သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းဖို့ မြန်မာအစိုးရမျှော်လင့်


ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းဖို့ မြန်မာအစိုးရမျှော်လင့်
ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းဖို့ မြန်မာအစိုးရမျှော်လင့်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒီတပတ်ထဲ မြန်မာနိုင်ငံကိုသွားရောက်ဖို့အထိ ဆက်ဆံရေးတွေ တိုးတက်လာနေတဲ့အတွက် မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းတဲ့အထိ မြန်မာအစိုးရဘက်က မျှော်လင့်နေပါတယ်။ ရာစုနှစ်ဝက်အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်ရဲ့ ခရီးစဉ်မှာတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေရဲ့ အခြေအနေတွေကို အကဲခတ်မှာဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြာရေးဝန်ကြီး ဟီလရီကလင်တန် ဒီဇင်ဘာလ ၁ ရက်နေ့ကစလို့ ၂ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေတာလို သံတမန်ဆက်ဆံရေးတွေ တိုးတက်လာနေတဲ့အတွက် အရေးယူဒဏ်ခတ် ထားတာတွေ ရုပ်သိမ်းတဲ့အဆင့်အထိဖြစ်လာဖို့ မြန်မာအစိုးရဘက် မျှော်လင့်နေပါတယ်။ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်အဖြစ် ဒီတပတ်ထဲ မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရောက်လာမှာလို အပြန်အလှန်ဆက်ဆံမှုတွေ အားကောင်းလာနေတာမို့ နှစ်ဘက်ကြား ပုံမှန် အခြေအနေတွေကို ပြန်ရောက်လာဖို့ နီးစပ်လာနေပြီလို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဦးနေဇင်လတ်က ဗွီအိုအေကို ပြောပါတယ်။

“ယေဘုယျသဘောပြောလို့ရှိရင်တော့ အမေရိကန် သံတမန်တွေ ဒီကိုလာတာ စိပ်လာတယ်ပေါ့ဗျာ။ နောက်တခါ တခါနဲ့တခါမှာ တဆင့် တဆင့်မြင့်လာတဲ့သံတမန်တွေ လာကြတယ်ပေါ့ဗျာ။ နောက်ဆုံးအနေနဲ့ ဆိုလို့ရှိရင်တော့ အခု နိုင်ငံခြားရေးဝန်ကြီး လာတယ်ပေါ့ဗျာ။ ဆိုတော့ အဲဒါကဘာလဲလို့ပြောရင်တော့ တိုးတက်မှုလို့ ပြောလို့ရတာပေါ့။ နောက်တခါ ဘာလီမှာ အိုဘားမားလည်း ပြောသွားတယ်၊ ကလင်တန်လည်း ပြောသွားတယ်ပေါ့ဗျာ ကျနော်တို့ဘက်က နည်းနည်းလေး လုပ်ပေးဖို့လေးတွေ လိုမယ်။ ဒါဆိုလို့ရှိရင် သူတို့ဘက်ကလည်း မိတ်ဆွေနိုင်ငံ အနေနဲ့ထားဖို့ အဆင်သင့်ရှိနေမယ်ဆိုတာမျိုး ပြောတဲ့အခါကျတော့ အဖြေက ထွက်နေပြီပေါ့ဗျာ။ ကျနော်တို့ လုပ်ပေးဖို့က နည်းနည်းပဲကျန်တာကိုး။ တကယ့် အဓိကဟာကြီးက လုပ်ပေးပြီးသွားပြီဆိုတဲ့အခါကျတော့ သူတို့ sanctions ပိတ်ဆို့ဒဏ်ခတ်မှုကို ပြန်စဉ်းစားမှာပါ။”

ဒီခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လာမယ့်သောကြာနေ့မှာ တွေ့ဆုံသွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဗွီအိုအေကို ပြောပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စီအီးစီတွေနဲ့ တွေ့ဆုံပွဲက ဒီဇင်ဘာ ၂ ရက်နေ့မှာ ဖြစ်မှာပါ။ တွေ့ဆုံမယ့်နေရာကတော့ အထွေထွေ အတွင်းရေးမှူးရဲ့ နေအိမ်လို့ ကျနော်တို့ သိပါတယ်။ နေ့လယ် စောစောပိုင်းဖြစ်မယ်လို့ ဆိုပါတယ်။ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ခုထိတော့ အရင် တွေ့ဆုံဆွေးနွေးပါမယ်။ ပြီးတော့မှ ကျနော်တို့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနဲ့ တွေ့ဆုံတဲ့နေရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP အဖွဲ့ဝင်တွေလည်း ပါနိုင်တယ်လို့ ကျနော် ခုထိတော့ သိထားပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ တွေ့ဆုံတဲ့အခါ အဓိကထား ဆွေးနွေးပြောဆိုသွားမယ့် အကြောင်းအရာတွေကိုတော့ လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးကလင်တန်တို့ တွေ့ဆုံဆွေးနွေးပြီး သွားတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်းမှာ သတင်းစာရှင်းလင်းပွဲကို တဆက်တည်း လုပ်သွားမှာဖြစ်တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ကိုသွားရောက်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ကြီးကလင်တန်ဟာ နေပြည်တော်မှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိတယ်လို့လည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။ အဲဒီလို တွေ့ဆုံတဲ့အခါကျရင် NDF ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဆွေးနွေးတင်ပြသွားမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ဦးခင်မောင်ဆွေက -

“တိတိကျကျကတော့ ကျနော်တို့က မနက်ဖြန်ခါမနက်မှ ဆွေးနွေးပြီးတော့ သွားမယ့်လွှတ်တော် ကိုယ်စားလှယ်တွေကို မှာလိုက်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီတော့ ဆုံးဖြတ်ချက်အရတော့ ပြောလို့ မရသေးပါဘူး။ ယေဘုယျတော့ ကျနော် ပြောရင် ပြောလို့ရပါတယ်။ ယေဘုယျကတော့ ကျနော်တို့ တလျှောက်လုံး တောင်းဆိုနေတဲ့ စီးပွားရေးပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းပေးဖို့ ချက်ချင်းမဟုတ်လည်း တစတစပေါ့ဗျာ ရုတ်သိမ်းသွားဖို့ ဒါ ကျနော်တို့ ပြောနေတာရှိပါတယ်။ ဒါကလည်းပဲ ကျနော်တို့ ပြောရမယ့်အချက်ထဲမှာ တချက်အနေနဲ့ ပါမှာဖြစ်ပါတယ်။”

မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲရေးတွေ စတင်အကောင်အထည် ဖော်လာနေတာကို ကြိုဆို အားပေးတဲ့အနေနဲ့ အမေရိကန်ဘက်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တစတစရုပ်သိမ်းသွားဖို့ လိုတဲ့အကြောင်းကို တင်ပြသွားမယ်လို့လည်း ဦးခင်မောင်ဆွေက ပြောပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံကြားမှာ ဆက်ဆံရေးတွေ တိုးတက်လာပေမဲ့လည်း မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုတ်သိမ်းဦးမှာမဟုတ်ဘူးလို့ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက မကြာခင်ကပဲ ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာအပါအဝင် နိုင်ငံရေးအကျဉ်းသား တချို့ကို လွှတ်ပေးပြီး အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို လှမ်းနေပေမဲ့လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီး ဖမ်းဆီးထိန်းသိမ်း ထားတာ၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဆင်နွဲှပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတုန်းပဲလို့ ဝေဖန်သူတွေကတော့ ထောက်ပြနေကြပါတယ်။

XS
SM
MD
LG