သုံးရလွယ်ကူစေသည့် Link များ

စာပေဟောပြောခွင့် ပုဂ္ဂိုလ်တချို့ တားမြစ်ခံရမှုအပေါ် စိုးရိမ်မှုတိုး


ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ NLD နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ တွေ့ဆုံဆွေးနွေးနေစဉ်။ (ဓာတ်ပုံ - ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)
မြန်မာနိုင်ငံ ရန်ကုန်နဲ့ မန္တလေးမြို့တွေက စာပေဟောပြောပွဲတွေမှာ မူဆလင်ဘာသာဝင် ဟောပြောမှုတွေကို ဗုဒ္ဓဘာသာ ရဟန်းသံဃာအချို့က ပိတ်ပင်တားမြစ်မှုတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာ ဟောပြောခွင့်ကို ထိခိုက်စေတယ်ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသုံးသပ်သူအချို့က ယူဆပါတယ်။

ဒီအခြေအနေတွေကို အာဏာပိုင်တွေဘက်က ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးဆိုရင် ဘာသာရေးတင်းမာမှုတွေဟာ တဆင့်ပြီးတဆင့် ဖြစ်လာနိုင်တယ်လို့လည်း ထောက်ပြကြပါတယ်။ အကြောင်းစုံကို ရန်ကုန်ဗွီအိုအေရုံးကနေ ကိုသားညွန့်ဦးက သတင်းပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ ရန်ကုန် မြောက်ဥက္ကလာပနဲ့ မန္တလေးဘက်မှာ ၈၈ မျိုးဆက်အဖွဲ့က ကိုမြအေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဟောပြောပို့ချနေသူ ရှေနေ့ ဦးကိုနီတို့ကို မူဆလင်တွေဖြစ်တယ်ဆိုပြီး သံဃာတော်အချို့က စာပေဟောပြောပွဲမှာ မပါဝင်ဖို့ သွားရောက်ပိတ်ပင်မှုတွေ ဖြစ်ခဲ့တာပါ။

ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေရော သံဃာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေက ဟန့်တားမှု မရှိခဲ့တာကြောင့်၊ မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပိုပြီး ကြီးမားလာမှာကို စိုးရိမ်တာတွေလည်း တွေ့ရပါတယ်။ အထူးသဖြင့်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလမှာ ဒီမိုကရေစီ အခြေခံတရပ်ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုမှုတွေကို ထိခိုက်စေတာမို့၊ ဒါဟာ တိုင်းပြည်အတွက် အလားအလာ မကောင်းနိုင်ဘူးလို့ စာရေးဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

“သံဃာတချို့က သွားပြီးတော့မှ မဟောပြောရဘူး ဘာညာဆိုပြီး ပိတ်ပင်တဲ့ဆီမှာ အစ္စလာမ်ဘာသာဝင်တွေ တသက်မကဘူးဗျ။ ဥပမာ - မသီတာ (စမ်းချောင်း) ဆိုရင်လည်း သူတို့ ပိတ်တဲ့အထဲမှာပါတယ်။ အဲ့ဒါဘာလဲဆိုတော့ မူဆလင် ကုသိုလ်ဖြစ်ဆေးရုံကို ဆေးကုလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့နော်။ ဟို ပြောချင်တာက ဒါက အစ္စလာမ်ဘာသာဝင်မို့လို့ ပိတ်တယ်ဆိုတဲ့ဟာက ဒါ သူတို့ရဲ့အကြောင်းပြချက်ပဲ။ တကယ့်တကယ် သူတို့ ပိတ်ပင်နေတာက ကျနော်တို့ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဟောပြောခွင့်ကို သွားပိတ်ပင်တဲ့ အဓိပ္ပါယ်ရောက်တယ်။ ကျနော်တို့ လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရဖို့ ကျနော်တို့ မနည်းဘူး ကြိုးစား၊ မနည်းဘူး တိုက်ပွဲဝင်လာကြရတာ ဒီနေ့ဒီအချိန်မှာ နည်းနည်းပါးပါး ရလာခါစပဲ ရှိသေးတယ်။ ဒီသံဃာတော်တချို့က အဲ့ဒီလို လိုက်ပိတ်ပင်တယ် ဆိုတဲ့ဟာက ကျနော်တို့ တိုင်းပြည်အတွက် တော်တော်လေးကို မကောင်းဘူး။”

ဗုဒ္ဓဘာသာ သံဃာတော်တွေထဲမှာတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ သဘောထားကတော့ ကွဲပြားကြပါတယ်။ အခုလို စာပေဟောပြောပွဲတွေမှာ မူဆလင်တွေ ပါဝင်လာတာကို တားမြစ်ကြတဲ့ ရဟန်းသံဃာအချို့ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်၊ နောက်ခံဘယ်လိုရှိတယ် ဆိုတာကိုတော့ သဲသဲကွဲကွဲ မရှိကြပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အခြားဘာသာ လွှမ်းမိုးမှုတွေ ရှိလာမှာကို စိုးရိမ်ကြတဲ့ သံဃာတွေရှိသလိုပဲ၊ အခုကိစ္စမျိုးဟာ ရိုးရိုးသားသားဖြစ်ရပ် မဟုတ်ဘူးဆိုတဲ့ ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် အရှင်ပဏ္ဍ၀ံသ လို အမြင်ရှိတဲ့ ကိုယ်တော်တွေလည်း ရှိပါတယ်။

“လွတ်လပ်စွာ ပြောဆိုခွင့်ကို ---- မှန်တာပေါ့။ ဒါပေမဲ့ ဒါကျတော့ သူက ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဖြစ်နေတာ၊ ပုဂ္ဂိုလ်ကလည်း ရိုးရိုးမဟုတ်ဘဲနဲ့ လူအများ လေးစားတဲ့ ပုဂ္ဂိုလ်တွေကို ရွေးပြီးတော့မှ ဒါတွေက လုပ်တယ်ဆိုတော့ ဒါ နိုင်ငံရေး ခုတုံးလုပ်မှုလို့ ပြောလို့ရတာပေါ့။ တားတယ်၊ ဆီးတယ်၊ ပိတ်တယ် ဆိုတာကတော့ ဒါ ပထမခြေလှမ်းပေါ့။ နောက်ပိုင်းကျတော့ လူတယောက်ချင်းကို သူက ပြည်သူတွေနဲ့ လှည့်တိုက်မှာပေါ့။ အထင်အမြင် လွဲမှားအောင်ပေါ့။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြောလာပြီ။
နောက် အခု လက်ရှိ လှုပ်ရှားနေတဲ့ သံဃာတော်တွေထဲမှာလည်း ရွှေဝါရောင် သံဃာတော်တွေဟာ အတုတွေ ဖြစ်တယ်ဆိုတာတွေ ဒါတွေက ပြောလာပြီလေ။ သံဃာတော်တွေထဲမှာလည်း တချို့လည်း ဟိုဒင်းတွေပဲပေါ့။ နောက် လူငယ်စိတ်ဓာတ်ရှိမယ်။ ကြားရင်၊ တွေ့ရင်၊ မြင်ရင် မဟုတ်မခံ စိတ်ဓာတ်ရှိတဲ့ သံဃာအနည်းပေါ့ လူနည်းစုပေါ့ အဲ့ဒီထဲမှာလည်း သူက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဘာမှကို မသိတဲ့ ရဟန်းသံဃာတော်တွေက အခု အများဆုံး ဖြစ်နေကြတာလေ။”

ဦးစည်သူအောင်မြင့်ကတော့ အခုလို အခြေအနေ တင်းမာလာတာဟာ အာဏာပိုင်တွေဘက်က ထိထိရောက်ရောက် ကြပ်မတ်မှုမရှိလို့ လို့ မြင်ပါတယ်။ အထူးသဖြင့်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က အရေးယူ ကိုင်တွယ်မှုတွေ ဘာမှ မတွေ့ရဘူးလို့ ပြောပါတယ်။

“သမ္မတဦးသိန်းစိန်က သူ့မိန့်ခွန်းထဲမှာ နှစ်ကြိမ်လောက် ပြောတယ်။ ဒီ Hate Speech နဲ့ ပတ်သက်လို့ပေါ့။ အမုန်းတရားနဲ့ ပတ်သက်လို့ ပြောဆိုတာတွေကို သူ အရေးယူပါ့မယ်ဆိုပြီးတော့မှ ပြောတာတွေရှိတယ်။ ဒါပေမဲ့ အဲ့ဒီ အရေးယူတာတွေကို တစုံတရာ မလုပ်ခဲ့ဘူး။ မလုပ်ခဲ့တဲ့အခါကျတော့ အဲ့ဒီပြောပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း တလျှောက်လုံးမှာ ဒီနှစ်ဆန်းပိုင်းကို ကျနော်တို့ ဘာတွေ တွေ့ရလဲဆိုတော့ အဲ့ဒီသံဃာတော်တချို့ရဲ့ တရားပွဲတွေမှာဆိုရင် ဒီဘာသာရေးဆိုင်ရာ အမုန်းပွားမှုတွေ တောက်လျှောက်ပြောတာတွေ တွေ့တယ်။ ပြီးတော့မှ နောက်တဆင့် တက်လာပြီးတော့မှ ဒီပုဒ်မ ၅၉ ကိစ္စတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဖို့ ကိစ္စတွေပါ ပြောင်ပြောင်တင်းတင်း ဟောပြောလာတာတွေပါ တွေ့ရတယ်။ အဲ့ဒါတွေက ရပ်မသွားဘူးဗျ။ ဆိုတော့ ပြေလည်ဖို့လမ်းကတော့ သိပ်မတွေ့သေးဘူး။”

အခုလို စာပေဟောပြောပွဲတွေမှာ အင်အားသုံး အကြပ်ကိုင်ခံရပြီး ဟောပြောမယ့်သူအချို့ ပိတ်ပင်ခံရတာနဲ့ ပတ်သက်လို့ Pen Myanmar အဖွဲ့က ကြေညာချက်ထုတ်ပြီး ကန့်ကွက် ဝေဖန်ထားပါတယ်။ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း စာပေဟောပြောပွဲအချို့ ပိတ်ပင်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကြေညာချက်ထုတ်ရာမှာတော့ အခုလို သံဃာအချို့က အင်အားသုံး တားမြစ်တဲ့ကိစ္စရပ်အပြင် စာပေဟောပြောပွဲအချို့ကို သက်ဆိုင်ရာ ရပ်ကျေးအာဏာပိုင်တွေက တားဆီးတဲ့ကိစ္စတွေကိုပါ ထည့်သွင်းပြောထားပါတယ်။

ဒီလုပ်ရပ်တွေဟာ အခြားရည်ရွယ်ချက်တွေရှိသလို ဒီမိုကရေစီကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေဖြစ်တာကြောင့် စာရေးဆရာတွေရဲ့ အခွင့်အရေးအတွက် ဒီမိုကရေစီ ထွန်းကားလိုသူတွေက ၀ိုင်းဝန်း ကာကွယ်သွားရမယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်
XS
SM
MD
LG