သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ စောင့်ကြည့်ခွင့်ရဖို့ ကုလမျှော်လင့်


ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ စောင့်ကြည့်ခွင့်ရဖို့ ကုလမျှော်လင့်
ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ စောင့်ကြည့်ခွင့်ရဖို့ ကုလမျှော်လင့်

မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု ရှိစေရေး ပြင်ပက အကဲခတ်တွေ စောင့်ကြည့်ခွင့်ရမယ်လို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါမယ်လို့ ကတိကဝတ် ပြုထားရာမှာ အဓိကစမ်းသပ်ချက် တစ်ခုအဖြစ် မြင်နေကြတဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေကို လေ့လာသူတွေ ဝင်ခွင့်ပြုဖို့ ကမ်းလှမ်းချက်တွေ ထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား (Vijay Nambiar) က ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ပြည်တွင်းပြည်ပက မြင်တွေ့လိုတဲ့ အဓိက ကိစ္စရပ် တစ်ခုအဖြစ် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု ရှိစေရေး သေချာအောင် လုပ်ဖို့လိုမယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောလိုက်တာပါ။ မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရင်းနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား က ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

“ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ ထူးခြားတယ်လို့ ယူဆရပါလိမ့်မယ်။ ဒီရွေးကောက်ပွဲတွေကို အများက ယုံကြည် လက်ခံနိုင်ဖို့ အတွက်ကတော့ လွတ်လပ်မျှတမှု ရှိဖို့နဲ့ အားလုံး အတူတကွ ပါဝင်တာတွေ့ရဖို့ လိုပါတယ်။ ဒီနေရာမှာ ပါတီတွေ အားလုံး လွတ်လွတ်လပ်လပ် တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ခွင့် ရှိဖို့နဲ့ ပြီးပြည့်စုံပြီး ပွင့်လင်းမြင်သာမှု ရှိရပါလိမ့်မယ်။ ဒီကိစ္စကိုလည်း တွေ့ဆုံခဲ့သူ အားလုံးနဲ့ ကျနော် ဆွေးနွေးဖြစ်ပါတယ်။”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ သာမက၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လူမှုအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ ရွေးကောက်ပွဲ အကြိုအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက စည်းရုံးလှုပ်ရှားမှုတွေအတွင်း အဟန့်အတားတချို့ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှု အခြေအနေတွေအပေါ် စိုးရိမ်မကင်းသံတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ်ကတော့ ရွေးကောက်ပွဲတွေ အများအမြင်မှာ လက်ခံနိုင်တဲ့ အခြေအနေဖြစ်အောင် ပြင်ပက လွတ်လပ်တဲ့ အကဲခတ်တွေကို လက်ခံလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

“ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် လက်ရှိ ရွေးကောက်ပွဲအတွက် ပံ့ပိုးမှုတွေ အကူအညီတွေ အခုအချိန်အထိတော့ ကုလသမဂ္ဂဆီက တောင်းခံတာမျိုး မရှိသေးပါဘူး။ အခုအချိန်အထိ ဘာမှ ကမ်းလှမ်းတာမျိုးလည်း မရှိသေးပါဘူး။ မကြာသေးခင်က သမ္မတ ပြောတဲ့ အထဲမှာတော့ အာဆီယံကနေ တချို့ အကဲခတ်တွေကို လက်ခံသွားဖို့ ဆန္ဒရှိတဲ့ သဘောထားရှိတယ်လို့ ကျနော် နားလည် ထားပါတယ်။ အာဆီယံ အသင်းကလည်း ကမ်းလှမ်းထားပါတယ်။ မြန်မာအာဏာပိုင်တွေ အနေနဲ့ အာဆီယံက အကဲခတ် တချို့ကို ကြိုဆိုမယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။”

အခုအချိန်အထိ ရွေးကောက်ပွဲအတွက် ကုလသမဂ္ဂက အကူအညီ တောင်းခံတာမျိုး မရှိပေမဲ့၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွေ ကျရင်တော့ ကုလသမဂ္ဂက ကူညီပံ့ပိုးမှုတွေ ပေးနိုင်မယ့် အစီအစဉ်တွေကိုတော့ ဆွေးနွေး ဖြစ်တယ်လို့လည်း အထူးကိုယ်စားလှယ်က ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအပြင် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အရေးတကြီး ဆောင်ရွက်ဖို့ ကျန်နေတဲ့ ကိစ္စတွေ အဖြစ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ရယူပြီး ပြန်လည် သင့်မြတ်မှုရအောင် ဆောင်ရွက်သွားဖို့၊ အထူးသဖြင့်ကတော့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်တွင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ အရေးကို ဖြေရှင်းဖို့တွေလည်း လိုအပ်နေတယ်လို့ ပြောသွားတာပါ။ ဒီလိုပဲ တိုင်းပြည်ရဲ့ လူမှုရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက် လာစေဖို့အတွက် ကျန်းမာရေး ပညာရေးနဲ့ အလုပ်အကိုင် ရရှိရေး ကိစ္စတွေကို ဖန်တီးပေးရလိမ့်မယ်လို့လည်း တိုက်တွန်းသွားတာပါ။

တချိန်တည်းမှာပဲ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူ ကန့်သတ် ထားတာတွေကိုလည်း ဖယ်ရှားသွားဖို့ လိုမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် နမ်ဘီယား က ပြောပါတယ်။ မြန်မာအစိုးရအပေါ် ဆယ်စုနှစ်တွေနဲ့ချီ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုကတော့ အရေးယူ ဒဏ်ခတ်မှုတချို့ကို လျှော့ပေါ့တဲ့ အနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ မြန်မာနိုင်ငံကို နည်းပညာပိုင်းအရ ကူညီခွင့်ပြုတဲ့အကြောင်း ဖေဖော်ဝါရီ လဆန်းပိုင်းမှာပဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG