သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဆက်ပြီး ဆိုးရွားနေဆဲဖြစ်တာကြောင့် ဗြိတိန်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ လက်ရှိဆက်ဆံရေး မူဝါဒကို အထူးစိုးရိမ်မိကြောင်း ဗြိတိန် ၀ါရင့် လွှတ်တော်အမတ်တချို့ အပါအ၀င် မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရကို အကောင်းမြင်နေတဲ့ ဗြိတိန်အစိုးရရဲ့ ဆက်ဆံရေးပြောင်းလဲပြီး စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ လန်ဒန် ဗြိတိန်နိုင်ငံခြားရေး ဌာနရှေ့မှာ မနေ့ကပြုလုပ်တဲ့ နှင်းဆီပန်းရောင်လှုပ်ရှားမှု ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ဦးဆောင်တဲ့ နှင်းဆီပန်းရောင် မျက်မှန်လှုပ်ရှားမှုကို လွန်ခဲ့တဲ့ ၁၈ လကတည်းက စတင်ခဲ့တာပါ။ အင်္ဂါနေ့က ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့မှာ မြန်မာ့အရေး ဆန္ဒပြခဲ့ပြီး စုဆောင်းရရှိထားတဲ့ မျက်မှန်ပေါင်း ၂၀၀၀ ကျော်ကို Burma Campaign UK အဖွဲ့က နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေကို ပေးအပ်ခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ဗြိတိန်နိုင်ငံရဲ့ ၀ါရင့် အထက်လွှတ်တော်အမတ်တွေဖြစ်တဲ့ Baroness Glenys Kinnock နဲ့ Baroness Seue Nye တို့လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဗြိတိန်အစိုးရက မြန်မာအပေါ် အကောင်းမြင်တဲ့ ဆက်ဆံတဲ့ လက်ရှိမူဝါဒကို အထူးစိုးရိမ်နေပြီး လူ့အခွင့်အရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ မြှင့်တင်ရေးကို အခြေခံတဲ့ မူဝါဒနဲ့ ဆက်ဆံဖို့ Baroness Glenys Kinnock က တိုက်တွန်းလိုက်ပါတယ်။

ဒီမျက်မှန်လှုပ်ရှားမှုနဲ့ပတ်သက်လို့ Burma Campaign UK ရဲ့ ညွန်ကြားရေးမှူး Mark Farmaner ပြောပြတာက -

“ကမ္ဘာကြီးကို သာသာယာယာ အမြင်မျိုးနဲ့ ကြည့်ချင်ရင် နှင်းဆီပန်းရောင် မျက်မှန်ကို တပ်ပြီးကြည့်ပါလို့ ဗြိတိန်နိုင်ငံမှာ အဆိုရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဆိုးရွားနေတဲ့ လက်တွေ့အခြေအနေကို မကြည့်ဘဲ သာယာစိုပြေနေတယ်လို့ ဗြိတိန်အစိုးရက မြင်နေတာကြောင့် အခုလို နှင်းဆီပန်းရောင် မျက်မှန်လှုပ်ရှားမှုကို စတင်ခဲ့တာပါ။ မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ ပြဿနာတွေ မရှိတော့ဘူးလို့ မြင်နေတဲ့ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ဆိုးရွားနေတာကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ဖိအားပေးတဲ့ မူဝါဒကို ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာကို ထောက်ပြ တောင်းဆိုလှုပ်ရှားတာပါ။”

ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ Burma Campaign UK ရဲ့ Campaign တာဝန်ခံ ဇိုရာဖန်းကလည်း မြန်မာအစိုးရကို ဖိအားပေး ဆက်ဆံဖို့ ဗြိတိန်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

“ဒီနေ့ပေါ့နော် ကျမတို့ ဗြိတိန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ကျမတို့ Burma Campaign UK ရော၊ ပြီးတော့ ပါလီမန်အမတ်တွေတချို့ပေါ့နော် ပြီးတော့ UK မှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေနဲ့ ကျမတို့ အတူတူသွားပြီးတော့ ဒီနှင်းဆီပန်းရောင် မျက်မှန်ကို ၂၀၀၀ ကျော်ကျော်လောက် ကျမတို့ အဲ့ဒီမှာ နိုင်ငံခြားရေးဌာနကို ကျမတို့ ပို့လိုက်တယ်ပေါ့နော်။”

ဒါ့အပြင် မနေ့ထုတ်ပြန်တဲ့ Burma Campaign UK ရဲ့ ကြေညာချက်မှာလည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဟာ ရပ်တန့်နေတယ် ဆိုတဲ့အချက်ကို ဗြိတိန်အစိုးရက လက်မခံဘူးလို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် အခြေအနေတွေ ကောင်းသွားမယ်လို့ ဗြိတိန်အစိုးရက ယူဆနေကြောင်း Mark Farmaner က ပြောပါတယ်။

“ကုလသမဂ္ဂ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန် သမ္မတ အိုဘားမားတို့က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ နောက်ပြန်ဆုတ်နေပြီ၊ ရပ်တန့်နေပြီ၊ စစ်မှန်တဲ့ ပြောင်းလဲရေး မဟုတ်ဘူးလို့ ထောက်ပြ ပြောဆိုနေကြတာပါ။ ဒါပေမဲ့ ဗြိတိန်အစိုးရကတော့ ဒီအမြင်မျိုးကို သဘောမတူတဲ့အကြောင်း ဗြိတိန်လွှတ်တော်မှာ ပြောသွားပါတယ်။ သူတို့ဟာ သမ္မတ ဦးသိန်းစိန်ကို ယုံကြည်နေပြီး ပြုပြင်ပြောင်းလဲရေးကိုလည်း အကောင်းမြင်နေတာပါ။ ၂၀၁၅ ရွေးကောက်ပွဲထိ အခြေအနေတွေကို စောင့်ကြည့်ဖို့နဲ့ အခြေအနေတွေ ကောင်းသွားမှာပါလို့ ဗြိတိန်အစိုးရက ယူဆထားပါတယ်။”

ဗြိတိန်အစိုးရရဲ့ အမြင်ဟာ မမှန်ကန်ဘူး၊ လက်တွေ့မကျဘူးဆိုတာကို Burma Campaign UK အနေနဲ့ ဝေဖန်ထောက်ပြနေတာပါ။ တဆက်တည်းမှာပဲ လက်ရှိ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဟူဂိုဆွိုင်ယာလက်ထက် မြန်မာနဲ့ဆက်ဆံရေးမှာ ဗြိတိန်ဟာ ကုန်သွယ်စီးပွားရေးကို အဓိက ဦးစားပေးနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူရှုထားတယ်လို့ ဇိုရာဖန်းက ပြောပါတယ်။

“ကျမတို့ မြင်ရသလောက်ကတော့ ဗြိတိန်အစိုးရက သူတို့ မြန်မာ့အရေးနဲ့ ဆက်ဆံတဲ့အချိန်မှာ သူတို့က စီးပွားရေးဘက်မှာ ပိုပြီးတော့ အားသန်တယ်လို့ ကျမတို့က မြင်ပါတယ်။ ဥပမာအားဖြင့် သူတို့ ကုန်သွယ်ရေးဘက်မှာရောပေါ့နော် ပြီးတော့ ဗြိတိန်ရဲ့ ကုမ္ပဏီတွေကို ပိုပြီးတော့ အားပေးတယ်။ ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သူတို့က လျစ်လျူရှုထားတယ်လို့ ကျမတို့ မြင်ပါရပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ နှစ်ပတ်တုန်းကပေါ့နော် ကချင်ပြည်နယ်မှာ ကချင်ကျောင်းဆရာမနှစ်ယောက် မုဒိမ်းကျင့်ခံရပြီး မြန်မာစစ်သားကနေပြီးတော့ သူတို့ကို သတ်သွားတယ်။ အဲ့ဒီအကြောင်းကို ကျမတို့က ဗြိတိန်အစိုးရကို တင်ပြတယ်။ ဒါပေမဲ့ ဗြိတိန်အစိုးရအနေနဲ့ပေါ့နော် မြန်မာအစိုးရနဲ့ ဆက်ဆံတာမှာ အခုထိကို ပျော့နေတုန်းပဲပေါ့နော်။

Burma Campaign UK ရဲ့ ကြေညာချက်မှာလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက် ၁၆၀ အထိတိုးသွားတာ၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားတဲ့ ဥပဒေပြဌာန်းဖို့ ကြိုးပမ်းချက်တွေ၊ တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG