သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး ဆုံးဖြတ်ချက် ကုလအတည်ပြု


A woman prepares for the 41st Coming of Age Day ceremony, known traditionally in South Korea as Gwan-Rye, in Seoul, May 20, 2013. The ceremony was held to recognize boys and girls at the age of 20, who have been living under the protection of their families, as independent individuals.

နိုင်ငံပေါင်း ၄၈ နိုင်ငံက ဦးဆောင်တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုပြုချက် မူကြမ်းကို (၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တနင်္လာနေ့က ဆွေးနွေးခဲ့ကြပြီးတော့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၉၈ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆက်ပြီးတော့ ချိုးဖောက်မှုတွေ လုပ်နေတာကို အထူး စိတ်ပူသလို နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လုပ်ပေးဖို့၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေ ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က အစီရင်ခံထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်တဲ့ တတိယကော်မတီမှာ နိုင်ငံပေါင်း ၄၈ နိုင်ငံကနေ ဦးဆောင်တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုပြုချက်မူကြမ်းကို တနင်္လာနေ့မှာ ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးပွဲအပြီး မဲခွဲ ဆုံးဖြတ်ရာမှာ နိုင်ငံပေါင်း ၉၈ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ၂၅ နိုင်ငံက ကန့်ကွက်မဲ၊ ၆၃ နိုင်ငံက မဲမပေးဘဲနေခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက်ကို ထောက်ခံမဲအများစုနဲ့ အတည်ပြုခဲ့ပါတယ်။

အခုတကြိမ် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေ အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် ပြင်းပြင်းထန်ထန် သတိပေးထားပြီး လက်တွေ့နဲ့ ထင်ဟပ်မှုရှိတာဟာ ထူးခြားတယ်လို့ ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ Burma Fund အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“ဆုံးဖြတ်ချက်က ဒီနှစ်ထူးခြားတာကတော့ ကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ကြိုဆိုတာတွေ၊ မှတ်ချက်ပြုတာတွေ ရှိသလို ဆက်ပြီးတော့ ဖြေရှင်းရမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေသေးတာနဲ့ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်စဲဖို့၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးကို တနိုင်ငံလုံး အတိုင်းအတာအသွင် လုပ်ဆောင်ဖို့၊ တိုင်းရင်းသား အင်အားစုတွေကိုလည်း နိုင်ငံရေးလုပ်ငန်းစဉ်ထဲမှာ ပါဝင်ဖို့ ဆွေးနွေးတာတွေ တွေ့ရပါတယ်။ အာဆီယံနိုင်ငံတွေထဲက ထိုင်းတို့၊ အင်ဒိုနီးရှားတို့၊ စင်ကာပူတို့ကတော့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ တော်တော်လေး အပြုသဘောဆောင်ပြီးတော့ ဆွေးနွေးသွားတယ်။

“ထူးခြားတာကတော့ အရင်တုန်းက ဆွေးနွေးနေကျ အနောက်နိုင်ငံတွေအပြင်ကို အာဖရိက က ဘော့စ်ဝါးနား ဆိုလို့ရှိရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတဲ့ပြဿနာတွေ ရပ်တန့်အောင် ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ တကယ့် အင်အားစုအားလုံး ပါဝင်တဲ့ ဒီမိုကရေစီရေးအသွင်ကူးပြောင်းမှုကို ပြောသွားတာ တွေ့ရပါတယ်။ ဘရာဇီးလ်က အလားတူပဲ တဘက်မှာ ပြုပြင်ပြောင်းလဲမှုတွေအတွက် မျှော်လင့်သလို တိုင်းရင်းသားဒေသ တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ရပ်စဲဖို့ တောင်းဆိုသွားတာ တွေ့ရတယ်။”

အမေရိကန်၊ ဗြိတိန်၊ ကနေဒါ တို့လို မြန်မာ့အရေးကို အရင်ကတည်းက တစိုက်မတ်မတ် အားပေးလာခဲ့တဲ့ နိုင်ငံတွေကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အစိုးရသစ်က ကတိပေးထားတဲ့ အတိုင်း မလုပ်ဘဲ ဆက်လက် ချိုးဖောက်နေတာတွေအတွက် အထူး စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်ထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လုပ်ဆောင်မှုအတွက် ကန့်သတ်မှုတွေ မလုပ်ဖို့ တောင်းဆိုတာ ပါဝင်တယ်လို့ ပြောပါတယ်။

“နိုင်ငံတကာရဲ့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်ဆိုတဲ့ အမြင်ရှိပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး ဆောင်ရွက်မှုတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပေးဖို့ ဆိုပြီးတော့ ထပ်မံတိုက်တွန်းတဲ့ သဘောမျိုး ဖြစ်ပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် တာဝန်ယူဖို့ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနဲ့ နိုင်ငံရေးလုပ်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ ဒီအထဲမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေပါ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ပါဝင်စေဖို့ လိုအပ်သလို ကျန်နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

“နိုင်ငံရေးအကျဉ်းသား ၂၂၀ လောက် လွှတ်ပေမဲ့လို့ နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိ လွတ်မြောက်ဖို့၊ ထောင်ထဲမှာရှိတဲ့ ဆိုးရွားတဲ့အခြေအနေတွေကိုလည်း ထောက်ပြထားတာ ရှိပါတယ်။ အဲဒီမှာ အရေးကြီးတဲ့ တိုင်းသိပြည်သိ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေ၊ ခွန်ထွန်းဦးတို့လို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားတဲ့ ကိုမြင့်အေးတို့လို ပုဂ္ဂိုလ်တွေ၊ ရွှေဝါရောင်တော်လှန်ရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဦးဂမ္ဘီရတို့လို ပုဂ္ဂိုလ်မျိုးတွေကို ပိုပြီးတော့ ခပ်မြန်မြန် လွှတ်ဖို့ဆိုတဲ့ သဘောမျိုး တိုက်တွန်းတာ တွေ့ရတယ်။”

ဒါ့အပြင် အခုထိ နိုင်ငံရေးနဲ့ဆက်နွယ်နေသူတွေကို ဖမ်းဆီးအကျဉ်းချမှုတွေ ရှိနေတာနဲ့ မြန်မာ့အကျဉ်းထောင် တွေရဲ့ အခြေအနေဆိုးရွားမှုတွေကို ပြုပြင်ဖို့အပြင် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ဆက်လက် သွားရောက်ခွင့်တွေ ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်ရာမှာ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်က ဆက်လက်ပြီး ကူညီပံ့ပိုး ပေးသွားဖို့ ရှိတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ တွဲဘက်ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဖာရင်ဟိုက်က အခုလို ပြောပါတယ်။

“အတွင်းရေးမှူးချုပ်ဟာ မကြာသေးခင်က မြန်မာခေါင်းဆောင် ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်လုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂရဲ့ ကူညီပံ့ပိုးမှုကို ရရှိမယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပြီးပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကို ကုလသမဂ္ဂက ဆက်လက်ထောက်ခံ အားပေးသွားမှာဖြစ်သလို အတွင်းရေးမှူးချုပ် အနေနဲ့လည်း အဆင်ပြေရင် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။”

တနင်္လာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေး ဆုံးဖြတ်မှုတွေဟာ တန်ဖိုးရှိတဲ့ လုပ်ဆောင်မှုတွေဖြစ်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ် ကလည်း ပြောကြားလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကနေ မြန်မာနိုင်ငံရဲ့ တိုးတက်မှုလက္ခဏာတွေအတွက် အားပေးခဲ့သလို အထူးသဖြင့် တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆက်မပြတ် ဖြစ်နေတာတွေဟာ စိုးရိမ်စရာဆိုတာကို ထောက်ပြပြီး မြန်မာသမ္မတ ကတိပေးထားတဲ့ တကယ့်ပြောင်းလဲမှုတွေလုပ်ဖို့ တိုက်တွန်းထားတာဟာ မြန်မာပြည်သူတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ မေ့မထားဘူးဆိုတာ ပြသနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG