သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရနဲ့ SSA တောင်ပိုင်း သဘောတူညီချက်အသစ် လက်မှတ်ရေးထိုး


မြန်မာအစိုးရနဲ့ SSA တောင်ပိုင်း သဘောတူညီချက်အသစ် လက်မှတ်ရေးထိုး
မြန်မာအစိုးရနဲ့ SSA တောင်ပိုင်း သဘောတူညီချက်အသစ် လက်မှတ်ရေးထိုး

မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA/RCSS) အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ရှမ်းပြည်နယ် တောင်ကြီးမှာ တွေ့ဆုံပြီး သဘောတူညီချက် ၁၁ ချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအချက်တွေမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ဗဟိုဌာနချုပ် နယ်မြေသတ်မှတ်တာ၊ ဆက်ဆံရေး ရုံး ၅ ရုံး ဖွင့်လှစ်ဖို့နဲ့ စီးပွားရေးလုပ်ဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ တချိန်တည်းမှာတော့ အစိုးရရဲ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တစ်ခုဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ဒီရက်ပိုင်းအတွင်း ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက် ၉ နာရီလောက်မှာ တောင်ကြီးမြို့ တောင်ကြီးဟိုတယ်မှာ စတင်ဆွေးနွေးခဲ့ပြီးတဲ့နောက် နေ့ခင်း ၁ နာရီလောက်မှာ သဘောတူညီချက် အသစ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ လက်မှတ်ရေးထိုးတဲ့ သဘောတူညီချက်မှာ အချက် ၁၁ ချက်ပါဝင်ပြီး အစိုးရဘက်က မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ SSA တောင်ပိုင်းဘက်က ဗိုလ်မှူးချုပ်ပေါင်ခေးတို့က ဦးဆောင် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

သဘောတူညီချက်မှာ ပါဝင်တဲ့အချက်တချို့ကိုတော့ SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်းက အခုလို ပြောပါတယ်။

“တစ်အချက်ကတော့ RCSS/SSA အဖွဲ့အစည်းရဲ့ ဌာနချုပ်အနေဖြင့်
ဟိုမိန်းမြို့နယ်ခွဲ၊ မိုင်းထားမြို့နယ်ခွဲတို့အား ဌာနချုပ်နယ်မြေအဖြစ် သတ်မှတ်ပေးရန် သဘောတူသည်တဲ့။ တောင်ကြီး၊ ခိုလန်၊ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ် တို့တွင် ဆက်ဆံရေးရုံးအား အမြန်ဖွင့်လှစ်သွားရန်နှင့် မူဆယ် သို့မဟုတ် နမ့်ခမ်း တို့တွင် စီးပွားရေး ကိုယ်စားလှယ်ရုံး ဖွင့်လှစ်သွားရန်၊ စီးပွားရေးလုပ်ငန်းများ သတ်မှတ်ထားသော မူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ပြီး လိုအပ်သည့် နည်းပညာနှင့် ကုမ္ပဏီများ ဖွင့်လှစ်နိုင်ရေး စသည့် အကူအညီများအား အစိုးရဝန်ကြီးများမှ အမြန်ဆုံး ဝိုင်းဝန်း ဆောင်ရွက်ပေးသွားမည်။ အားလုံးပေါင်း ၁၁ ချက် ရှိပါတယ်ခင်ဗျ။”

အခြားအချက်တွေကတော့ SSA တောင်ပိုင်း တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို နေရာချထားရာမှာ ဒေသတွင်းရှိ အစိုးရတပ်တွေက ကူညီပေးဖို့၊ ဒီသတ်မှတ်ထားတဲ့ နယ်မြေအတွင်း SSA တောင်ပိုင်းက စီမံအုပ်ချုပ်ဖို့၊ နယ်စပ်ဂိတ်တွေကို နှစ်ဘက် ညှိနှိုင်းဆောင်ရွက်ဖို့၊ နှစ်ဘက် ထိန်းချုပ်နယ်မြေတွေအတွင်း လက်နက်ကိုင်သွားလာရင် ကြိုတင် အကြောင်းကြားဖို့၊ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ဖို့နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ အစိုးရ ကိုယ်စားလှယ်တွေဘက်က မီးရထားဝန်ကြီး ဦးအောင်မင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စပ်အောင်မြတ်တို့ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ SSA တောင်ပိုင်းဘက်ကတော့ ဗိုလ်မှူးချုပ်ပေါင်ခေးနဲ့ ဗိုလ်မှူးချုပ် စိုင်းလူးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၀ ယောက်တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေ အကောင်အထည် ဖော်ပြီးတဲ့နောက်ပိုင်းမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူထားတာဖြစ်ပါတယ်။

SSA တောင်ပိုင်းတပ်ဖွဲ့ဟာ ၁၉၉၆ ခုနှစ်က ဘိန်းဘုရင်ခွန်ဆာ လက်နက်ချချိန်မှာ သီးခြားခွဲထွက်ပြီး အစိုးရကို ဆက်လက် တော်လှန်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ပဏာမ တွေ့ဆုံပြီးတဲ့နောက် ဒီဇင်ဘာလဆန်းမှာ အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

တချိန်တည်းမှာတော့ မြန်မာအစိုးရတပ်တွေနဲ့ ၇ လကျော်ကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အဖွဲ့ကလည်း ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီရက်ပိုင်းတွေအတွင်း တရုတ်နိုင်ငံမှာ နိုင်ငံရေးဆွေးနွေးဖို့ ပြင်ဆင်ထားပြီဖြစ်ပါတယ်။

ဆွေးနွေးပွဲ အခြေအနေ အသေးစိတ်ကိုတော့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

“ဇန်နဝါရီလ ၂၀ ရက်နေ့ ပတ်ဝန်းကျင်ပေါ့နော်။ အဲဒီ တရက်ရက်မှာ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်ခင်ဗျ။ နေရာကတော့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ သတ်မှတ်ထားတယ်ခင်ဗျ။ သူတို့ဘက်ကတော့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဆိုပြီး သီးသန့်ဖွဲ့စည်းထားတာ ရှိတယ်။ အဲဒီအဖွဲ့က ပုဂ္ဂိုလ်တွေ လာမယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ဘက်ကတော့ ဗဟိုကော်မတီ ကနေပြီးတော့ သင့်တော်တဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေ ဖွဲ့စည်းထားပြီးတော့ ၆ ဦးပါတဲ့ ဗဟိုကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ကြမှာပါ။”

လက်ရှိ ကချင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကိုတော့ ဦးလနန်က အခုလို ဆက်ပြောပါတယ်။

“ဇန်နဝါရီလ တ လလုံးမှာ တိုက်ပွဲပေါင်း ၆၇ ကြိမ် ရှိသွားပြီ။ တိုက်ပွဲတွေကတော့ နေ့တိုင်းက အနည်းဆုံးက ၃ ကြိမ် ရှိတယ်။ အခုလည်း ဗန်းမော်ကနေပြီးတော့ အင်နဲ့အားနဲ့ ကားတွေ တက်လာတာမျိုး ရှိတယ်။ ကားတွေ ၁၀ စင်းကျော်။ မိုးနဲချောင်းကနေ စက်လှေ အစင်း ၂၀ လောက် တက်လာတာရှိတယ်။ မြစ်ကြီးနား ဝိုင်းမော်ဘက်ကလည်း ဂါးဒါယန်ဘက်ကို သူတို့ အင်အား အလုံးအရင်းနဲ့ ဝင်လာတာမျိုး ရှိတယ်။”

KIO နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်က မြို့ပေါ်ဒေသတွေမှာ ဒုက္ခသည် တစ်သောင်းလေးထောင် ကျော်နဲ့ တရုတ်-မြန်မာနယ်စပ်မှာ လေးသောင်းကျော်လောက် ထွက်ပြေးနေရပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းလို့ လူသိများတဲ့ SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေး ပါတီကလည်း ဒီရက်ပိုင်းတွေအတွင်းမှာ ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူဖို့ရှိနေပြီး ဒီအစည်းအဝေး ပြီးရင်တော့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမယ်လို့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

“အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကျနော်တို့ အစည်းအဝေး ထိုင်ရဦးမယ်ခင်ဗျ။ ကျနော်တို့ ဒီလအတွင်းတော့ ဖြစ်အောင်လုပ်မှာပဲခင်ဗျ။ အစည်းအဝေး ပြီးရင်တော့ ပြန်တွေ့မယ့် အလားအလာတော့ ရှိမယ်ထင်တယ်ခင်ဗျ။”

SSA မြောက်ပိုင်းအဖွဲ့ဟာ အောက်တိုဘာ လကုန်ပိုင်းက နေပြည်တော်ကို သွားရောက်ပြီး အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ ဆွေးနွေးထားတာဖြစ်ပါတယ်။

မြန်မာအစိုးရသစ် ပြောင်းလဲလာပြီးချိန်မှာ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဝ၊ မိုင်းလား စတဲ့အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းဖို့ သဘောတူညီချက် ရရှိခဲ့သလို SSA တောင်ပိုင်း၊ တိုးတက်တဲ့ ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA) ကလိုထူးဘောအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး၊ ကရင်အမျိုးသား အစည်းအရုံး KNU တို့နဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG