ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးအတွက် အချိန်အတိအကျ မသတ်မှတ်ရသေးပေမဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအပြင် လက်ရှိအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရပါ ပါဝင်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP) က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ CRPP ကြားဖြတ်အစည်းဝေးအတွင်း NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကိစ္စကိုပါ ဆွေးနွေးဖြစ်ခဲ့တယ်လို့ CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ် လည်း ဖြစ်တဲ့ ဦးအေးသာအောင်က အခုလို စပြောပြပါတယ်။
“အဓိကကတော့ NLD ရဲ့ နိုင်ငံရေးအရ ရပ်တည်သွားမယ့်ကိစ္စရယ်၊ နောက်အရေးကြီးတဲ့ကိစ္စတခုက ဒုတိယ ပင်လုံ ညီလာခံခေါ်ယူရေး ကိစ္စကို အဓိကထားပြီးတော့ အလေးအနက် ဆွေးနွေးကြပါတယ်။”
ဒုတိယပင်လုံညီလာခံခေါ်ရေး ကိစ္စနဲ့ပတ်သက်ပြီးတော့ အဲန်ကယ်လ်တို့ ဘယ်လို ဆွေးနွေးဖြစ်ခဲ့ပါသလဲခင်ဗျ။ -
“အဓိကကတော့ ကျနော်တို့ အပိုင်း နှစ်ပိုင်းပေါ့နော်။ တပိုင်းကတော့ ဒီနေ့ ဒီ ဒုတိယပင်လုံညီလာခံ ခေါ်ယူ ရတဲ့ ခေါ်ဖို့ကြိုးပမ်းရတဲ့ အကြောင်းပေါ့။ ဒါက ဘာကြောင့်ဒီလိုဖြစ်တာလဲ ဆိုတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်တခုမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တကယ့်တကယ် မဖော်ဆောင်နိုင်သေးဘူး။ ပြည်တွင်းစစ်ဟာ အနှစ် ၆၀ ကျော် ကြာတဲ့အထိ မပြီးသတ်နိုင် သေးတာ။ ပြီးတော့ ရှေ့ကို ပြည်တွင်းစစ် ကျယ်ပြန့်လာမယ့် အနေအထားတွေဟာ အလွန်ပဲ စိုးရိမ်စရာ ကောင်းပါတယ်။ ဒီတော့ ဒုတိယ ပင်လုံညီလာခံလို အားလုံး ပါဝင်တဲ့ညီလာခံတခုက ဆွေးနွေးပြီးတော့ အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှသာလျင် အမျိုးသား ပြန်လည် သင့်မြတ်ရေး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တကယ် အစစ်အမှန် ဖော်ဆောင်နိုင်တယ်လို့ ကျနော်တို့ ယုံကြည့်တယ်။ ဒါကြောင့်လဲ ဒုတိယ ပင်လုံညီလာခံကို ဖော်ဆောင်ဖို့ ခေါ်ယူဖို့အတွက် ကျနော်တို့ ဆုံးဖြတ်တာပါ။”
ဒီညီလာခံကို ဘယ်လို ကျင်းပသွားကြမှာလဲခင်ဗျ။ -
“ဒါက မလုပ်မဖြစ် လုပ်ဖို့လိုအပ်တယ်။ နအဖ အပါအဝင် တပ်မတော် အင်အားစုတွေပါ ပါဝင်ပြီးတော့ ကျနော်တို့ ကျင်းပလိုတဲ့ဆန္ဒရှိတယ်။ ကျနော်တို့က ဒီတပ်မတော် အင်အားစုတွေ မပါဝင်နိုင်ခဲ့ဘူးဆိုရင်လဲ ကျန်တဲ့အင်အားစုတွေနဲ့ မဖြစ်မနေ ကျနော်တို့က ဆောင်ရွက်မယ်။”
လက်ရှိအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရက ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်းပမယ့်အဖွဲ့ထဲမှာ မပါဝင်ဘူးဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ။ -
“ဟုတ်ကဲ့။ ကျနော်တို့ကတော့ ပါလာအောင်အထိ ကြိုးပမ်းမယ်။ ဒါပေမဲ့ မပါနိုင်သေးဘူးဆိုရင်လည်း ကျနော်တို့က ကျန်တဲ့အင်အားစုတွေနဲ့ လုပ်မယ်။ နောက်တဆင့်မှာ ခုနကလို ပါလာအောင်အထိ ဆက်လက် ပြီးတော့ ကြိုးပမ်းမယ်။ အဲဒီလို ပါလာဖို့ဆိုတာအထိ ယုံကြည်မှု၊ အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု ရှိအောင် ကျနော်တို့က အလျော့အတင်းတွေ အပေးအယူတွေ လုပ်မယ်။ ပြီးတော့ နောက်တခုက ကျနော်တို့ အင်အားစုတွေရဲ့ ညီညွတ်မှုနဲ့ အင်အားပေါ့ဗျာ။ ဒါကိုလည်းပဲ ကျနော်တို့က ဆက်လက်ပြီးတော့ တည်ဆောက်မယ်။ ညီညွတ်မှုရအောင်လုပ်မယ်။ အင်အားကြီးအောင် ကြိုးပမ်းမယ်။ ဒီနှစ်ချက်ကို လုပ်နိုင်မယ်ဆိုရင် ကျနော်တို့ဟာ နောက်တဆင့်ဖြစ်တဲ့ တပ်မတော်အင်အားစု နအဖ ပါဝင်လာနိုင်ဖို့အတွက် အလားအလာတွေ ကောင်းမယ်လို့ ကျနော်တို့ ပြောချင်တယ်။”
ဒီ ဒုတိယပင်လုံညီလာခံ ခေါ်ရေးကိစ္စကိုရော အချိန်သတ်မှတ်ထားတာ ရှိပါသလားခင်ဗျ။ ဘယ်အချိန် လောက်မှာ ခေါ်ဖြစ်မယ်လို့ စိတ်ကူးပါသလဲ။ -
“ကျနော်တို့ကတော့ ပြည်ထောင်စုနေ့လို နေ့မျိုးမှာ ကျင်းပလိုတယ်။ အဲဒီတော့ ဒီကျင်းပမယ့်ရက်ကိုတော့ မသတ်မှတ်ရသေးဘူး။ နောက် အစည်းအဝေးတွေမှာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်သွားဖို့ရှိပါတယ်။”
CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင်ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။