သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧပြီ ၂၃ ရက် လွှတ်တော် နှစ်ရပ် ပြန်လည် ကျင်းပမည်


ပြည်သူ့ လွှတ်တော် အစည်းအဝေး၊ ဇန်နဝါရီ ၂၆၊ ၂၀၁၂။
ပြည်သူ့ လွှတ်တော် အစည်းအဝေး၊ ဇန်နဝါရီ ၂၆၊ ၂၀၁၂။

လာမယ့် ဧပြီလ ၂၃ ရက် တနင်္လာနေ့မှာ လွှတ်တော် နှစ်ရပ် အစည်းဝေးတွေကို နေပြည်တော်မှာ ပြန်ကျင်းပမှာ ဖြစ်ပါတယ်။ ပထမအကြိမ် တတိယ အစည်းဝေးတုန်းက လွှတ်တော် နှစ်ရပ်တွင်း မပြီးပြတ်တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးကြဖို့ ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်တွေကိုလည်း လွှတ်တော်တက်ဖို့ ဖိတ်ထားတယ်လို့ လွှတ်တော်ရုံး တာဝန်ရှိသူက ပြောပါတယ်။ လွှတ်တော်တွင်း ဘယ်လိုကိစ္စတွေ ဆွေးနွေးဖို့ ရှိသလဲဆိုတဲ့ နဲ့ NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖို့ အလားအလာတွေကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါရှင်။

မတ်လ၂၆ ရက်နေ့က ရပ်နားထားတဲ့ လွတ်တော် နှစ်ရပ်လုံးရဲ့ အစည်းဝေးတွေကို ဧပြီလ ၂၃ ရက် တနလ်နေ့ကျရင် နေပြည်တော်မှာ ပြန်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ပထမအကြိမ် တတိယပုံမှန် အစည်းဝေးတွင်း မပြီးပြတ်တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးဖို့ ဖြစ်တယ်လို့ လွှတ်တော်ရုံးရဲ့ ညွန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြောပါတယ်။

“ကျနော် တို့ ၂၃ ရက်နေ့ မှာ နှစ်ခု လုံး လုပ်ဖို့ ရှိပါတယ်။ ကျနော်တို့ ပထမအကြိမ် တတိယပုံမှန် အစည်းဝေးတွင်း မပြီးပြတ်တဲ့ ကိစ္စတွေကို ဆက်တာပါ။ ဖိတ်ပြီးသား ပါခင်ဗျ။ ခုနက ပြောသလိုပါဘဲ မပြီးပြတ်သေးတဲ့ ကိစ္စလေးတွေ တချို့ ကျန်တာလေး တွေ ဆက်လုပ်ဖို့ ရှိပါတယ်။ ဒါလေးတွေကတော့ တချို့ ဥပဒေကြမ်း ကိစ္စလေး တွေ ပါဖို့ များပါတယ်။”

အခု ကျင်းပမယ့်လွတ်တော် အစည်းဝေးကို တက်ဖို့ NLD ပါတီက ကိုယ်စားလှယ်လောင်း တွေကိုလည်း ဖိတ်ထားပြီးပြီလို့ ဦးခင်မောင်ဦးက ပြောပါတယ်၊ ဒါပေမဲ့ NLD ပါတီဖက် က ကျမ်းကျိန်လွာ မှာ ရွတ်ဆိုရတဲ့ စကားလုံးအသုံးအနှုန်းပြင်ဆင်ဖို့ ကြိုးစားနေတာမို့ လွတ်တော် တက်မတက် အကြောင်းပြန်တာများ ရှိပါလား လို့လည်းမေးကြည့်ပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ ဖိတ်ပြီးပါပြီ။ သီးခြား တုန့်ပြန်မှု မရှိပါဘူး။ ကျနော်တို့ ဖိတ်တာ သူတို့ ရပါတယ်။ တက်ပါ့မယ်။ သီးခြားတော့ မရှိသေးပါဘူးခင်ဗျာ။ အခု ကျနော်တို့လည်း ရုံးပိတ်ရက် ဖြစ်တော့လေ။”

တတိယပုံမှန် အစည်းဝေးတွင်း ကဆွေးနွေးဖို့ ကျန်နေတာတွေကို ဆက်ပြီး ဆွေးနွေးကြမှာမို့ ဘယ်နှစ်ရက် ကြာ ကျင်းပမလဲဆိုတာ မပြောနိုင် သေးပေမဲ့ လွတ်တော်နှစ်ရပ်ပေါင်း ကျင်းပတဲ့ ပြည်ထောင်စု လွတ်တော်လည်း ခေါ်နိုင်ဖို့ အလားအလာရှိတယ်လို့ လည်းပြောပါတယ်။

“အဲဒါတော့ ဘယ်နှစ်ရက် ကြာမလဲ ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ ဘာလို့လည်း ဆိုတော့ အခြေအနေ ပေါ်မှာ မူတည်ပြီးတော့ ရက်က ကြာတတ်လို့ပါ။ ကျနော်တို့ လုပ်နိုင်ပါတယ် ခင်ဗျ။ ပြည်သူ့ ရော၊ အမျိုးသားရော ပေါင်းလိုက်ရင် ပြည်ထောင်စု လွှတ်တော် ဖြစ်တယ်ပေ့ါ။ လိုအပ်ရင် လုပ်မှာ ဖြစ်ပါတယ်။”

နေပြည်တော် လွှတ်တော်ရုံးရဲ့ ညွန်ကြားရေးမှူး ဦးခင်မောင်ဦးကို လွှတ်တော်ပြန်စမယ့် ကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ် မေးမြန်းထားတာပါရှင်။ ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာအများစုနဲ့ အနိုင်ရထားတဲ့ အန်အယ်ဒီ (NLD) ပါတီကတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းကျိန် ရာမှာ ရွတ်ဆိုရတဲ့ ဖွဲ့စည်းပုံအခြေခံကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့အစား လေးစားလိုက်နာ ပါမယ်ဆိုတဲ့ အသုံးအနှုန်း ပြင်ဖို့ ကိစ္စကို ဧပြီ လ ၁၄ ရက်နေ့က နိုင်ငံတော် သမ္မတဆီ မေတ္တာရပ်ခံ အကြံပြုစာ တစောင်ပေးပ့ိုထားပါတယ်။

ဒီကိစ္စအတွက်လည်း အခြေခံ ဥပဒေခုံရုံးက နိုင်ငံတကာမှာလည်း ဒီလိုပြဌာန်းထားတယ် ဆိုတာကို ဧပြီလ ၁၉ ရက်နေ့မှာ အန်အယ်ဒီ (NLD) ပါတီက တာဝန်ရှိတဲ့ ဦးဉာဏ်ဝင်းကို ခေါ်ယူရှင်းပြခဲ့ပါတယ်။ ဒီ အခြေအနေ တွေ အပေါ်မှာ အန်အယ်ဒီ (NLD) ပါတီက သဘာပတိအဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ လေးစား လိုက်နာပါမယ် ဆိုတဲ့ စကားရပ် ပြင်မှသာ NLD ကိုယ်စားလှယ်တွေ လွတ်တော်တက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ခုနက ပြောတဲ့ အခြေခံခုံရုံး သို့မဟုတ်လည်း သမ္မတ ရုံးက နေပြီးတော့ ဘယ်လို့ စီစဉ်မလဲ တော့ မသိဘူး။ အဲဒီ စီစဉ်တဲ့ အတိုင်း အခြေခံဥပဒေမှာ ပါတဲ့ အတိုင်း ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ် အစား လေးစား လိုက်နာပါမယ် ဆိုတဲ့ စကားရပ် ကို ပြင်မှသာလျှင် လွှတ်တော်ကို တက်နိုင်မှာ ဖြစ်ပါတယ်။”

NLD ပါတီက သဘာပတိအဖွဲ့ဝင် တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီး ဦးဝင်းတင်ပါရှင်။

ပြည်တော်စုလွှတ်တော်ကနေ ပြဌာန်း လိုက်တဲ့ဥပဒေတချို့ကို သမ္မတရုံး ပေးပို့ထား ပြီးတော့ ဒါတွေဟာ အခု မှတ်ချက် နဲ့ အတူ ပြန်ကျလာတာတွေ ရှိတာမို့ ဒါတွေကို ဧပြီလ ၂၃ ရက်နေ့ ပြန်စတဲ့ လွှတ်တော်တွေ အတွင်း ဆက်ဆွေးနွေးကြမှာ ဖြစ်တယ်လို့ အမျိူးသားလွတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကပြောပါတယ်။

“အဲဒါကတော့ အတိအကျ ပြောရရင်တော့ ၂၀၁၂ ပြည်သူ့ လွှတ်တော် ဥပဒေနဲ့ ၂၀၁၂ ခုနှစ် အမျိုးသား လွှတ်တော် ဥပဒေပါ။ အဲဒီ ဥပဒေတွေ ကို ကျနော်တို့ က ပြင်ဆင်ချက် အနေနဲ့ မဟုတ်ဘဲနဲ့ ဥပဒေ အသစ်တွေ အဖြစ်ကို ရေးဆွဲ လိုက်တာ ဖြစ်ပါတယ်။ မူလ ဥပဒေတွေ ကတော့ နယက က နေပြီးတော့ ပြဌာန်း သွားတာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေတွေ ကို သမ္မတ ရုံးက နေပြီးတော့ မှတ်ချက်နဲ့ ပြန်ပေးပို့ ထားတယ် ဆိုတာ ကို ကျနော်တို့ ကြားသိ ထားရပါတယ်။ ဘယ်လို မှတ်ချက်တွေ နဲ့ ဘယ်အချက်တွေကို ပြန်လည် ပြင်ဆင်ဖို့ ပေးပို့ ထားသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ အဲဒီတော့ ကျနော်တို့ သိထားရ သလောက်က တော့ ဒီ ဥပဒေတွေ ပြန်ပြင်ဆင် ဖို့ ကိစ္စပါဘဲ။ ဒီဟာ အတွက် ကို ပြန်ခေါ်တာပါ။ ကျန်တဲ့ ကိစ္စတွေ ကတော့ သိပ်ပါနိုင်မယ် မထင်ပါဘူး ခင်ဗျ။”

အမျိူးသားလွတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးပါရှင်။ ပြီးခဲ့တဲ့ တတိယအကြိမ် ပုံမှန် အစည်းဝေး မှာတော့ ၂၀၁၂ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း) တွေ၊ ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG