သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပိတ်ဆို့အရေးယူမယ့် မြန်မာခေါင်းဆောင်စာရင်း အသစ်ပြုစုမည်


အမေရိကန်ပိတ်ဆို့အရေးယူမယ့် မြန်မာခေါင်းဆောင်စာရင်း အသစ်ပြုစုမည်
အမေရိကန်ပိတ်ဆို့အရေးယူမယ့် မြန်မာခေါင်းဆောင်စာရင်း အသစ်ပြုစုမည်

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထိထိရောက်ရောက် ပိုဖြစ်ဖို့ သမ္မတအိုဘားမားက နာမည်စာရင်းတင်သွင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်က ဆောင်ရွက်သွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန အရာရှိတွေက မြန်မာ့အရေးလှုပ်ရှားသူတွေကို ကတိပေး ပြောသွားပါတယ်။ လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုဟာ ထိရောက်မှုအတိုင်းအတာ ရှိတယ်လို့လည်း သုံးသပ်တဲ့အကြောင်း ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာအစိုးရသစ်ဖွဲ့ပြီး ခေါင်းဆောင်မှုသစ်တိုးလာတာမို့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု လူစာရင်း၊ အဖွဲ့အစည်းစာရင်းတွေကို အသစ်ပြန်လည် မွန်းမံသွားဖို့ရှိတယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ ဂျော့တောင်းတက္ကသိုလ်ထဲမှာ မနေ့ကလုပ်တဲ့ အမေရိကန်အခြေစိုက် မြန်မာအရေးလှုပ်ရှားမှုအဖွဲ့ (USCB) ရဲ့ နိုင်ငံလုံးဆိုင်ရာ နှစ်ပတ်လည် ညီလာခံတွင်း တတ်ရောက်လာတဲ့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူတွေကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန တာဝန်ရှိသူက အမေရိကန် မူဝါဒနဲ့ ပတ်သက်လို့ ရှင်းလင်းပြောဆိုသွားတာပါ။

နိုင်ငံခြားရေးဌာန အရှေ့အာရှဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ယန်းနဲ့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီရဲ့ အာရှဆိုင်ရာ အကြီးတန်းအကြံပေးလုပ်ခဲ့သူ ဒေါက်တာ မိုက်ဂရင်း (Mike Green) တို့ တက်ရောက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ လက်ရှိမူဝါဒနဲ့ပတ်သက်လို့ ရှင်းလင်းပြောခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ကိုတင်မောင်အေးကတော့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ မကြာခင် နောက်လတွေမှာ ပိုပြီး ထိရောက်လာနိုင်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲတိုင်းမှာ စစ်အစိုးရက အမေရိကန်အစိုးရကို တောင်းတာက Sanction (ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု) တွေကို ရုပ်ပေးဖို့ ထုတ်ပေးဖို့ဆိုတာ အမြဲတမ်း ပထမဆုံးတောင်းဆိုတဲ့ တောင်းဆိုချက် ဖြစ်နေတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ဒီ Sanction တွေဟာ အလုပ်ဖြစ်နေတယ် ထိရောက်မှုရှိနေတယ်၊ အဲဒီအတွက် သူတို့အနေနဲ့ ဆက်ပြီး ကျင့်သုံးသွားမယ်တဲ့။ ကျင့်သုံးသွားမယ့်အပြင်မှာ ၂၀၀၈ ဥပဒေအရ အမေရိကန်အစိုးရအနေနဲ့ အကောင်အထည်ဖော်ဖို့ ရှိနေတဲ့ ဥပဒေကိုလည်း ဆက်ပြီးတော့ အကောင်အထည် ဖော်သွားမယ်ဆိုတာ ကျနော်တို့ကို သူတို့က အသိပေး ပြောပါတယ်။”


ကိုတင်မောင်အေးတို့ကို သူတို့ပြောသွားတဲ့အထဲ ထိရောက်သင့်သလောက် မထိရောက်တဲ့အပိုင်းတွေ ရှိတယ် ဆိုတာက ဘာကြောင့်မထိရောက်တာလဲ၊ ဘာကြောင့်ဆိုတဲ့ အဖြေ သူတို့ပေးပါသလဲ။ -

“အဓိက ကျနော်တို့ ဆွေးနွေးတာက International Banking Sanctions ကို ပြောသွားပါတယ်။ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေက ဘဏ်အကောင့်တွေကို အထူးသဖြင့် စင်ကာပူတို့၊ ဒူဘိုင်းတို့မှာ ထားတာရှိတယ်။ အဲဒီမှာရှိတဲ့ သူတို့ရဲ့ ပိုက်ဆံတွေက အမေရိကန်ဒေါ်လာကို သုံးနေတဲ့ ဘဏ်စနစ်တွေမှာ ဝင်ခွင့်မရှိအောင်ပိတ်ဖို့ ဥပဒေက အတည်ပြု ပြဌာန်းထားတာ။ ဒါပေမဲ့ အတည်ပြု ပြဌာန်းထားတာတွေကို အခုလက်ရှိ အမေရိကန်အစိုးရက အကောင်အထည် မဖော်ဘူး။ သူတို့အနေနဲ့ စင်ကာပူမှာရှိတဲ့ ဘဏ်တွေကို ပြောရမှာ။ သူတို့အနေနဲ့ ပြတ်ပြတ်သားသားနဲ့ အကောင်အထည် ဖော်ခဲ့မယ်ဆိုရင် အခုရှိနေတဲ့ Sanction တွေက ပိုပြီး ထိရောက်မှုရှိမယ်ဆိုတာ အဲဒါကို အသေးစိတ် ဆွေးနွေးကြပါတယ်။”

အခုဟာ အစိုးရသစ် ဖွဲ့လိုက်ပြီဆိုတော့ အရင် Sanctions စာရင်းမှာပါတဲ့ လူပုဂ္ဂိုလ်အချို့ နုတ်ထွက်သွားကြ ပြီ၊ ခေါင်းဆောင်မှုပိုင်းက အသစ်တွေ အတော်များဖြစ်လာပြီ။ အဲတော့ အဲဒီစာရင်းနဲ့ပတ်သက်လို့ သူတို့ ပြန်ပြုစုမလား၊ ဘယ်လိုများ ပြောလဲခင်ဗျ။ -

“မနေ့တနေ့က ဒဲရက်မစ်ရှဲလ် ကို အိုဘားမားအစိုးရက မြန်မာပြည်အတွက် အထူးကိုယ်စားလှယ်အနေနဲ့ အမည်စာရင်း တင်သွင်းထားတယ်။ ကွန်ဂရက်က ဒါကို အတည်ပြုမယ်ဆိုရင် ဒီလူက မြန်မာပြည်ကိစ္စ အတွက် အဓိက ပုဂ္ဂိုလ်ဖြစ်သွားမယ်။ ဒီပုဂ္ဂိုလ်ကနေ Sanction Lists ကို ပြန်ပြီး update လုပ်မယ်ဆိုတဲ့ အကြောင်းလည်း သူတို့ပြောပါတယ်။ အခုလက်ရှိ စာရင်းမှာ လူ ၂၀၀ လောက်ရှိတယ်။ အဲဒီ ၂၀၀ မှာ နံမည်အသစ်တွေ ပြန်ထည့်ရမယ်။ ပြီးရင် စစ်တပ်ဗိုလ်ချုပ်အချို့က ဘဏ်အကောင့်တွေမှာ သူတို့နာမည် မသုံးဘဲ အခြားနံမည်တွေ သုံးထားတာရှိတယ်။ အဲဒါကို အထူးကိုယ်စားလှယ်က ရာထူးစယူတဲ့အချိန်ကစပြီး lists ကို update လုပ်မယ်ပြောပါတယ်။ အဲတော့ ကျနော့်အမြင်ဆိုရင် သူတို့အနေနဲ့ ဒီ တလ နှစ်လ အတွင်း မှာ အကောင်အထည် ဖော်လာနိုင်ရင် အခုရှိနေတဲ့ Sanctions က ဒီထက်ပိုပြီး ထိရောက်မှုရှိလာပါမယ်။”

မနေ့က USCB နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယိုမိန့်ခွန်း ပေးပို့ခဲ့ပါတယ်။ ဒီအစည်းအဝေးကိုတော့ အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ၊ အမေရိကန် တက္ကသိုလ်တွေက ပါမောက္ခတွေ၊ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၁၅၀ ကျော်လောက် တတ်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးအတွင်းမှာ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒ ချဉ်းကပ်မှုတွေ ပိုပြီး ထိရောက်လာဖို့ကိစ္စတွေကို အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG