သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုတို့ဟာ ၂၀၁၀ ရဲ့ ထူးခြားချက်


ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုတို့ဟာ ၂၀၁၀ ရဲ့ ထူးခြားချက်
ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုတို့ဟာ ၂၀၁၀ ရဲ့ ထူးခြားချက်

မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။ ကမ္ဘာတလွှားက ပြဿနာတွေနဲ့ပတ်သက်လို့ ၂၀၁၀ ပြည့်နှစ်ကုန် မိန့်ခွန်းစကားပြောကြားရာမှာ မြန်မာနိုင်ငံ ပြဿနာကိုလည်း ကုလသမဂ္ဂက ဆက်လက်ကူညီဖြေရှင်းဖို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်တာပါ။ ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်မြို့က သောကြာနေ့ နှစ်ချုပ်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တဲ့ အကြောင်းတွေကိုတော့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

ကမ္ဘာတလွှား နိုင်ငံတွေမှာ နိုင်ငံရေး၊ လူမှုရေး၊ သဘာဝကပ်ဘေး အန္တရာယ်တွေလို ပြဿနာပေါင်းစုံ ၂၀၁၀ ပြည့်နှစ်ထဲမှာ ကြုံတွေ့ခဲ့ရသလို ရှေ့လာမယ့် ၂၀၁၁ ခုနှစ်ထဲမှာလည်း စိမ်ခေါ်မှုတွေအဖြစ် ဆက်လက် ရှိနေဦးမယ့်အထဲမှာ မြန်မာနိုင်ငံကိစ္စလည်း အပါအဝင် ဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တာပါ။ ကမ္ဘာ့အရေးအရာတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်တဲ့ နှစ်ချုပ်မိန့်ခွန်းအဖြစ် ကုလသမဂ္ဂ ရုံးချုပ်က သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုရာမှာတော့ မကြာခင်ကုန်ဆုံးမယ့် ၂၀၁၀ ပြည့်နှစ်ထဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ထူးခြားတဲ့ ဖြစ်စဉ်တွေကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ အားနည်းချက်တွေ အကြီးအကျယ် ရှိနေပေမဲ့လည်း ရွေးကောက်ပွဲ ကျင်းပခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးခဲ့တာတွေက ထူးခြားတဲ့ ဖြစ်ထွန်းမှုတွေပါ။ မြန်မာနိုင်ငံအနေနဲ့ ဒီအပေါ်မှာ ဆက်လက် တိုးတက်အောင် လုပ်ဆောင်သွားနိုင်သလို၊ ဒီလိုလုပ်ဖို့လည်း လိုပါတယ်။”

နိုဝင်ဘာလ ၁၃ ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ နောက်မှာတော့ အတွင်းရေးမှူးချုပ်က တယ်လီဖုန်းကတဆင့် တိုက်ရိုက်စကား ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အာရုံစိုက် ပြောဆိုခဲ့ကြတာပါ။ ဒီလိုပြောဆိုရာမှာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ကူးပြောင်းရေး အလားအလာတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ နိုင်ငံသားတွေအားလုံး လွတ်မြောက်ဖို့ဟာ ဦးစားပေးကိစ္စရပ်အဖြစ် ပြောဆိုခဲ့သလို မြန်မာအာဏာပိုင်တွေ အနေနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လည် လွတ်မြောက်လာရေးကို အတွင်းရေးမှူးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာ့အရေးအတွက် ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေအပေါ် ဝမ်းမြောက်ကြောင်းနဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မြန်မာနိုင်ငံကို အမြန်ဆုံးလာရောက်ပြီး တိုင်းပြည်မှာ ကြုံနေရတဲ့ အခြေအနေတွေကို ဆွေးနွေးဖြေရှင်းလိုကြောင်း လည်း ပြောဆိုခဲ့တာပါ။ အတွင်းရေးမှူးချုပ်ရဲ့ နှစ်ချုပ်မိန့်ခွန်းထဲမှာတော့ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းရေး ဆက်လက်အားပေးသွားမယ့်အကြောင်း ကတိပြုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ မဟာဗျူဟာကတော့ ရေရှည်အတွက် ပြီးပြည့်စုံတဲ့ ထိတွေ့ဆက်ဆံမှုပဲ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင်ပြောင်းရေးနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာရေး ရည်မှန်းချက်တွေ ပြည့်ဝစေဖို့ မြန်မာနိုင်ငံကို အကူအညီ ပေးရေးမှာလည်း ဆက်လက်ဆောင်ရွက်သွားမှာပါ။”

၂၀၁၀ ပြည့်နှစ်အတွင်း ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တဲ့ ကမ္ဘာ့အရေးအခင်းတွေထဲ ဇီဝမျိုးကွဲ ကိစ္စရပ်ကစလို့ အရှေ့အလယ်ပိုင်း ဒေသက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေအဆုံး ပါဝင်ခဲ့တယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောခဲ့တာပါ။ ဒါပေမဲ့လည်း ဒီလိုဆောင်ရွက်ရာမှာ ကုလသမဂ္ဂအတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

“နောက်ကြောင်းနဲ့ ရှေ့ကိုဆက်ကြည့်မယ်ဆိုရင် ဒီကနေ့ကမ္ဘာကြီးဟာ ရှုပ်ထွေးပြီး ဆက်နွယ်မှုတွေ ရှိနေတယ်လို့ ကျနော် ယုံကြည်တယ်ဆိုတဲ့ အချက်ကို ထပ်ပြောချင်ပါတယ်။ ကမ္ဘာနဲ့အဝန်း ဆောင်ရွက်ရမယ့် ကိစ္စတွေအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေ၊ ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖန်တီးဖို့နဲ့ မဟာမိတ်တွေ ဖွဲ့စည်းဖို့တွေလည်း လိုအပ်ပါတယ်။ ပြဿနာတွေရဲ့ အဖြေရှာရာမှာ တိုးတက်မှုတွေဟာ ဗြုန်းစားကြီး ရနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ မှန်မှန်နဲ့ သန္နိဌာန်ခိုင်ခိုင်မာမာ ချထားတဲ့ ခြေလှမ်းတွေ လှမ်းကြရမှာ ဖြစ်ပါတယ်။”

ဘယ်လိုပဲဖြစ်ဖြစ် ကုလသမဂ္ဂအနေနဲ့ ကုန်လွန်တော့မယ့် ၂၀၁၀ ပြည့်နှစ်ဟာ ကြီးကျယ်တဲ့နှစ်တနှစ်အဖြစ် တိုးတက်မှုတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ အတွင်းရေးမှူးချုပ်က ဆိုပါတယ်။ တချိန်တည်းမှာပဲ လိုအပ်တဲ့ အရင်းအမြစ်တွေမှာ အကန့်အသတ်တွေ ရှိနေတာ၊ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို လိုအပ်တဲ့ ကိစ္စတွေကလည်း ကမ္ဘာတဝှမ်း ကြီးထွားလာနေတယ်လို့ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG