သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရနဲ့ ရှမ်း (မြောက်) တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူ


မြန်မာအစိုးရနဲ့ ရှမ်း (မြောက်) တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူ
မြန်မာအစိုးရနဲ့ ရှမ်း (မြောက်) တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူ

ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက် စနေနေ့ ညနေက ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ကြား အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပါပြီ။ ပြည်ထောင်စုအဆင့်နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက် ၅ ချက်ကို နှစ်ဘက်လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာအရ ငြိမ်းချမ်းရေးတွေ ဖြစ်ဖို့ နိုင်ငံရေးအရ ဆက်လက် ညှိနှိုင်းဆွေးနွေးတာတွေ လုပ်သွားမယ်လို့လည်း ရှမ်းပြည်တိုးတက်ရေးပါတီက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့တို့ဟာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို တောင်ကြီးမြို့မှာ ဇန်နဝါရီလ ၂၈ ရက် စနေနေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖဲ့ွခေါင်းဆောင် ဦးအောင်သောင်းနဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP တို့ဟာ ပြည်နယ်အဆင့် သဘောတူညီချက်တွေကို ပြည်ထောင်စုအဆင့် သဘောတူညီချက်အဖြစ် အချက် ၅ ချက်ပေါ်မှာ သဘောတူ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ပြည်နယ်အဆင့် သဘောတူညီချက်တွေကို ပြည်ထောင်စုအဆင့် ဆက်လက် ဆောင်ရွက်သွားဖို့၊ ပင်လုံစိတ်ဓါတ်နဲ့ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်ရေးတွေ ဖြစ်လာဖို့အပြင် ရှမ်းပြည် လက်နက်ကိုင် SSPP အဖွဲ့က မိသားစုတွေရဲ့ လူမှုဘ၀ မြှင့်တင်ရေးတွေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့နဲ့ ဒေသတွင်းမူးယစ်ဆေးဝါး ကင်းစင်ရေးအပြင် နိုင်ငံမှာ ထာဝရငြိမ်းချမ်းရေးရအောင် ပူးပေါင်းဆောင်ရွက်ရေးတွေ ဖြစ်ပါတယ်။

အဲဒီအချက်တွေထဲ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုတွေ ရအောင် နိုင်ငံရေးဆိုင်ရာတွေကို တစ်ဆင့်ချင်းဆီ ဆက်လက် ဆွေးနွေးဖို့တွေ ရှိမယ်လို့ ရှမ်းပြည်နယ် SSA မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ် တိုးတက်ရေးပါတီ SSPP က ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

“အရေးကြီးတဲ့အချက်တော့ ပဏာမအဆင့်အနေနဲ့ တပ်မတော်နဲ့ ကျနော်တို့ ရှမ်းပြည်တိုးတက်ရေး အကြား ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုကို ရပ်စဲရန် သဘောတူတဲ့အချက် ပါတယ်။ ကျနော်တို့ ပြည်ထောင်စုအဆင့် ဆွေးနွေးတဲ့ နှစ် အချက်မှာတော့ ကျနော်တို့ ပင်လုံစိတ်ဓါတ်ကို အခြေခံ၍ ပြည်ထောင်စု မပြိုကွဲရေးတို့၊ မပြိုကွဲအောင် ပူးပေါင်း တည်ဆောက်ရေးတို့ ဆိုပြီး သဘောတူညီချက် ရှိထားတယ်လေ။ နောက် နိုင်ငံရေးကိစ္စလည်း ကျနော်တို့ တစ်ဆင့်ပြီးတစ်ဆင့်ပေါ့ ဆွေးနွေးသွားဖို့တော့ သဘောတူညီချက် ရထားပါတယ်။”

အခု ရှမ်း SSPP အဖွဲ့နဲ့ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ထိုးခဲ့တဲ့ ပြည်ထောင်စုအဆင့် ငြိမ်ချမ်းရေးအဖွဲ့တွေဟာ ကချင်ပြည်နယ်ထဲက KIA အဖွဲ့နဲ့လည်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေး ညှိနှိုင်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ ကချင်လက်နက်ကိုင် အဖွဲ့တွေနဲ့ သဘောတူညီချက် မရသေးပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်လို့လည်း အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တွေက ရှမ်း SSPP အဖွဲ့တွေကို အခြေအနေတချို့ ရှင်းပြခဲ့တယ်လို့လည်း ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

“တချို့လည်း တဘက်အဖွဲ့ကို ရပ်စဲပြီးတော့ ကျန်တဘက်ကို တိုက်ခိုက်နေတာမျိုးတော့ ကျနော်တို့ မလိုလားဘူးပေါ့။ ရပ်စဲမယ်ဆိုရင်လည်း ကျနော်တို့ တပြည်လုံး အတိုင်းအတာနဲ့ ကြေညာပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ အဲဒါ သူတို့ မပြေလည်သေးတဲ့ကိစ္စ အနည်းအကျဉ်းလေးလောက်သာ ရှိတာပါတဲ့။ အဲဒီလို တဘက်ကို ရပ်ပြီးတော့ တဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်တာမျိုး ခြေမှုန်းတာမျိုးတော့ သူတို့ မလုပ်ဘူးလို့၊ သူတို့ စိတ်ရင်းစေတနာမှန်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ သူတို့လည်း ကမ်းလှမ်းခဲ့တယ်၊ ဒါပေမဲ့ မပြေလည်သေးတဲ့အချက် အနည်းအကျဉ်း ရှိထားတော့ သူတို့လည်း ဖြစ်အောင်တော့ ကြိုးစားနေတယ်လို့ သူတို့က ရှင်းပြတယ်လေ။”

ဒေသတွင်း မူးယစ်စိုက်ခင်းတွေအစား အစားထိုးသီးနှံတွေ စိုက်ဖို့ကိုလည်း နှစ်ဘက် ဆောင်ရွက်ဖို့ သဘောတူထားပါတယ်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမှုအပိုင်းမှာ ကျနော်တို့ အစားထိုး သီးနှံတွေပေါ့။ ပြည်သူလူထုဆီ ကျနော်တို့ သီးနှံတစ်ခုခု အစားထိုးပေးပြီးတော့ တဖြည်းဖြည်းနဲ့ ကင်းစင်ပပျောက်ရေး သဘောတူပြီး လက်မှတ်ထိုးထားတယ်။”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကတော့ နိုင်ငံရေးပါတီ ထူထောင်မှာ မဟုတ်သေးသလို တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ဖက်ဒရယ်ဆွေးနွေးမှုတွေ ဖြစ်လာဖို့ လိုအပ်တယ်လို့ ရှမ်းပြည်နယ် SSA မြောက်ပိုင်းနဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP က ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလ က ပြောပါတယ်။

“အဲဒါတော့ (နိုင်ငံရေးပါတီဖွဲ့ဖို့တော့) မရှိသေးပါဘူးခင်ဗျ။ အခုက ပဏာမအဆင့်နဲ့ ကျနော်တို့ ပထမဆုံးအနေနဲ့ပဲ တွေ့ဆုံဆွေးနွေးတာလေ။ ကျနော်တို့ ညှိနှိုင်းစရာတွေ အများကြီး ကျန်သေးပါတယ်။”

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖဲ့ွထဲမှာ ဦးအောင်သောင်း ခေါင်းဆောင်ပြီး ဦးသိန်းဇော်၊ ဦးအုန်းမြင့် တို့အပြင် ရှမ်းအဖွဲ့တွေဘက်ကတော့ ပြည်ထောင်စုအဆင့်ထဲမှာ SSPP ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးစပ်ခေးတိုင်း နဲ့အတူ SSA စစ်ဦးချုပ် စပ်ခပ်တင်နဲ့ အခြားအဖွဲ့ဝင်တွေ ပါဝင်ခဲ့ပါတယ်။

အခုလို ရှမ်းလက်နက်ကိုင ်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရဖို့မှာ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ရှမ်း SSA တပ်ဖွဲ့ နာယက ဗိုလ်ချုပ်စေထင်ရဲ့ ကူညီမှု အခန်းကဏ္ဍဟာ အရေးပါတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက တောင်ကြီးမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

XS
SM
MD
LG