သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီး အာဏာစွန့်ပြီလို့ NLD မယူဆ


ဗိုလ်ချုပ်မှူးကြီး အာဏာစွန့်ပြီလို့ NLD မယူဆ
ဗိုလ်ချုပ်မှူးကြီး အာဏာစွန့်ပြီလို့ NLD မယူဆ

မြန်မာနိုင်ငံမှာ တန်ခိုးအာဏာ အကြီးမားဆုံးဖြစ်လာမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မပါဝင်ဘဲ ဖွဲ့စည်းတယ်ဆိုတာ တွေ့ရပါတယ်။ ဒါဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အာဏာကို စွန့်လွှတ်လိုက်ပြီလို့ ဆိုနိုင်ပါသလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မဖြစ်နိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။ NLD ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်က ဗွီအိုအေကို ပြောကြားခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ နိုင်ငံတော် သမ္မတရာထူး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥက္ကဌရာထူး၊ ကာကွယ်ရေး ဦးစီးချုပ် ရာထူးတွေကို လက်လွှတ်လိုက်တာဟာ အာဏာကို စွန့်လွှတ်လိုက်ပြီလို့ ယူဆပါသလား ဆိုတဲ့ ဦးကျော်ဇံသာရဲ့ အမေးကို ဦးဝင်းတင်က အခုလိုစပြီး ဖြေခဲ့ပါတယ်။

“သူကတော့ ရာထူးတွေ တခုပြီးတခုတော့ လွှတ်ထားတာတော့ ဖြစ်ရင်ဖြစ်မယ်ပေါ့ဗျာ။ သို့သော် ဘာပဲပြောပြော ကျနော့်အထင်ကတော့ သူ့မှာ ကြံ့ခိုင်ရေးပါတီမှာများ သူ တခုခုများ ပါဝင်ပြီးနေမှာလားလို့ တွက်နေတယ်။ သူ လက်လွှတ်ရင် သူ့ကိုယ်သူလည်း မျောက်သစ်ခိုင်းလွတ် ဖြစ်တဲ့ဟာမျိုးတော့ အဖြစ်ခံမှာမဟုတ်ဘူးလို့ ကျနော် တွေးနေမိတယ်။ ဆိုတော့ ဘယ်ပုံစံနဲ့များ ချိတ်တွဲနေဦးမလဲဆိုတာတော့ သိပ်မှန်းလို့တော့ မရဘူးပေါ့ဗျာ။”

သူ့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်လို့ သူတကယ် စွန့်လွှတ်ချင်ပေမဲ့လည်း သူ့ကို လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ ခုံရုံးတင်ဖို့ဘာညာဆိုတာ နိုင်ငံတကာမှာ ကြိုးပမ်းမှုတွေလည်း ရှိနေပါတယ်။ အဲဒီတော့ သူဟာ ထွက်ပေါက်မရှိလို့များ တွယ်ကပ်နေရတဲ့သဘော ဖြစ်နေပါသလားခင်ဗျ။ -

“အဲဒီလိုပဲ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကနေပြီးတော့ သူ့ကို အရေးယူမယ်ဆိုတာတွေတင် မကပါဘူး။ မြန်မာပြည်မှာလည်း သူ ဘယ်လွတ်နေမလဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ ကျူးလွန်တဲ့ပြစ်မှုတွေ ဆိုတာက မြန်မာလူမျိုးတိုင်း သိနေတာပဲ။ ဥပမာ - သူတို့မိသားစုတွေ အခွင့်အရေးတွေ ယူခဲ့တာ၊ အရေးအခင်းတွေတုန်းက ဘုန်းကြီးအရေးတော်ပုံတုန်းကဟာမျိုးတွေ သတ်တာဖြတ်တာတွေဟာ မြန်မာလူမျိုးက ဘယ်မေ့မလဲဗျ။ ဒီနေ့ ပြောလို့မဖြစ်လို့ မပြောတာသာရှိရမယ်။ ပြောစရာရှိတဲ့နေ့မှာ ပြောလာမှာပဲ။ အဲဒီတော့ သူ့အဖို့ကတော့ အမှန်အတိုင်းပြောရရင်တော့ လုံခြုံမှုက ဘယ်လိုမှမရှိဘူး။ ကမ္ဘာကနေပြီးတော့ စွပ်စွဲနေတာမဟုတ်လည်း မြန်မာပြည်မှာလည်း သူ့မှာ လုံခြုံမှုမရှိဘူးလို့ပဲ ကျနော်ကတော့ အဲဒီလိုပဲ ပြောချင်ပါတယ်။”

အဲဒီလိုဆို သူ့ကို လုံခြုံမှုပေးပြီးတော့ ထွက်ပေါက်ပေးနိုင်ရင် တိုင်းပြည်အတွက် ပိုမကောင်းဘူးလားခင်ဗျ။ -

“အဲဒါကတော့ ဒီလိုရှိတယ်ဗျာ။ သူ့ကိုထွက်ပေါက်ပေးလိုက်ပေမဲ့လို့ သူ့ရဲ့ အသိုင်းအဝိုင်းနဲ့သူက ကြီးစိုးခဲ့တာ ကိုး သူက။ ဂိုဏ်းဖွဲ့ပြီးတော့ ဆိုးသွမ်းခဲ့တဲ့လူတယောက် အနေနဲ့ကြည့်လို့ရှိရင် သူ့ကိုထွက်ပေါက်ပေးလို့ နိဗ္ဗာန်ပို့လည်း မထူးပါဘူး။ ကျန်တဲ့သူကတော့ မြန်မာပြည်ကြီးတခုလုံးကို ငရဲလို ဖန်တီးတဲ့ ငရဲသားတွေ ကတော့ ကျန်နေဦးမှာပဲဆိုတဲ့အခါကျတော့ ကျနော်ကတော့ အဲဒီလိုမဖြစ်သင့်ဘူးလို့ ထင်တယ်။ အပြစ်ရှိရင် အပြစ်ခံရမှာပေါ့၊ အပြစ်မရှိရင်လည်း မရှိသလို လွတ်ရမှာပဲလို့ ကျနော်ကတော့ အဲဒီလိုပဲ တွေးပါတယ်။”

သူ လွတ်တာ မလွတ်တာထက် တိုင်းပြည်အတွက် ပိုမကောင်းသွားဘူးလား၊ ပိတ်ဆို့နေတဲ့လမ်းတခု ပွင့်သွားမလားဆိုတာ စဉ်းစားပေးလို့မရဘူးလား။ -

“ကျနော်ကတော့ အဲဒီလိုမထင်ဘူး။ ခုနကပြောသလိုပေါ့။ တိုင်းပြည်အတွက် ပွင့်သွားမလားဆိုတာက၊ ကောင်းပြီ။ ဥပမာဆိုပါတော့ သူ့ကို အီဂျစ်က မူဘာရက်တို့ လုပ်သလို ကဲ - ကြွပေတော့ဆိုပြီးတော့ ဘယ်ကိုပို့မလဲ။ ဘယ်ကိုပို့ပို့ တိုင်းပြည်ကတော့ သူကျူးလွန်ထားတဲ့အပြစ်တွေက အများကြီးရှိတယ်လို့ ကျနော်ထင်တယ်။ သူနဲ့အတူ ခိုးဖော်ခိုးဖက်၊ ဆိုးဖော်ဆိုးဖက် ဆိုတဲ့ဟာတွေကလည်း အများကြီးရှိနေတဲ့ အခါကျတော့ သူတယောက်တည်းထွက်ပါ ဆိုရုံနဲ့ မြန်မာပြည်ကြီး ကောင်းရပါမယ်လို့တော့ ကျနော် မထင်ဘူး။”

NLD ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG