သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင့်မြတ်ရေး ဆက်လက် အားထုတ်ဖို့ ကုလတိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယား (ယာ) တို့ တွေ့ဆုံမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံနေစဉ် (နိုဝင်ဘာလ ၃၊ ၂၀၁၁) ဓါတ်ပုံ - အေပီ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယား (ယာ) တို့ တွေ့ဆုံမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံနေစဉ် (နိုဝင်ဘာလ ၃၊ ၂၀၁၁) ဓါတ်ပုံ - အေပီ

မြန်မာနိုင်ငံက နိုင်ငံရေးဖြစ်ထွန်းမှုတွေအတွက် အားရကျေနပ်မှုရှိပေမဲ့ နောက်ထပ် ခြေလှမ်းတွေလှမ်းဖို့ အတွက်လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒီကနေ့ ခရီးစဉ် အဆုံးသတ်ချိန်မှာ တိုက်တွန်းလိုက် ပါတယ်။ မြန်မာအစိုးရရဲ့ တာဝန်ရှိသူတွေနဲ့သာမက ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ မနေ့တုန်းကပဲ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား (Vijay Nambiar) က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်မှုတွေ ရရှိအောင် ဒီထက်ပို လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်တာပါ။

သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာလည်း တမျိုးသားလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေး အရှိန်မြှင့် ဆောင်ရွက်နိုင်ဖို့ ဘက်ပေါင်းစုံက ထူးခြားတဲ့ အားထုတ်မှုတွေနဲ့အတူ သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အရှိန်မြှင့် ဆောင်ရွက်ဖို့ဟာ အရေးကြီးတဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ တိုက်တွန်းချက်ကို တိုက်ရိုက်ပြောဆိုဖို့ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခွင့်ဥပဒေ ပြင်ဆင်ဖို့ စတဲ့ ကိစ္စတွေဟာလည်း ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ကြေညာချက် ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။

ဒီလိုပဲ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုတွေ ရရှိဖို့အတွက် တွေ့ဆုံဆွေးနွေးရမှာ ဖြစ်သလို ဒါတွေသာ ဆက်လက် တည်တံ့မယ်ဆိုရင် လူထုကိုပေးထားတဲ့ ကတိတွေကို အကောင်အထည် ဖော်နိုင်ယုံသာမက နိုင်ငံသမိုင်းကိုလည်း မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်ရာ ရောက်စေမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီလနှောင်းပိုင်း ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ (၄) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲအတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ အတွင်းရေးမှူးချုပ်က မျှော်လင့်ကြောင်းလည်း ပြောခဲ့တာပါ။ ဒီကြေညာချက်ထဲမှာပဲ လူထုအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် မူဝါဒဆိုင်ရာ စိန်ခေါ်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေတဲ့ တိုးတက်ဖွံ့ဖြိုးမှု အစီအစဉ်တွေအပေါ်မှာ အထူးကိုယ်စားလှယ်က စိတ်ဝင်တစား လေ့လာဖြစ်တဲ့အကြောင်းကိုလည်း ဖော်ပြခဲ့ပါတယ်။ အဆုံးသတ်ချိန်မှာတော့ မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေအတွက် အားရကျေနပ်တဲ့အကြောင်း ပြောခဲ့ပေမဲ့ ဒီထက်ပိုပြီး အချိန်မြှင့် ဆောင်ရွက်ဖို့လည်း တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံကို ၅ ရက်ကြာသွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဘီဂျေးနမ်ဘီးယား ဟာ ခရီးစဉ်အဆုံးသတ်တဲ့ ဒီကနေ့မှာပဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အဲဒီအထဲမှာ သူဟာ ဒုသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့တကွ အထက်လွှတ်တော်အကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီး၊ လူမှုဖူလုံရေးဝန်ကြီးတို့ အပါအဝင် ငြိမ်းချမ်းမှုတည်ဆောက်ရေးအဖွဲ့ ရွေးကောက်ပွဲကော်မရှင်တို့နဲ့ပါ တွေဆုံခဲ့ကြောင်း ဖော်ပြထားပါတယ်။ ရန်ကုန်မြို့မှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့အတူ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ပါ တွေ့ဆုံကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG