သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ ကိုယ်စားလှယ် ယခုသီတင်းပတ် မြန်မာနိုင်ငံ လာရောက်မည်


မစ္စတာ ဗီဂျေး နမ်ဘီယာ။
မစ္စတာ ဗီဂျေး နမ်ဘီယာ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ်ဟာ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ပေးအပ်ထားတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ မေလ ၁၂ ရက်နေ့ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်တယ် ဆိုတဲ့ မြန်မာအစိုးရ တာဝန်ရှိသူရဲ့ အပြောကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြလိုက်တာပါ။

မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ သုံးလေးရက်ကြာမယ့် ဒီခရီးစဉ် အတွင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိ မရှိ မသေချာပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ခွဲထွက်ခဲ့တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ အစီအစဉ် ရှိတယ်လို့ NDF ပါတီ ပြောခွင့်ရသူက ပြောပါတယ်။

မစ္စတာ ဗီဂျေး နမ်ဘီယားဟာ ၂၀၁၀ ပြည့်နှစ် မနှစ်က နိုဝင်ဘာလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့စဉ် စစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော အဲဒီအချိန်က နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခါစ မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။

စစ်အစိုးရ ဖျက်သိမ်းပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် တက်ပြီးနောက်ပိုင်း မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG