သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာ နှစ်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်စတင်


တရားဝင် ပတ်စ်ပို့ ကိုင်ဆောင်ထားကြတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မနေ့ သြဂုတ်လ ၁၁ ရက်နေ့ကနေစပြီး ထိုင်းနဲ့ မြန်မာကို အပြန်အလှန် ခရီးသွားတဲ့အခါ နှစ်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ တောင်းစရာမလိုဘဲ ခရီးသွားလာခွင့် ရပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ထိုင်းနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတွေက နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပြီး ၂ ပတ်အကြာမှာ အခုလို ထိုင်းနဲ့ မြန်မာ အပြန်အလှန် အခုလို ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ပြုခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနဲ့ မြန်မာက တရားဝင် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ ထိုင်းနဲ့ မြန်မာကို အပြန်အလှန် ခရီးသွားတဲ့အခါ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုမယ့်အကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ပြီးခဲ့တဲ့လကုန်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ နိုင်ငံ သဘောတူညီပြီး လက်မှတ်ရေးထိုးခဲ့တာပါ။ သြဂုတ်လ ၁၁ ရက်နေ့က စတင်ပြီး တရားဝင် ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေဟာ ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုချက်တောင်းစရာမလိုဘဲ ခရီးထွက်လို့ရတဲ့အတွက် နှစ်နိုင်ငံ အပြန်အလှန် အလည်ပတ်လာကြတဲ့ ခရီးသွားတွေ စတင်သွားလာနေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးက သံအမတ် ဦးဝင်းမောင် က အခုလို ပြောပါတယ်။

“ကျနော်တို့ MOU လက်မှတ် ချင်းမိုင်မှာ ထိုးပြီး နှစ်ပတ်အတွင်း အသက်ဝင်တဲ့ ဒီနေ့ကစပြီးတော့ ဝင်တဲ့လူလည်း ဝင်နေကြပြီ။ ထွက်တဲ့လူလည်း ထွက်နေကြပါပြီ။”

ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ရဲ့ ထူးခြားချက်တွေကတော့ ထိုင်းနိုင်ငံမှာ ၁၄ ရက်သာ နေထိုင်ခွင့်ရှိပြီး ထပ်မံ သက်တမ်းတိုးခွင့် မရှိပါဘူး။ ထိုင်းနိုင်ငံကို အလည်အပတ် သွားမယ့်သူတွေဟာ ထိုင်းနိုင်ငံမှာ မိမိတည်းခိုမယ့် လိပ်စာကို အမှန်အတိုင်း ထည့်သွင်းဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ နေထိုင်တဲ့ လိပ်စာကိုလည်း ထိုင်းလေဆိပ်က လူဝင်မှုကြီးကြပ်ရေးဌာနမှာ ရေးသားပေးရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို လာတဲ့အခါမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နိုင်ငံတကာလေဆိပ်တွေကနေ ဝင်လာရင်တော့ ဗီဇာမလိုဘူးလို့ ဆိုပါတယ်။

အခု ဗီဇာကင်းလွတ်ခွင့်ဟာ လေယာဉ်နဲ့ ခရီးသွားတွေသာ အကျုံးဝင်မှာဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နယ်စပ်လမ်းတွေကနေ ဝင်ခွင့်၊ ထွက်ခွင့်တွေ မရှိဘူးလို့ မြန်မာသံအမတ် ဦးဝင်းမောင် က ဆိုပါတယ်။

“ကျနော်တို့ လေကြောင်းပါပဲ။ Only Airline, Passport ပါပဲ။ ပြီးတော့ Airport ကနေပြီး သွားလို့ ရပါတယ်။ ဟုတ်ကဲ့။ ဒီကနေ့တော့ ဝင်တော့ဝင်တာပေါ့။ Visa free နဲ့ ဝင်တဲ့လူတွေလည်း ရှိတယ်။ Visa ယူပြီးသား လူတွေလည်း ရှိတယ်ပေါ့။”

အရင်တုန်းကတော့ ထိုင်းနိုင်ငံကို သွားရောက်ဖို့အတွက် ဗီဇာလျှောက်တဲ့အခါမှာ ပိုင်ဆိုင်မှုတွေ ပြရတာတွေကြောင့် အလည်အပတ် သွားမယ့်သူများအတွက် အခက်အခဲတွေ ကြုံတွေ့ရတယ်လို့ ထိုင်းနိုင်ငံကို ခရီးသွားကြတဲ့ သူတချို့က ဆိုပါတယ်။

“သွားဖို့ကလေ ပိုင်ဆိုင်မှု ပြရတယ်လေ။ Show Money တို့ ဘာတို့။ ဒီမြန်မာပြည်မှာပဲ ကိုယ်နေနေမယ်ပေါ့နော်။ အလည်အပတ်သွားတာပဲ။ တနေ့ကျရင် ပြန်လာမယ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ အိမ်တွေ၊ ယာတွေ ရှိတယ်ပေါ့နော်။”

အရင်တုန်းကတော့ ထိုင်းဗီဇာ ရဖို့အတွက်က တရားဝင်ကြေးက ဒေါ်လာ ၄၀ ဖြစ်ပေမယ့် ဗီဇာရဖို့အတွက် မြန်မာနိုင်ငံမှာ မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေ ပြရတာကြောင့် အတော်များများက တရားဝင်လမ်းနဲ့ မလျှောက်ကြဘဲ ပွဲစားများနဲ့ လျှောက်ကြတဲ့အတွက် မြန်မာကျပ်ငွေ ၁ သိန်းခွဲကနေ ၂ သိန်းလောက်ထိ ကုန်ကျတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အခုလို ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ရတဲ့အတွက် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ဆေးဝါးကုသမယ့်သူများ၊ ဈေးဝယ်ထွက်သူများ၊ အလည်အပတ် လာသူများအတွက် အဆင်ပြေသွားမှာ ဖြစ်တယ်လို့လည်း ခရီးသွားတွေက ဆိုပါတယ်။ ထိုင်းနဲ့ မြန်မာ အပြန်အလှန် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုဖို့ ဒီလိုလုပ်ရတာဟာ နှစ်နိုင်ငံကြား ကမ္ဘာလှည့်ခရီးသွား ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဖို့အတွက် ဖြစ်တယ်လို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ဆိုပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ့်သူများ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်မယ့်သူများဟာ လေကြောင်းနဲ့သာ ၁၄ ရက်ကြာ ဗီဇာမလိုဘဲ သွားလာလို့ ရပြီဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံကနေ မြန်မာပြည်မပြန်သေးဘဲ တခြားနိုင်ငံတွေကို ဆက်သွားမယ်ဆိုရင်လည်း လေကြောင်းနဲ့သာ သွားလာလို့ ရတယ်လို့ ဆိုပါတယ်။ နယ်စပ်လမ်းတွေက ကားနဲ့သွားမယ့်သူများကတော့ အရင်လိုပဲ ဗီဇာလျှောက်ရမှာ ဖြစ်တယ်လို့လည်း မြန်မာသံရုံးက ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG