သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာဖို့ ပိတ်ဆို့မှု ဆက်ထားရှိမည်


လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာဖို့ ပိတ်ဆို့မှု ဆက်ထားရှိမည်
လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာဖို့ ပိတ်ဆို့မှု ဆက်ထားရှိမည်

မြန်မာနိုင်ငံတွင်း စီးပွားရေး အကျပ်အတည်းတွေဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့်သာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်လိုက်ချိန်မှာ အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ဆက်လက် ထားရှိသွားမယ်လို့ ပြောလိုက်ပါတယ်။ အခုလို အရေးယူမှုတွေဟာ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ မယ်မယ်ရရ မတွေ့ရသေးတာကြောင့် အမေရိကန် ပြည်ထောင်စု အနေနဲ့ နဂိုချမှတ်ထားတဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းဖို့ မရှိသေးဘူးလို့ တုံ့ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ကြည့်ရင် အမေရိကန် ပြည်ထောင်စုက လက်ရှိ ချမှတ်ထားတာဟာ အပြင်းထန်ဆုံးလို့ ပြောရမှာပါ။

အထူးသဖြင့် စစ်အစိုးရ စစ်တပ် အကြီးအကဲတွေနဲ့ သူတို့ မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေကို ပစ်မှတ်ထားပြီး ငွေကြေးနဲ့ ခရီးသွားလာခွင့် ပိတ်ဆို့ အရေးယူထားတာတွေ ပိုပြီး ထိရောက်တယ်လို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစု အတော်များများက ယူဆပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြုှပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်တဲ့ အရေးယူမှုဟာ မြန်မာလူထုကို ထိခိုက်စေသလို ပစ်မှတ်ထား အရေးယူမှုဟာလည်း ထင်သလောက် ထိရောက်မှု မရှိဘူးလို့ ဝေဖန်သံတွေလည်း အတော် ကျယ်လောင်ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ မြန်မာ့စီးပွားရေး အကျပ်အတည်းတွေဟာ ဒီ အရေးယူ ဒဏ်ခတ်မှုတွေကြောင့် မဟုတ်ဘဲ စစ်အစိုးရ ကိုယ်တိုင်ရဲ့ မူဝါဒ လမ်းညွှန်မှုတွေကြောင့်သာ ဖြစ်တယ်လို့ အပြစ်တင်ပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့တော့ လက်ရှိ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာအောင် ဖိအားပေးဖို့ အရေးယူမှုတွေကို ဆက်ထားရှိမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မြန်မာအာဏာပိုင်တွေ အနေနဲ့ ထင်သာမြင်သာတဲ့ အရေးယူ ကိုင်တွယ်ဖြေရှင်းမှုတွေ လုပ်ဆောင်ဖို့ ဖိအားပေးတဲ့ အနေနဲ့ ဒီ အရေးယူ ဒဏ်ခတ်မှုတွေကို ဆက်ထားရှိပါမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အမေရိကန် ပြည်ထောင်စုတို့က လိုလားပါတယ်။”

ဒါပေမဲ့လည်း အရေးယူမှုကြောင့် လူထုကို ဘယ်လောက် ထိခိုက်စေသလဲ ဆိုတာတွေကိုလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မပြတ် အမြဲတမ်း လေ့လာနေတယ်လို့လည်း ပြောပါတယ်။

“ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုဟာ ဘယ်လောက်အထိ ထိရောက်သလဲ ဆိုတာနဲ့ ဘယ်လောက်အထိ ထိခိုက်စေသလဲ ဆိုတာတွေကို ဒီမိုကရေစီ အတိုက်အခံ အုပ်စုတွေ၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ ပုံမှန်မပြတ် ဆွေးနွေးတိုင်ပင်မှု ရှိပါတယ်။”

တကယ်တော့ လွှတ်တော်တွင်း ဝင်ရောက်တဲ့ နိုင်ငံရေးပါတီ အတော်များများ၊ ကိုယ်စားလှယ် အတော်များများက စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်လည်စဉ်းစားဖို့ ပန်ကြားထားတာပါ။

USCB အမေရိကန် ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုအောင်ဒင်ကတော့ တိုင်းပြည် စီးပွားရေး ပြဿနာကို ကြည့်မယ်ဆိုရင် စီးပွားရေး ပိတ်ဆို့မှု တခုတည်းကို ဇောင်းပေးပြောဆိုနေတာ မလုပ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

“တကယ့် တိုင်းပြည်ရဲ့ ပြဿနာတွေကို သေချာစဉ်းစား သုံးသပ်ပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ လိုပါတယ်။ တကယ်ကိုပဲ လူထုအကျိုးစီးပွား ဦးစားပေးကြမယ်ဆိုရင်၊ လက်ရှိကာလမှာ နအဖ စစ်အုပ်စုရဲ့ မတရားသဖြင့် အာဏာကို သိမ်းပိုက်ထားမှုတွေ၊ မမျှမတ စီမံခန့်ခွဲမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ၊ လာဘ်စားမှုတွေ စသဖြင့်ပေါ့၊ အလွဲသုံးစား လုပ်မှုတွေ၊ မှန်ကန်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ မရှိတာ၊ ဒါတွေအားလုံးက တိုင်းပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျမှုကို ဦးဆောင်နေတာပါ။

“တိုင်းပြည်ရဲ့ စီးပွားရေး ပြဿနာကို ကြည့်မယ်ဆိုရင် Sanction ကို အဓိကထား ကြည့်ရမယ့်အစား ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ မတရားမှုတွေ၊ ပြဿနာတွေကို အရင်ဆုံး အဖြေရှာရမှာပါ။ အဲဒီလို အဖြေရှာဖို့အတွက် သူတို့ကိုယ်နှိုက်က နအဖစစ်အုပ်စုကိုရော၊ အခုတက်လာမယ့် ပုံသဏ္ဌာန် ပြောင်းသွားမယ့် အစိုးရသစ်ကိုရော ပွင့်ပွင့်လင်းလင်း ဝေဖန် ထောက်ပြဖို့ လိုပါတယ်။ အဲဒီလို ပြည်တွင်းမှာတော့ တကယ်တမ်း တာဝန်ရှိတဲ့ စစ်အုပ်စုကို တိုက်ရိုက် မပြောရဲဘဲနဲ့ နိုင်ငံတကာ Sanction တွေကို လာပြီး ဦးစားပေးနေမယ်ဆိုရင် သူတို့ရဲ့ လူထုအပေါ် သစ္စာရှိတယ်၊ ယုံကြည်တယ်ဆိုတဲ့ အချက်အလက်တွေကတော့ အင်မတန် သံသယရှိစရာ ဖြစ်ပါလိမ့်မယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ အရေးယူ ဒဏ်ခတ်မှုရဲ့ ရိုက်ခတ်မှုတွေကို လေ့လာသုံးသပ်ရာမှာ စီးပွားရေး ပိတ်ဆို့မှုတွေကို ဝေဖန်တာတွေဟာ တိုင်းပြည်အတွင်း လတ်တလော ဖြစ်နေတဲ့ အဓိက ပြဿနာရပ်တွေကနေ အာရုံလွဲှမှု ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေဟာ တောင်းဆိုချက်တွေကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ စဉ်းစား ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့လည်း ထောက်ပြသလို အဲဒီနိုင်ငံတွေက စိုးရိမ်နေတဲ့ မြန်မာနိုင်ငံတွင်း ပြဿနာရပ်တွေကို ကိုင်တွယ် ဖြေရှင်းခြင်းကသာ ပိတ်ဆို့မှုတွေကို ဖယ်ရှားနိုင်မယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေ အတွက်လည်း စီးပွားရေး ပိတ်ဆို့မှု လုပ်ထားတဲ့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

XS
SM
MD
LG