သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လုပ်ဖို့ NLD လိုလား


စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လုပ်ဖို့ NLD လိုလား

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေဟာ ပြည်သူအများထက်ကို စစ်အစိုးရအပေါ် ထိရောက်စေတဲ့အတွက် ဒဏ်ခတ်မှုတွေ ဆက်ပြီး ရှိနေသင့်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ ပြည်သူအများစုထက် စစ်အစိုးရနဲ့ သူနဲ့နီးစပ်တဲ့ စီးပွားရေးသမားတွေကိုပဲ ထိခိုက်စေတယ်လို့ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးရဲ့ အပြောကို ရိုက်တာသတင်းထဲမှာ ကိုးကား ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေရဲ့ သက်ရောက်မှုနဲ့ ပတ်သက်လို့ NLD ရဲ့ လေ့လာတွေ့ရှိမှုတွေ၊ စီးပွားရေး ပညာရှင်တွေရဲ့ အကြံပေး ဆွေးနွေးမှုတွေအပေါ် အခြေခံပြီး NLD က အစီရင်ခံစာ တစောင်ကိုလည်း ဒီသီတင်းပတ်ထဲမှာ ထုတ်ပြန်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

နေအိမ်အကျယ်ချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလမှာ ပြန်လွတ်လာစဉ်က ပြည်သူအများရဲ့ သဘောထားတွေကို နားထောင်ပြီး အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားသင့်၊ မသင့် ဆိုတာကို NLD က ဆုံးဖြတ်မယ်လို့ ပြောခဲ့တာပါ။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်မလာစေဘဲ တရုတ်တို့ အိန္ဒိယတို့လို အိမ်နီးချင်း နိုင်ငံတွေနဲ့ စီးပွားရေးအရ ရင်းနှီးမှုတွေ ပိုရစေတယ်လို့ မြန်မာ့အရေး လေ့လာနေသူ တချို့က ပြောနေကြသလို အာဆီယံနိုင်ငံတွေ အပါအဝင် မြန်မာ့အိမ်နီးချင်း နိုင်ငံတချို့က အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဖယ်ရှားသင့်ပြီလို့ ပြောနေပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေကတော့ ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားဖို့ အခုအချိန်ဟာ စောနေသေးတယ်လို့ ပြောကြပါတယ်။

အစိုးရသစ်ဆီကနေ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ကို စောင့်ကြည့်နေတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ ပြောခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG