ဟင်္သာတမြို့က တက္ကသိုလ်တခုမှာ မနေ့ညက ကျောင်းသားနဲ့ အရပ်သားလူငယ်တွေ စကားများ ရန်ဖြစ်ရာကနေ ဘူမိဗေဒ တက္ကသိုလ် ကျောင်းသားတဦး သေဆုံးသွားခဲ့ပြီး ၂ ဦးက အပြင်းအထန် ဒဏ်ရာ ရရှိသွားပါတယ်။ ဒီသေဆုံးမူကြောင့် အာဏာပိုင်တွေက ဆူပူမူ ထပ်ဖြစ်မှာစိုးရိမ်ပြီး လုံခြုံရေး အပြည့်နဲ့ ဈာပနကို အလျင်အမြန် ပြုလုပ်လိုက်တဲ့အတွက် ကျောင်းသားတွေနဲ့ မြို့ခံတွေကလည်း ဘ၀င်မကျမူတွေ ဖြစ်နေပါတယ်။ ဒီအခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက သတင်း ပေးပို့ထားပါတယ်။
သေဆုံးသူကတော့ အင်္ဂပူမြို့နယ် ညောင်ကျိုး ကျေးရွားက ဖြစ်ပြီး ဟင်္သတ တက္ကသိုလ် ဘူမိဗေဒ ပထမနှစ် ကျောင်းသား အသက် ၂၁ နှစ်အရွယ် မောင်အောင်သူ ဖြစ်ပါတယ်။ ဖြစ်ပွားပုံနဲ့ပတ်သက်ပြီး ဈာပနကို လိုက်ပါပို့ဆောင်ခံသူ မြို့ခံတဦးက အခုလို ပြောပြပါတယ်။
“ဘူမိဗေဒ ပထမနှစ်ကျောင်းသားလေး၊ အဲဒီကောင်လေး သေသွားတယ်။ သေသွားတာကတော့ ခေါင်းမှာ ထိုးမိသွားတယ်။ အခု လောလောဆယ် ဆေးရုံတင်ထားတာက အူပွင့်သွားတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ နောက်တခါ ခါးမှာ နှစ်ချက် အထိုးခံထားရတဲ့ ကောင်လေးတစ်ယောက်။ ဖြစ်ပွားတာကတော့ တက္ကသိုလ်ဘက်က အဆောင်တစ်ခုမှာ သူတို့ ဂစ်တာသွားတီးကြတယ်၊ ဒီ ဓါးနဲ့ သွားထိုးကြတဲ့ ကောင်လေးတွေက အထိုးခံရတဲ့ကောင်လေးတွေ ဖြတ်သွားတော့ သူတို့က ဆဲတယ်ပေါ့။ ဆဲတော့ ဟိုကောင်လေးတွေက ဘာလို့ဆဲတာလဲပေါ့။ ဘာမှမဆိုင်ဘဲနဲ့ သူတို့ကို ဆဲစရာမလိုဘူးလို့ပြောတော့ သူတို့က ၀ိုင်းထိုးတော့ ထွက်ပြေးတော့ အမျိုးသမီး အဆောင် ထဲအထိ ထွက်ပြေးတယ်တဲ့။”
အခု သေဆုံးမူ ဖြစ်သွားပြီးတဲ့နောက်မှာတော့ အလောင်းကို ဟင်္သာတဆေးရုံရဲ့ နောက်ပေါက်ကနေ ထုတ်ပြီး တင်းတိုး သင်္ချိုင်း ကို ပို့ဆောင်ခဲ့ရာမှာ လုံခြုံရေးတွေ အပြည့်ချပြီး ဆူပူမဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
“အထက်တန်းရှေ့နေတဦးပါတယ်။ မြို့မိမြို့ဖထဲက တယောက်ပါတယ်ပေါ့ဗျာ။ အဲဒီတော့ သူတို့ လူကြီးအသိုင်းအ၀ိုင်းနဲ့လည်း ပတ်သက်နေတယ်။ နောက်ပြီးတော့ သူတို့ကျန်တဲ့ ကျောင်းသားတွေဘက်ကလည်း သေသွားတဲ့ ကျောင်းသားရဲ့ သူငယ်ချင်းလေးတွေ ကလည်း မခံချင်လို့ တခုခုဖြစ်မှာစိုးတဲ့အပိုင်းလေးတွေ ပါမှာပေါ့။ ကျနော်တို့ ရဲစခန်းကတော့ မင်းကြီးကိုယ်တိုင်ပါတယ်။ နအဖ က SB အကုန်လုံးတော့ လုံခြုံရေးနဲ့ လိုက်ပို့တာပဲ။ အာဏာပိုင်အဖွဲ့အစည်းကတော့ ကျောင်းက ဆရာဆရာမတွေကရော တခုခု သူတို့ တာဝန်ဖြစ်လာမှာစိုးတဲ့အပိုင်းတွေ ပါမှာပေါ့။ အခုအသုဘချတဲ့ လမ်းကြောင်းမှာတောင် ဆရာဆရာမတွေကို ငါးယောက်တစ်တွဲ စီခိုင်းပြီးတော့မှ သယ်သွားတာကိုး။”
အမူမှန် ဖြစ်ပေါ်စေရေးအတွက် တရားခံတွေကို သေချာအရေးယူမူတွေ လုပ်သင့်ကြောင်းကိုလည်း မြို့ခံတွေက ပြောပါတယ်။
“ဒီအမှုကို ကိုယ်လည်းပဲ မဖြစ်စေချင်ဘူး။ သူတို့ကျူးလွန်တဲ့ ပြစ်ဒဏ်ကို အတိအကျ ခံစေချင်တယ် ဒီကလေးတွေကို။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က တက္ကသိုလ်နယ်မြေက အကြမ်းဖက်နယ်မြေလို ဖြစ်သွားမှာစိုးတာလည်း ပါတယ်။ နောက်ပြီးတော့ အခုလုပ်တဲ့ ကလေးတွေကလည်း နောင်ကို ဒါမျိုးတွေ လုပ်သွားမှာကို အရမ်းစိုးရိမ်တယ်။ အဲဒါကတော့ ကျနော်တို့ ရုံးတင်လိုက်တဲ့အခါမှာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရဦးမှာပေါ့။ ကျန်တဲ့မြို့ခံတွေ စိုးရိမ်နေတာက ကျနော်တို့ဆီမှာ ရာဇ၀တ်မှုတွေ ဖြစ်တိုင်းဖြစ်တိုင်း ရဲကတော့ တင်လိုက်တာပဲ ရုံးကို။ ရုံးကိုရောက်သွားရင် ပတ်သက်ရာပတ်သက်ကြောင်းတွေနဲ့ ရာဇ၀တ်မှုတွေက ပီပီပြင်ပြင်ဖြစ်တာ မခံရဘဲနဲ့ ဖြစ်သွားတဲ့ သာဓကတွေ ရှေ့မှာရှိထားတော့လေ၊ ဒီကလေးလေးကို သနားတာလည်း တစ်ကြောင်းပေါ့လေ။ အဲဒီလိုဖြစ်မှာလည်း စိုးတယ်။”
မြို့ခံတွေကတော့ နေခင်း ၂ နာရီလောက်က ဈာပနမှာ လုံခြုံရေး အများအပြား ချထားမူနဲ့ပတ်သက်ပြီး မလိုအပ်ဘဲ လုပ်ထားတဲ့အကြောင်း မိသားစုရဲ့ ဆွေးမျိုးသားချင်းတွေကို စုံအောင်မစောင့်ဘဲ ချက်ချင်း သဂြုင်္ိဟ်မှုတွေ လုပ်ခဲ့တဲ့အကြောင်း မကျေမနပ် ပြောဆိုနေကြပါတယ်။
“လုံခြုံရေးအပေါ်မှာတော့ မြို့ခံတွေက ဒီမှုခင်းမဖြစ်ပွားခင်ကတည်းက မှုခင်းအရာရှိတွေက ထိန်းသိမ်းစရာရှိတာတွေ မထိန်းသိမ်းဘဲ အခုလိုဖြစ်ခါမှလုပ်တော့ ရုပ်ပျက်တယ်ပေါ့ဗျာ။ ဒါက နိုင်ငံရေး အမှုအခင်းထဲမှာလည်း မပါဘဲနဲ့ ကျောင်းသားသေတာကို ဒီလောက်တောင် သူတို့ ရုပ်ပျက်ဆင်းပျက် လုပ်စရာမလိုဘူးပေါ့ဗျာ။”
ဒီကိစ္စနဲ့ပတ်သက်ပြီး တရားခံတွေကို အရေးယူ ဆောင်ရွက်မူတွေ လုပ်ခြင်းရှိမရှိကို သိရှိနိုင်ဖို့ ဟင်္သတ ရဲစခန်းကို ဆက်သွယ် မေးမြန်းတဲ့ အခါ ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။