သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ABSDF လက်ခံ


အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ABSDF လက်ခံ
အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ABSDF လက်ခံ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန် ထားပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမယ်ဆိုရင် နိုင်ငံရေးပြဿနာတွေကို အဖြေရှာမယ့် ဆွေးနွေးရေး လုပ်ငန်းစဉ် လိုအပ်ကြောင်းနဲ့ တပြည်လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး လိုအပ်ကြောင်း အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုပါတယ်။ ဒီသတင်း အပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကို ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းကိုယ်စား ဒုဗိုလ်မှူးကြီးဟောင်း ဦးစောခင်စိုးက လက်မှတ်ရေးထိုးပြီး ဒီလ ၁၀ ရက်နေ့က စာပေးပို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒီကမ်းလှမ်းချက်ကို အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်အဖြစ် လက်ခံပြီး တွေ့ဆုံဆွေးနွေးဖို့အတွက် အကြောင်းပြန်ကြားခဲ့ကြောင်း ABSDF ရဲ့ ဒုက္ကဋ္ဌ ဦးမျိုးဝင်းက ပြောပါတယ်။

“သူတို့ ပေးပို့လာတဲ့ စာပါ အကြောင်းအရာပေါ့နော် စာပါအကြောင်းအရာကတော့ ဒီ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ကို ငြိမ်းချမ်းရေးစားပွဲမှာ တန်းတူညီတူ ဆွေးနွေးမယ်ဆိုတဲ့ ကမ်းလှမ်းလာတဲ့ အပေါ်မှာ ဒီကမ်းလှမ်းမှုဟာ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းမှုလို့ ကျနော်တို့ မြင်တယ်။ အဲဒီပေါ်မှာ အခြေခံပြီးတော့ ဒီကမ်းလှမ်းမှုကို ကျနော်တို့က ကြိုဆိုတယ်။ အဲဒီအတွက်ကို ကျနော်တို့က ဆက်လက်ပြီးတော့ တွေ့ဆုံဆောင်ရွက်နိုင်ဖို့ အတွက်ကို ကျနော်တို့ ကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်း၊
ဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်းကို အကြောင်းပြန်တာပါ။”

နှစ်ဘက် တွေ့ဆုံဆွေးနွေးဖို့ကို နေရာနဲ့ ရက်ကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ တွေ့ဆုံ ဆွေးနွေးမယ်ဆိုရင်တော့ ABSDF ဘက်က ဆွေးနွေးမယ့် အခြေခံသဘောထားကို ဦးမျိုးဝင်းက အခုလို ဆက်ပြောပါတယ်။

“အဓိက အခြေခံကတော့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး ပြဿနာတွေကို ဘယ်လို အဖြေရှာမလဲဆိုတဲ့ ဆွေးနွေးမှုဖြစ်စဉ် လိုတယ်။ အပစ်အခတ်ရပ်စဲရေး ဆိုရင်လည်းပဲ နိုင်ငံရေးပြဿနာတွေကို ဘယ်လို အဖြေရှာမလဲ ဆိုတဲ့ လက်ဦး အစပျိုးခြေလှမ်းတစ်ခုလို့ပဲ ကျနော်တို့ သတ်မှတ်မယ်။ ဒါကြောင့် ဒီအပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အတွင်းမှာ နိုင်ငံရေးပြဿနာကို ဘယ်လို အဖြေရှာမလဲဆိုတဲ့ လုပ်ငန်းစဉ်မပါဘဲနဲ့ လုပ်တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ယာယီငြိမ်းချမ်းရေးပဲ ရပါလိမ့်မယ်။ ကျနော် မြင်တာတော့ တပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်မှသာလျှင် စစ်မှန်တဲ့
ပြည်တွင်းငြိမ်းချမ်းရေးကို ကနဦးအဆင့်မှာ အစပျိုးအဆင့်မှာ အောင်မြင်လိမ့်မယ်လို့ ထင်တယ်။”

နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့အတွက် ပြည်တွင်း နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံတကာရောက် ABSDF အဖွဲ့ဝင်တွေ၊ အခြား နိုင်ငံရေး အင်အားစုတွေနဲ့ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ သဘောထားကိုလည်း ရယူသွားမှာဖြစ်တယ်လို့ ဦးမျိုးဝင်းက ပြောပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးတဲ့အခါမှာတော့ ABSDF ရဲ့ အကျိုးစီးပွားထက် တပြည်လုံးအကျိုးစီးပွားကို အလေးထားဆောင်ရွက်မှာဖြစ်သလို နိုင်ငံရေးလုပ်ငန်းစဉ်အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ကိုလည်း ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဟာ ၁၉၈၈ ခုနှစ် လူထု ဒီမိုကရေစီ လှုပ်ရှားမှုကို စစ်တပ်က ဖြိုခွဲပြီးတဲ့နောက် နယ်စပ်ဒေသအသီးသီးကို ရောက်ရှိသွားတဲ့ ကျောင်းသား လူငယ်တွေက ဦးဆောင်ဖွဲ့စည်းပြီး အစိုးရကို ၂၃ နှစ်ကြာ လက်နက်ကိုင် တော်လှန်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ FDB ခေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုကိုလည်း အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ လောလောဆယ်မှာ ကရင်၊ ချင်း၊ ရှမ်း၊ ဝနဲ့ မိုင်းလား စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ရရှိထားပြီ ကချင် လက်နက်ကိုင်အဖွဲ့နဲ့လည်း ဆွေးနွေးနေတာဖြစ်ပါတယ်။ မကြာမီရက်တွေမှာတော့ ကရင်နီ ခေါ် ကယားနဲ့ မွန်လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

XS
SM
MD
LG