သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်စစ်ဘက် ကိုယ်စားလှယ် အဖွဲ့ မြန်မာ စစ်အရာရှိတွေကို သင်တန်းပေးမည်


နှစ် ၆၀ ပြည့် တပ်မတော်နေ့အခမ်းအနားမြင်ကွင်း။
နှစ် ၆၀ ပြည့် တပ်မတော်နေ့အခမ်းအနားမြင်ကွင်း။
မြန်မာစစ်တပ်က အကြီးတန်းအရာရှိတွေကို သင်တန်းပေးဖို့အတွက် ဗြိတိန်စစ်တပ် တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို အခုရက်ပိုင်းအတွင်း သွားရောက်ဖို့ ရှိတယ်လို့ Telegraph သတင်းက ရေးသားပါတယ်။

မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရဘက်က အရာရှိ ၃၀ လောက်ကို မဟာဗျူဟာဆိုင်ရာ သင်တန်းပေးဖို့အတွက် ဗြိတိန်ကာကွယ်ရေး တက္ကသိုလ်က အရပ်ဖက်နဲ့ စစ်ဖက် ပူးတွဲအဖွဲ့တဖွဲ့ကို ဇန်နဝါရီလထဲမှာ စေလွှတ်ဖို့ရှိတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို Telegraph က ကိုးကားထားပါတယ်။

လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ကာကွယ်ရေးကိစ္စတွေကို ဘယ်လို စီမံကိုင်တွယ်မလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့ချမယ့် ဒီသင်တန်းကိုတော့ Cranfield တက္ကသိုလ်နဲ့ ပူးတွဲဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သီတင်းနှစ်ပတ်ကြာမယ့် ဒီသင်တန်းဟာ စစ်မြေပြင်ဆိုင်ရာ စစ်ရေး သင်တန်းမျိုးမဟုတ်ဘဲ၊ လူ့အခွင့်အရေး လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့ တာဝန်ခံမှု အပိုင်းတွေအပါအဝင် ပညာပေးသင်တန်းမျိုးဖြစ်တယ်လို့ ဗြိတိန်ကြည်းတပ် အကြီးတန်းအရာရှိရဲ့ ပြောဆိုချက်ကိုလည်း Telegraph က ကိုကားရေးထားပါတယ်။

မြန်မာစစ်တပ်ဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အခရာကျတာကြောင့် စစ်တပ်ရဲ့အနေအထားကို မျက်ကွယ်ပြုထားမယ်ဆိုရင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ထိခိုက်နိုင်တယ်လို့ ဗြိတိန်ကာကွယ်ရေးဘက်က ပြောဆိုချက်ကိုလည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ လွှတ်တော်အမတ်အချို့ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ စစ်တပ်ကို အကူအညီပေးမယ့် ကိစ္စတွေအပေါ် မေးခွန်းထုတ်နေကြပါတယ်။

HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က မြန်မာ့အရေးသုတေသီ David Mathieson ကတော့ ဗြိတိန်ရော အမေရိကန်ဘက်ကပါ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးပိုင်း အလွန် လျှင်လျှင်မြန်မြန်နဲ့ ဆောင်ရွက်နေတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

အထူးသဖြင့် မြန်မာစစ်တပ်ဟာ ကမ္ဘာမှာ အင်မတန် နာမည်ဆိုးရှိနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အပြင်၊ လက်ရှိအချိန်အထိလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတုန်းပဲလို့ HRW က ပြောပါတယ်။
XS
SM
MD
LG