သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းချမ်းသာခွင့်ကို ကုလသမဂ္ဂ ဘဝင်မကျ


လွတ်ငြိမ်းချမ်းသာခွင့်ကို ကုလသမဂ္ဂ ဘဝင်မကျ
လွတ်ငြိမ်းချမ်းသာခွင့်ကို ကုလသမဂ္ဂ ဘဝင်မကျ

မြန်မာနိုင်ငံမှာ မကြာသေးခင်က ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာ လျှော့ရက်ကြောင့် နိုင်ငံရေး အကျဉ်းသား အနည်းငယ် လွတ်မြောက်လာတာဟာ ကျေနပ်အားရစရာ မရှိသေးဘူးလို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစားကီး (Martin Nesirky) က အခုလို တုံ့ပြန် ပြောဆိုသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံက ပြန်လာပြီး ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တံခါးပိတ် အစည်းအဝေးအတွင်း သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အတွေ့အကြုံတွေကို တင်ပြခဲ့တာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မနေ့က သတင်းထောက်တွေရဲ့ အမေးကို ပြန်လည် ဖြေကြားရင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ နီစားကီးက အခုလို ပြောကြားသွားတာပါ။

အဓိကအားဖြင့်တော့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ နီစားကီးက မြန်မာအစိုးရက အကျဉ်းသားတချို့ လွှတ်ပေးခဲ့တာဟာ ကျေနပ်အားရစရာ မရှိဘူးလို့ ပြောကြားလိုက်တာပါ။

“လွတ်ငြိမ်းချမ်းသာခွင့်အရ ပြစ်ဒဏ် ကျခံရက် နည်းနည်းလျှော့ပေးလိုက်လို့ နိုင်ငံရေး အကျဉ်းသားတချို့ လွတ်လာတာဟာ မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်တဲ့ ပထမခြေလှမ်းတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ မျှော်လင့်ထားတာထက် အများကြီး လျော့နည်းနေပြီး လုံလောက်မှု မရှိသေးပါဘူး။ မစ္စတာ ဗီဂျေး နမ်ဘီးယားရဲ့ ခရီးစဉ် အတွင်းမှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုတဲ့အကြောင်း ထပ်မံ ပြောကြားခဲ့ပါတယ်။

“အခု မြန်မာနိုင်ငံရဲ့ အခင်းအကျင်းသစ်ဟာ အနှစ်သာရရှိတဲ့ ပြောင်းလဲမှုအဖြစ် ရောက်ရှိလာပါ့မလား၊ ဘယ်လောက် လျှင်မြန်စွာ ပြောင်းလဲလာနိုင်မလဲ ဆိုတာတွေဟာ အရေးတကြီး မှတ်သားထားရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒီအချက်နဲ့ပဲ မြန်မာ့နိုင်ငံရေး အခြေအနေကို မှတ်ကျောက်တင်သွားရမှာ ဖြစ်ပါတယ်။ တခါ ကုလသမဂ္ဂရဲ့ အထွေထွေ အကြံပြုချက်တွေကိုရော မြန်မာအာဏာပိုင်တွေ အနေနဲ့ လာမယ့် လပိုင်းတွေ အတွင်းမှာ ခိုင်ခိုင်မာမာ လိုက်နာ ဆောင်ရွက်ပါ့မလား ဆိုတဲ့ အချက်ကိုလည်း စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးသံတမန်တဦး ထားရှိသွားဖို့ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ နမ်ဘီးယားနဲ့ တွေ့ဆုံစဉ် အဆိုပြုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးတာမှာတော့ ဒီအဆိုပြုချက်ကို အတွင်းရေးမှူးချုပ် အနေနဲ့ မှတ်သားထားတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစားကီးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့ပြီး အစိုးရပိုင်း တာဝန်ရှိသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အနေနဲ့ မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံစဉ် အစိုးရသစ် အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ပေးထားတဲ့ ကတိအတိုင်း အချိန်မဆိုင်းဘဲ အကောင်အထည် ဖော်ဆောင်သွားဖို့ တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံ တဝန်းရှိ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၁၄,၆၀၀ ကို ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှာ လွှတ်ပေးခဲ့ပေမဲ့ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသား ၃၀ လောက်ပဲ ပါခဲ့တာပါ။

မြန်မာအစိုးရ အနေနဲ့ ပြည်တွင်း ပြည်ပက တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးဘဲ လွတ်ရက်စေ့သူတွေကိုသာ ဟန်ပြ လွှတ်ပေးလိုက်တဲ့ လုပ်ရပ်က လက်ရှိအစိုးရဟာလည်း အရင် စစ်အစိုးရလိုပဲ ဒီမိုကရေစီ ပေါ်ထွန်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် ဖော်ဆောင်လိုစိတ် မရှိဘူးဆိုတာ ပြသလိုက်တာပဲလို့ လေ့လာသူတွေက ဝေဖန် ပြောဆိုလိုက်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ လောက် ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ လေ့လာ စောင့်ကြည့်သူတွေက ယုံကြည်နေကြတာပါ။

XS
SM
MD
LG