲလေ မနေ့က ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဖြစ်သွားတော့ သူသူငါငါ အပြေးတွေပဲ ဆိုင်တွေမှာဝယ်နေကြတော့ ပြတ်သွားတာလဲ ဖြစ်ချင်ဖြစ်မှာ။ အခုလောလောဆယ်တော့ ကျမတို့နဲ့ရင်းနှီးတဲ့သူကပြောတာတော့ ၂,၀၀၀ ကို ဝယ်လို့မရဘူးတဲ့။ အဲလိုပြောနေတယ်။”

အခြား မြို့ခံတယောက်ကလည်း လက်ရှိ မန္တလေးမှာ ဆားဈေးကြီးမြင့်လာတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

“မနေ့က ကြာသပတေးနေ့ နေ့လည် ၂ နာရီလောက်ကနေ စပြီးတော့ ၃ နာရီအတွင်းမှာတင် ပိုက်ဆံရှိ ချမ်းသာတဲ့ မန္တလေးမြို့ပေါ်က တရုတ်တော်တော်များများက ဆားရောင်းတဲ့ဆိုင်တွေကို အကုန်သိမ်းသွားတယ်ဆိုတဲ့ သတင်းကြားတယ်။ အဲဒီကနေစပြီးတော့ ညပိုင်းမှာ ဆားကုန်ဈေးနှုန်းတက်တဲ့ ဂယက်က ထလာတယ်ခင်ဗျ။ ဒီနေ့ဆိုရင် သိသိသာသာပဲ ၂,၀၀၀ လောက်နဲ့တောင် ဝယ်ဖို့ရာ နေရာတော်တော်လေးကို ရှားပါးနေပါတယ်။ အနည်းငယ်သုံးစွဲနေကြတဲ့ ပြည်သူလူထုမှာ ဒီဆားရဲ့ ဈေးမြင့်မှုဒဏ်ကို ခံနေကြရတယ်ခင်ဗျ။ သူတို့လိုချင်တဲ့ ဆားရဖို့ရာအတွက် လိုက်လံရှာပေမဲ့လဲ ၁,၀၀၀ ကြားတဲ့ဆိုင် သွားလိုက်ပြန်တော့လည်း တကယ်သွားဝယ်ရင် မရ။ ၁,၅၀၀၊ ၂,၀၀၀ ကြားလို့ သွားပြန်ရင်လည်း မရနဲ့။ အခုဆိုရင် ၂,၀၀၀ ရဲ့အထက်မှာ တက်ဖို့ ရှိနေပါတယ်ခင်ဗျာ။”

အခြားကုန်သည်တယောက်တော့ သူဆီကို တရုတ်နယ်စပ်ဘက်က ဆားပို့ပေးဖို့ မှာယူတာရှိပေမဲ့ ဒီကနေ့ နေ့လည်မှာ ဆားတပိဿာ ၃,၀၀၀ နဲ့တောင် ဝယ်လို့မရဘူးလို့ ပြောပါတယ်။

“ဆားက ဒီမှာဆိုရင် ကျနော်တို့ အခု ရွှေလီတို့ဘာတို့ကလည်း ကျနော့်ဆီကို လှမ်းမှာကြတယ်။ ပို့ပေးဖို့လေ။ ဒါပေမဲ့ ဒီမှာ လောလောဆယ်အနေနဲ့က အဲဒီ အိုင်အိုဒင်းဆားအထုပ်က ဝယ်လို့မရဖြစ်နေတယ်။”

ရန်ကုန်မြို့က ပွဲစားတယောက်ကလည်း ရန်ကုန်မြို့မှာ ဆားကြမ်းဈေးဟာ ၂ ဆ မြင့်တက်လာပြီး ဒီကနေ့ အိုင်အိုဒင်းဆားဈေးကွက် မဖွင့်ဘူးလို့ပြောပါတယ်။

“ဆားကြမ်းဈေးက အခု ၂ ဆ တက်လာတယ်လေ။ အရင်တုန်းက တပိဿာကို ၄၂ ကျပ်ကနေ ဒီမနက် ၈၀ ပေါက်တယ်တဲ့။ နောက်တခုက အိုင်အိုဒင်းဆားက အရင်တုန်းက တပိဿာအထုပ်ကို ၁၈၀-၁၉၀ လောက်ရှိတယ်။ ဒီနေ့ ၂၅၀ လောက် ရောင်းတယ်။ နောက်ပြီးတော့ ဈေးကွက် ဒီနေ့ မဖွင့်ဘူး။ ဆားဈေးကွက် မဖွင့်ဘူး။ နောက်ပြီးတော့ မနက်ဖြန် ပိတ်ရက် ၂ ရက်လည်း ဖြစ်တဲ့အခါကျတော့ များများဝယ်မယ်ဆိုရင် မရောင်းဘူးပေါ့နော်။ ကျနော်က အဲဒါ ဘာဖြစ်လို့လဲလို့ မေးတဲ့အခါကျတော့ တရုတ်ပြည်က ဆွဲတယ်တဲ့။ တရုတ်ပြည်က ဆွဲတဲ့အတွက် ဆားဈေးတက်သွားတယ်ပေါ့။”

အခုလို တရုတ်နိုင်ငံဘက်က အဝယ်များတာကတော့ ဂျပန်နိုင်ငံမှာ နျူကလီးယားစက်ရုံတွေ ပေါက်ကွဲခဲ့တာတာကြောင့် အဲဒီကထွက်တဲ့ ဓါတ်ရောင်ခြည်တွေဟာ တရုတ်ကမ်းခြေကထုတ်တဲ့ ဆားတွေမှာ အဆိပ်သင့်နိုင်တယ်ဆိုတဲ့ သတင်းတွေပျံ့နှံ့ပြီး တရုတ်နိုင်ငံမြို့ကြီးတွေမှာ ဆားကို အလုအယက် ဝယ်ယူခဲ့တာကြောင့် ဖြစ်ပါတယ်။

တရုတ်အမျိုးသား ပင်လယ်ပြင် သဘာဝပတ်ဝန်းကျင်လေ့လာရေးအဖွဲ့ ကတော့ သမုဒ္ဒရာ ရေစီးကြောင်းကိုဖြတ်ပြီး ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်တွေဟာ တရုတ်ပြည်ဘက်ကို ရောက်မလာနိုင်ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG