သုံးရလွယ်ကူစေသည့် Link များ

မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေချိန်မှာပဲ လူနည်းစု တိုင်းရင်းသားတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေဆဲပဲလို့ ဗြိတိသျှပါလီမန်မှာ လစ်ဘရယ် ဒီမိုကရက်အမတ်က ပြောဆိုလိုက်ပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ စစ်ရေးအကူအညီပေးဖို့ စီစဉ်နေတဲ့အပေါ်လည်း လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား တိုက်ပွဲတွေဖြစ်နေဆဲ အနေအထားဟာ စိုးရိမ်စရာဖြစ်တယ်လို့ ပါလီမန်တွင်း ထောက်ပြ ပြောဆိုမှုတွေ ရှိပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြထားပါတယ်။

ဇွန်လ ၂၅ ရက်နေ့ ဗြိတိန်စံတော်ချိန် မနက်ပိုင်းမှာ ဗြိတိသျှပါလီမန်အတွင်း လစ်ဘရယ် ဒီမိုကရက်ပါတီအမတ် Mr. David Ward ရဲ့ မြန်မာ့အရေး သုံးသပ်တင်ပြချက်အပေါ် အမတ်တွေက ဆွေးနွေးခဲ့သလို မြန်မာ့အရေး စိတ်ဝင်စားသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲနေတဲ့ အခြေအနေ၊ လူနည်းစု တိုင်းရင်းသားတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေဆဲ လူ့အခွင့်အရေး အခြေအနေတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ မြန်မာအစိုးရကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူက အလေးအနက်ထား ပြောကြားခဲ့ပါတယ်။

အခုလို ဗြိတိသျှပါလီမန်အတွင်း မြန်မာ့အရေးကို အလေးထား တင်ပြခဲ့တဲ့အတွက် မြန်မာပြည်အတွင်း ဖြစ်ပျက်နေတဲ့ ပကတိ အခြေအနေတွေကို နိုင်ငံတကာက ပိုပြီးတော့ သိရှိလာနိုင်မယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် Kachin National Organization အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ Mr. Ring Du LaChyang (ရင်ဒူလကြုံ) က ပြောပါတယ်။

“ဗြိတိသျှပါလီမန် ကျနော်တို့ Minority အတွက် အဓိက သူတို့ ဆွေးနွေးတဲ့နေရာမှာ ကျနော်တို့ တိုင်းရင်းသား ဒေသမှာဖြစ်နေတဲ့ Conflict နဲ့ပတ်သက်ပြီးမှ ထိရောက်မှုရှိပါတယ်။ နံပါတ်တစ်အနေနဲ့ ကျနော်တို့ ကချင်ပြည်နယ်မှာ အဓိကဖြစ်တဲ့ လူမှုရေးဆိုင်ရာ ပြဿနာ Humanitarian Violence တခြားပြဿနာတွေဟာ အားလုံး နိုင်ငံရေးပေါ်မှာ အခြေခံတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံရေးပြဿနာကို အဖြေရှာမှ ဖြေရှင်းဖို့အတွက် အဓိကဖြစ်တယ်ဆိုတာကို မြန်မာပြည်အစိုးရကိုရော၊ International ကိုရော သိစေတဲ့အတွက်မို့ မြန်မာနိုင်ငံ သာယာဖို့ဟာ အဓိက နိုင်ငံရေးကို ဖြေရှင်းကို ဖြေရှင်းရမယ့်ဟာတွေ ဖြစ်တယ်ဆိုတာကိုလည်း သိစေတယ်။ နောက် တချို့ဟာကတော့ အတွင်းမှာဖြစ်နေတဲ့ အရာကိစ္စတွေကို International က သိပ်ပြီးမှ အဓိကမထားတဲ့ အချက်တွေပေါ့။ အထူးသဖြင့် ဒီ ဗြိတိသျှပါလီမန်ကနေ ဖော်ပြတဲ့ International ကနေ အခုလို ဆွေးနွေးပွဲတွေမှာ ဖော်ပြတဲ့ဟာတွေဟာ ကျနော်တို့ တိုင်းရင်းသားဒေသအတွက် အများကြီး အကျိုးရှိပါတယ်။”

ဗြိတိသျှပါလီမန်အတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဗြိတိန်သျှ ပါလီမန်အမတ်တွေ စုဖွဲ့ထားတဲ့ APPG (All Party Parliamentary Group) အဖွဲ့ရဲ့ ဗြိတိသျှအစိုးရနဲ့ နိုင်ငံတကာကို တင်ပြချက်တွေကြောင့် မြန်မာပြည်တွင်း လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ အလေးထား ဆောင်ရွက်မှုတွေ ရှိနေတာကို တွေ့ရတယ်လို့ ကချင်အမျိုးသားအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌက ပြောပါတယ်။

“APPG အဖွဲ့ကနေပြီးတော့ Burma ပေါ့လေ မြန်မာပြည်အကြောင်းအရာကို သူတို့ အဓိကထားပြီးတော့မှ တဆင့် ပြန် Raise တာတွေ လုပ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီ ပါလီမန်မှာ မြန်မာအရေး အထူးသဖြင့် ကျနော်တို့ Minority တိုင်းရင်းသားဒေသမှာ သူတို့ အဓိက မြောက်များစွာလုပ်ဖို့ဟာ ကျနော်တို့ အမြဲတမ်း Push လုပ်ပါမယ်။ အခုလို ဆွေးနွေးတယ်ဆိုတာ အများကြီး ကောင်းတဲ့ လက္ခဏာတွေပါ။ ဆွေးနွေးချဉ်းကပ်နေပြီးတော့ အဖြေရှာရမယ်ပေါ့။ အဖြေ ဘယ်လို ဒီပြဿနာကို ဖြေရှင်းမယ်ဆိုတဲ့ဟာကို အဖြေရှာရမယ်။ အဲ့ဒီအဖြေပေါ်မှာ မူတည်ပြီးတော့မှ လက်ရှိကိစ္စကို ဘယ်လို ဖြေရှင်းမယ်၊ ဖြစ်ပေါ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမယ် ဆိုတဲ့ အကြောင်းရလဒ် ဖြစ်ပေါ်စေပါတယ်။”

ဗြိတိသျှအစိုးရအနေနဲ့ မြန်မာပြည်တွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ အကူအညီပေးမှုတွေ၊ ပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ လူနေမှုဘဝ လုံခြုံရေးတွေနဲ့ ဒုက္ခသည်တွေအပေါ် လူသားချင်း စာနာမှုဆိုင်ရာ ကူညီပေးနေတာနဲ့ ပတ်သက်လို့ ကျေးဇူးတင်တယ်လို့ ဆိုပေမဲ့ မြန်မာ့တပ်မတော်နဲ့ စစ်ရေးဆက်ဆံမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတဲ့အပေါ် အခုလက်ရှိ တိုင်းရင်းသားတွေနဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲ အခြေအနေမှာ ကန့်ကွက်ပြောဆိုချင်တယ်လို့ ဦးရင်ဒူလကြုံ က ဆိုပါတယ်။

“တချို့ အားနည်းမှုတွေ အများကြီး ရှိသေးတယ်။ ဒီ စစ် Engagement ကိုတော့ ကျနော်တို့ တိုင်းရင်းသားတွေအနေနဲ့ အဓိက ဆန့်ကျင်ချိန်မှာ ဒီ စစ်ရေးရာ Military Engagement ဟာ အထူးသဖြင့် တိုင်းရင်းသားဒေသကို ဖြစ်ပေါ်စေတဲ့အဆင့်မှာ တိုက်ရိုက် အကျိုးဆိုးစေတဲ့ အကြောင်းတရားတွေ ရှိနေတယ်။ သူတို့ ဒါတွေပေါ့ ကျနော်တို့က အမြဲတမ်း ပါလီမန်ကိုသွားပြီးမှ ဆန့်ကျင်တယ်ပေါ့။ ဒါတွေကို အမြန် ရုပ်သိမ်းဖို့။ ကျနော် အမြဲတမ်း သူတို့ကို တင်ပြ ပြောဆိုတာတွေ ကျနော် အမြဲတမ်း လုပ်ပါတယ်။”

မြန်မာ့အရေး အလေးထား ဆောင်ရွက်နေတဲ့ ဗြိတိသျှ ပါလီမန်အမတ်တွေဟာ မြန်မာနိုင်ငံတွင်း လက်ရှိ နိုင်ငံရေး အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ အခြေအနေ၊ စာပေစာနယ်ဇင်း လွတ်လပ်ခွင့်တွေနဲ့အတူ ဒုက္ခသည်တွေအရေးကို မကြာခဏ ဆိုသလို ပါလီမန်အတွင်း တင်ပြဆွေးနွေးမှုတွေ လုပ်ပြီး ဖိအားပေး ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG