သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ်သိန်းစိန် သမ္မတအဖြစ် အရွေးခံရ


၀န်ကြီးချုပ်သိန်းစိန် သမ္မတအဖြစ် အရွေးခံရ
၀န်ကြီးချုပ်သိန်းစိန် သမ္မတအဖြစ် အရွေးခံရ

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်ကို ရွေးချယ်လိုက် ပြီ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအင်အားစုတွေက ဝါရင့်သတင်းစာဆရာကြီး တဦးကတော့ ပုလင်းအသစ် ထဲက ဝိုင်အရက်ဟောင်းပါပဲလို့ ဟာသနှောပြီး မှတ်ချက်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဟာ လက်ရှိနိုင်ငံတော် ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဖြစ်သလို ဒုသမ္မတ အဖြစ် ရွေးချယ်ခံရသူ ၂ ဦးကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဖြစ်ကြတာကြောင့် မကြာမီဖွဲ့စည်းမယ့် ပြည်ထောင်စု အစိုးရသစ်ရဲ့ အဓိကကျတဲ့ ဝန်ကြီးဌာနတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ ရယူနိုင်တယ်။ ဒါပေမဲ့ အစိုးရသစ်ဟာ ပိုမို ပျော့ပြောင်းလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီမှာ စတင်ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ဗိုလ်ချုပ် ကြီးဟောင်းဦးသိန်းစိန်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ မနေ့က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ကနေ ဒုသမ္မတအဖြစ် အရွေးချယ်ခံရတဲ့ ဦးသိန်းစိန်ဟာ အခြား ဒုသမ္မတအဖြစ် ရွေးကောက်ခံရတဲ့ အမျိုးသားလွှတ်တော်က စိုင်းမောက်ခမ်းနဲ့ တပ်မတော်သား အစုအဖွဲ့က သီဟသူရ ဦးတင်အောင်မြင်ဦးတို့ကို ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ သမ္မတအဖြစ် မဲပေးဆုံးဖြတ်ခဲ့ကြတဲ့ အခြေအနေကိုတော့ ပြည်ထောင်စုလွှတ်တော်ကို တက် ရောက်နေတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။

“ဦးသိန်းစိန်က ပထမနော်။ နိုင်ငံတော် သမ္မတကြီး ဖြစ်သွားတာပေါ့ဗျာ။ ဦးသိန်းစိန်က ၄၀၈ မဲ ရပါတယ်။ ဒုတိယ သမ္မတကြီးကတာ့ သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်ပါတယ်။ ၁၇၁ မဲရပါတယ်။ ဒေါက်တာ စိုင်းမောက်ခမ်းက ၇၅ မဲရပါတယ်။ ပယ်မဲက ၅ မဲ ရပါတယ်။ စုစုပေါင်း ၆၅၉ မဲပါ။ မဲကတော့ လွတ်လွတ် လပ်လပ် ပေးကြပါတယ်ဗျာ။ တိုင်းရင်းသားတွေကလည်း ကိုယ်စီကိုယ်ငှပဲ ဒေါက်တာစိုင်းမောက်ခမ်းဆီ ကို ပေးကြတာတွေ့တယ်။”

ဒီကနေ့ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲဟာ နေ့ခင်း ၂ နာရီကျော်လောက်မှာ ပြီးဆုံးသွားတာဖြစ်ပါတယ်။

အခုလို ရွေးချယ်တင်မြောက်ခံရတဲ့ သမ္မတနဲ့ဒုသမ္မတတွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ကိုယ်စားလှယ်တွေဖြစ်တာကြောင့် အသစ်ဖြစ်ပေါ်လာမယ့် အစိုးရအဖွဲ့မှာလည်း သူတို့ပါတီကပဲ အဓိကကျတဲ့ ဝန်ကြီးဌာနတွေကို ရယူထားလိမ့်မယ်လို့ ဒေါက်တာအေးမောင်က ရှုမြင်ပါတယ်။

“အရေးကြီးမယ်လို့ ယူဆရတဲ့ ဝန်ကြီးဌာနတွေကို ပြည်ခိုင်ဖြိုးပါတီက အမာခံပုဂ္ဂိုလ်တွေကပဲ ဦးဆောင် မယ်လို့ ယူဆရပါတယ်။ ကျန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ပေးနိုင်တဲ့ဒေသတွေကိုတော့ဖြင့် ကျနော် ထင် ပါတယ်။ ပျော့ပြောင်းညင်သာစွာ သွားမယ့်လမ်းကို ဦးတည်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ ကျနော်တို့ ရေးရာကော်မတီတို့ ပြည်ထောင်စုနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာလည်း အားလုံးပါဝင်တဲ့ အကုန်လုံး ထင်သာမြင်သာရှိမယ့် ပူးပေါင်းပါဝင်မှုမျိုးကို ပုံဖော်နိုင်မယ်လို့ ကျနော်တို့ ယူဆနေကြပါတယ်။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေကလည်း အသစ်ဖြစ်ပေါ်လာမယ့် အစိုးရမှာ ကြံ့ခိုင်ဖံ့ွဖြိုး ရေးပါတီက လွှမ်းမိုးထားပေမဲ့ လူထုအကြိုက်ကို ပိုမိုဆောင်ရွက်လာနိုင်ကြောင်း သုံးသပ်ပါတယ်။

“သူတို့ကတော့ သမ္မတတွေရော၊ ဥက္ကဋ္ဌတွေရော ဖြစ်လာတော့ ဟိုဝန်ကြီးအဖွဲ့မှာလည်း အစိုးရအဖွဲ့မှာ လည်း ကြံ့ခိုင်ရေးပါတီ အစိုးရအဖွဲ့ပဲ ဖြစ်မှာပေါ့။ အဲလိုဖြစ်ပေမဲ့ ကျနော်တွက်ထားတာကတော့ ဦးသိန်းစိန်တို့ကတော့ ဟိုတုန်းက အခြေအနေနဲ့ အခုအခြေအနေ မတူဘူးပေါ့ဗျာ။ သာမန်အားဖြင့် ပြောရင် ဟိုတုန်းကတော့ သူက နအဖအနေနဲ့ အစိုးရအဖွဲ့ထဲပါတာပေ့ါ။ အခုကတော့ကာ ကြံ့ခိုင်ရေး ပါတီရဲ့ အစိုးရအဖွဲ့ဖြစ်လာတော့ ဒါက လွှတ်တော်ကရွေးတဲ့ အစိုးရအဖွဲ့ဖြစ်လာတဲ့အခါကျတော့ ဒါ လူထုရဲ့အကြိုက်ကို လိုက်လုပ်လာနိုင်တယ်လို့ မျှော်မှန်းရပါတယ်။ သို့သော် အခုအချိန်ထိတော့ ကျနော်တို့ စောင့်ကြည့်ရဦးမှာပေါ့။”

ဇန်နဝါရီလ ၃၁ ရက်နေ့ကစတင်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ လွှတ်တော်တွေမှာလည်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ စတဲ့ ထိပ်ပိုင်းနေရာတွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ရယူထားတာဖြစ်ပါတယ်။

နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ အရ ဆိုရင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အစိုးရအဖွဲ့ဝင်တွေကို နိုင်ငံတော် သမ္မတက ရွှေးချယ်ပြီး သက်ဆိုင်ရာ လွှတ်တော်တွေက အတည်ပြုခန့်အပ်မှာဖြစ်ပါတယ်။

အခုလို လွှတ်တော်ထဲမှာ စစ်အစိုးရခေါင်းဆောင်တွေနဲ့ သူတို့နဲ့ဆက်နွယ်သူတွေ ရွေးချယ်ခံရတဲ့အပေါ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မအံ့သြမိသလို ဒါဟာလည်း မျှော်လင့် ထားပြီး ဖြစ်တယ်လို့ ပြောဆိုတဲ့အကြောင်း ရန်ကုန်ကလာတဲ့ အေပီ သတင်းတပုတ်မှာ ဖော်ပြပါတယ်။

XS
SM
MD
LG