သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၅ ဂိုး ဖိလစ်ပိုင် ဂိုးမရှိ


မြန်မာ ၅ ဂိုး ဖိလစ်ပိုင် ဂိုးမရှိ
မြန်မာ ၅ ဂိုး ဖိလစ်ပိုင် ဂိုးမရှိ

(၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပွဲမှာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၅ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ မြန်မာအသင်းဟာ အခုပွဲကို အနိုင်ရသွားတဲ့အတွက် အုပ်စုဒုတိယ နေရာမှာရှိနေပြီး ဂိုးကွာခြားချက်အသာ နဲ့ အုပ်စုထိပ်ဆုံး ဦးဆောင်နေတဲ့ ဗီယက်နမ်အသင်းနဲ့ အမှတ်တူနေပါတယ်။ မြန်မာအသင်း ဒီကနေ့ကစားသွားပုံ နဲ့ ရှေ့အလားအလာ အခြေအနေတွေကိုတော့ ကိုရန်နိုင်က တင်ပြထားပါတယ်။

(၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း (SEA Games) ပြိုင်ပွဲရဲ့ ဒီကနေ့ကစားခဲ့တဲ့ အုပ်စု ဘီ ဘောလုံးပွဲမှာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၅ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ ၁၁ မိနစ်မှာ မြန်မာအသင်း ထောင့်ကန်ဘောရတာကို အသင်းခေါင်းဆောင် အေးဆန်းက ပိတ်သွင်းခဲ့လို့ မြန်မာပထမဂိုးရခဲ့ပါတယ်။ မြန်မာအသင်းအတွက် ဒုတိယဂိုးကတော့ မိနစ် ၄၀ မှာ ရခဲ့တာပါ။ ညာတောင်ပံကနေ ဖိလစ်ပိုင်ဂိုးရှေ့ကို ချပေးတာကို မြန်မာအသင်းက ကျော်ဇေယျာဝင်းက ပိတ်သွင်းခဲ့လို့ မြန်မာအသင်းဟာ ပထမပိုင်းမှာ ၂ ဂိုး ဂိုးမရှိ နဲ့ ဦးဆောင်နေခဲ့တာပါ။

အဲဒီနောက် ဒုတိယပိုင်းပွဲ စ စချင်းမှာပဲ မြန်မာရှေ့တန်းလူ ကျော်ကိုကိုက တတိယဂိုးသွင်းပေးခဲ့ပြီး စတုတ္ထဂိုးကိုလည်း ကျော်ကိုကိုကပဲ သွင်းခဲ့တာပါ။ ဗီယက်နမ်နောက်တန်းလူ ၂ ယောက်ကိုကျော်ပြီးတော့ လှလှပပသွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ဖိလစ်ပိုင် ဂိုးသမားဆီကနေ ပြန်အန်ထွက်လာတဲ့ဘောလုံးကို နံပါတ် (၅) ရန်အောင်ဝင်းက ဂိုးရှေ့ကနေ အနီးကပ်ပိတ်ပြီး သွင်းခဲ့လို့ မြန်မာအသင်းဟာ ပွဲအပြီးမှာ ၅ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားခဲ့ပါတယ်။

မြန်မာအသင်းဟာ အခုပွဲကို အနိုင်ရသွားတဲ့အတွက် ၄ ပွဲကစားပြီးတဲ့အချိန်မှာ ဗီယက်နမ် နဲ့ ၁၀ မှတ်စီ တူပါတယ်။ ဒါပေမဲ့ ဗီယက်နမ်အသင်းက မြန်မာထက် ဂိုးကွာခြားချက်မှာ ၂ ဂိုးသာနေတာကြောင့် မြန်မာအသင်းဟာ အုပ်စု ဒုတိယဖြစ်နေပါတယ်။ မြန်မာအသင်းရဲ့ ဒီကနေ့ကစားသွားခဲ့တဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး အားကစားဆောင်းပါးရှင် ဦးမြသက်ကတော့ အခုလို သုံးသပ်ပါတယ်။

“ပထမပိုင်းမှာ ဂိုးသွင်းပြီးတဲ့အခါ ဖိလစ်ပိုင်ရဲ့ တောက်လျှောက်ဖိတာကို ခံရတယ်လေ။ ဒါပေမဲ့ မြန်မာနောက်တန်းနဲ့ ဂိုးသမား ခုခံကာကွယ်နိုင်တာရယ်၊ ဖိလစ်ပိုင်ရှေ့တန်းက အပြီးသတ် မသေချာတာကြောင့် နည်းနည်း သက်သာသွားတာပေါ့။ ဒုတိယပိုင်းမှာတော့ သူက လုံးဝကို ပြတ်သွားပါတယ်။”

အရင်ပွဲတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် မြန်မာအသင်းရဲ့ ခြေစွမ်းက တိုးတက်မှုရှိလာလား။ -

“မြန်မာအသင်းခြေစွမ်းက ဗီယက်နမ်နဲ့ပွဲတုန်းက ခြေစွမ်းလည်း ကောင်းပါတယ်။ အခု ဒီပွဲ ခြေစွမ်းက ကျနော် တစ်ယောက်တည်းသဘော ပြောရရင်တော့ ယူ-၂၃ (U-23) အသင်းတွေထဲမှာ ဒီအသင်းကို ကျနော် အကြိုက်ဆုံးပဲ။ တည်ငြိမ်တယ်၊ နောက်တခုက ခါတိုင်းလို ကျနော်တို့ တွေ့ရတာလေ လူကြီးအသင်းရော၊ လူငယ်အသင်းရောက ဒုတိယပိုင်း ၁၅ မိနစ်နောက်ပိုင်းမှာ သက်လုံတောက်လျှောက် ကျတယ်။ ခါးတွေ ထောက်ပြီးတော့။ အခု ဒီအသင်းတွေကျတော့ မိနစ် ၃၀ လုံးအပြည့် ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်တယ်။ ဒါကြောင့်မိုလို့ Fitness အပိုင်းမှာ မိနစ် ၉၀ လုံးအပြည့် ကစားနိုင်တယ်။ နောက်တစ်ခုက ကျနော်တို့ ကလေးတွေကို ချီးကျူးရမှာက အစောပိုင်း တောက်လျှောက် အနီတွေထိခဲ့တဲ့ အစဉ်အလာဆိုးကိုလည်း သူတို့ အခုဒီပွဲမှာ ဖျက်လိုက်တယ်။”

တဦးချင်း မြန်မာအသင်း ကစားသမားတွေရဲ့ တဦးချင်းစီခြေစွမ်းကရော တခြားအသင်းတွေနဲ့ယှဉ်ရင် ဘယ်လိုအနေအထား ရှိပါသလဲ။ -

“လက်ရှိ ကျနော်တို့ အုပ်စု ခကွေး မှာတော့ တဦးချင်းမှာ ယှဉ်နိုင်တယ်ဗျ။ အေးဆန်းဗျာ၊ အခု အသင်းခေါင်းဆောင်ကြီး၊ ကျော်ကိုကိုဗျာ၊ မိုးဝင်း၊ ကျော်ဇေယျာဝင်း၊ ရန်အောင်ဝင်း။ နောက်ပြီးတော့ ကျနော်တို့ မိုးဝင်း နာလို့ဝင်လာရတဲ့ ဇော်ဇော်ဦးတို့ကအစ အကုန်ကောင်းတယ်။ မင်းမင်းထွန်း၊ ရွှေလှိုင်ဝင်း သူတို့ကစားတာ။ ပြောရမယ်ဆိုရင် အသင်းနေရာယူတာတွေ နေရာဖွင့်ကစားတာတွေ၊ တချက်ထိသေးလေးတွေနဲ့ ထိုးဖောက်တာလေးတွေလည်း တော်တော်ကောင်းပါတယ်။”

အခု ဒီအုပ်စုမှာ မထင်မှတ်ဘဲနဲ့ တီမောကလည်း နိုင်ပွဲတွေ ရနေတယ်၊ ခြေစွမ်းတွေ ပြနေတယ်ဆိုတော့ နောက်ပွဲက တီမောနဲ့ပွဲဆိုတော့ တီမောနဲ့ပွဲကို ဘယ်လိုခန့်မှန်းပါလဲ။ -

“သရေ ဆိုရင်တော့ ကျနော်တို့ တက်ပါပြီခင်ဗျ။ ဒါပေမဲ့ ဗီယက်နမ်ပွဲလို၊ လာအိုပွဲလို၊ ဖိလစ်ပိုင်နဲ့ပွဲလို ကစားနိုင်မယ်ဆိုရင်တော့ တီမောကို ကျနော်တို့ သရေတောင်မဟုတ်ဘူး။ အနိုင်ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲကို တီမောအသင်းနဲ့ ကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ အနိုင် ဒါမှမဟုတ် အနည်းဆုံး သရေရခဲ့မယ်ဆိုရင် ဆီမီးဖိုင်နယ်ကို တက်မှာဖြစ်ပြီးတော့ အုပ်စု အေ က တက်လာနိုင်ခြေရှိတဲ့ အိမ်ရှင် အင်ဒိုနီးရှား ဒါမှမဟုတ် မလေးရှားနဲ့ တွေ့မှာဖြစ်ပါတယ်။

XS
SM
MD
LG