သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတပ်များ ရှမ်းဌာနချုပ်က ဆုတ်ခွာ


အစိုးရတပ်များ ရှမ်းဌာနချုပ်က ဆုတ်ခွာ
အစိုးရတပ်များ ရှမ်းဌာနချုပ်က ဆုတ်ခွာ

၁၈ ရက်ကြာ မြန်မာစစ်တပ်တွေဟာ တပ်အင်အားအလုံးအရင်းနဲ့ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ဝမ်ဟိုင်းဌာနချုပ်စခန်းကနေ တချို့တဝက် ပြန်လည် ရုတ်သိမ်းသွားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာစစ်တပ်က အခုလို တပ်တွေ ရုတ်သိမ်းသွားတဲ့အတွက် စစ်ဘေးကနေတိမ်းရှောင်နေတဲ့ ရွာသားတချို့ဟာ ရွာထဲကို ပြန်လည် ဝင်ရောက်နေပြီလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အခြေအနေတွေဟာ စောင့်ကြည့်ရမယ့် အနေအထားမှာပဲ ရှိနေသေးတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ရှမ်းပြည်နယ်က အခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်းမှာရှိတဲ့ ဝမ်ဟိုင်းဌာနချုပ်ကို ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ မြန်မာစစ်တပ်တော်တော်များများဟာ ဇူလိုင် ၂၉ ရက်နေ့ကနေစပြီးတော့ ပြန်လည်ရုတ်သိမ်းသွားပြီလို့ ရှမ်းပြည်တိုးတက်ရေးပါတီ ဘက်ကနေ အတည်ပြု ပြောဆိုခဲ့ပါတယ်။ အခုလို တပ်ရုတ်သိမ်းသွားတာဟာ ထူးခြားမှုရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက အခုလိုပြောပါတယ်။

“အခုကျနော်တို့ ဝမ်ဟိုင်းဌာနချုပ်ဝန်းကျင်မှာ တပ်ရင်း ၆ ရင်း ၇ ရင်းလောက်ပဲ ကျန်တော့တယ်။ အဲဒီအလုံးအရင်းနဲ့လာတဲ့တပ်တွေ သူတို့ ပြန်ရုတ်သိမ်းသွားတယ်။ ဝမ့်မိန်မှာတော့ ကျန်သေးတယ်။ ဆုတ်တာနည်းနည်း အပြင်ဘက်ကျတဲ့နေရာပေါ့။ အတွင်းပိုင်းတော့ နည်းနည်းရှိသေးတယ်။ တခြားတပ်တွေအစားထိုးတာဆိုရင် အဲဒီတပ်တွေရောက်မှ ရုတ်မယ်လေ။ အခုဟာက အရင်ရုတ်သိမ်းသွားတယ် ဆိုတော့ တမျိုးတော့ ထူးခြားတာပေါ့။”

ဝမ်ဟိုင်းဌာနချုပ်ကို မြန်မာစစ်တပ်က တပ်ရင်း ၂၀ လောက် ဝိုင်းပတ် ပိတ်ဆို့ထားရာကနေ အခုလို တပ်တွေ ရုတ်သိမ်းသွားခဲ့ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေအနေနဲ့ကတော့ အခုလို တပ်ရုတ်သိမ်းသွားတဲ့အပေါ် ထင်မြင်ချက်သဘောထားကို ဗိုလ်မှူးစိုင်းလှကနေ အခုလို ပြောဆိုပါတယ်။

“သူတို့က အပစ်ရပ်စဲချင်လို့လား။ နည်းဗျူဟာပြောင်းဖို့လား။ တပ်မတွေနဲ့ အစားထိုးဖို့လား။ အဲဒါ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့ နည်းနည်းတော့ စောင့်ကြည့်ရဦးမယ်။”

ဆုတ်ခွာသွားတဲ့ မြန်စစ်တပ်နောက်ကို ရှမ်းပြည်တိုးတက်ရေးပါတီတပ်တွေကနေ လိုက်လံတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ဝမ်ဟိုင်းဌာနချုပ်စခန်းသိမ်းတိုက်ပွဲဟာ ရက်သီတင်းပတ် နှစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီး ဒီတိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးမှုကိုတော့ ဗိုလ်မှူးစိုင်းလှက အခုလိုပြောပါတယ်။

“သူတို့ဘက်က ဒဏ်ရာရတာ ၁၅၀ ဝန်းကျင်လောက် ရှိမယ်။ ကျနော်တို့ဘက်က ၁၀ လောက်ပေါ့။”

အခုဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုစာရင်းကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ မြန်မာစစ်တပ်ကနေ တပ်တွေရုတ်သိမ်းသွားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံရွာသားတချို့ ဟာလည်း ရွာထဲပြန်ဝင်လာတယ်လို့ ဗိုလ်မှူးစိုင်းလှကပြောပါတယ်။

“ဒေသခံပြည်သူ တချို့တော့ ရွာထဲပြန်ဝင်လာကြပြီခင်ဗျ။ အားလုံးတော့ မလာသေးဘူး။ တချို့လဲ နည်းနည်းဝေးတာကို ထွက်သွားတာ။ အနီးနားပတ်ဝန်းကျင်က တချို့တော့ နည်းနည်း ပြန်ဝင်လာတယ်။”

၁၈ ရက်လောက် ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ တိုက်ပွဲတွေကြောင့် ဝမ်ဟိုင်းဒေသနဲ့ ဆက်စပ်ရာဒေသတွေက ထောင်နဲ့ချီတဲ့ရွာသားတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရသလို ကျောင်းသား ၁ ထောင်ကျော်ဟာလဲ ကျောင်းတွေပိတ်ထားရတဲ့အတွက် စာသင်ကြားခွင့်ကင်းမဲ့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေခဲ့တာ ပိုပြီးများလာပါတယ်။ အခုဆိုရင် အပစ်အခတ်ရပ်စဲထားတဲ့ ကေအိုင်အို ခေါ် ကချင် လွတ်လပ်ရေးအဖွဲ့အပေါ်မှာရော၊ ရှမ်းပြည်တိုးတက်ရေးပါတီအပေါ်မှာပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ်မှာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကနေ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဇူလိုင် ၂၈ ရက်နေ့မှာ အိပ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါတယ်။ အခုလို ဒေါ်အောင်းဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလဲ ထောက်ခံကြိုဆိုနေတယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

XS
SM
MD
LG