သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာပြဋ္ဌာန်းချက် လူ့အခွင့်အရေးကောင်စီ အတည်ပြု


မြန်မာနိုင်ငံဆိုင်ရာပြဋ္ဌာန်းချက် လူ့အခွင့်အရေးကောင်စီ အတည်ပြု
မြန်မာနိုင်ငံဆိုင်ရာပြဋ္ဌာန်းချက် လူ့အခွင့်အရေးကောင်စီ အတည်ပြု

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့ ဥရောပနိုင်ငံအများစုပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတချို့ ပြင်ဆင်ထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မဲမခွဲဘဲ ဆုံးဖြတ်အတည်ပြု လိုက်ပါတယ်။ ဒါပေမဲ့ မူကြမ်းထဲမှာပါဝင်တဲ့ အချက်တချို့ကို နှုတ်အားဖြင့် ဒီနေ့ ပြင်ဆင်ခဲ့ပြီး ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့အရေးလှုပ်ရှားနေသူတွေကတော့ ဒီတခါဆုံးဖြတ်ချက်မှာ ထူးခြားချက်တွေလည်း ရှိနေတယ်လို့ပြောတော့ ဘာကြောင့်လဲဆိုတာကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဒီကနေ့ သောကြာနေ့မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဥရောပနိုင်ငံအများစုနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတချို့ ပြင်ဆင်ရေးသားခဲ့တဲ့ ဒီမူကြမ်းထဲမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့အချက်၊ မြန်မာနိုင်ငံမှာ အခုကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတကာလူ့အခွင့်အရေး အဆင့်အတန်းနဲ့အညီ ပြင်ဆင်ဖို့ စတဲ့ အချက်တွေကိုတော့ ဆုံးဖြတ်ချက် မချခင်မှာ နှုတ်အားဖြင့် ပြင်ဆင်ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို တိုးတက်စေဖို့ အကြံပြုချက်တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက် မူကြမ်းဟာ ဥရောပနိုင်ငံတွေက နိုင်ငံရေးအရ ပြင်ဆင်ထားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးသန့်ကျော်က ပြောကြားပြီး ကန့်ကွက်ခဲ့ပါတယ်။ ဒီမူကြမ်းထဲမှာ ပါဝင်တဲ့အချက်တွေဟာ အခြေအမြစ်မရှိတဲ့အချက်တွေပေါ်မှာ အခြေခံတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောခဲ့ပါတယ်။

ဒီမူကြမ်းအပေါ်မှာ ထောက်ခံတဲ့ နိုင်ငံတွေကတော့ ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေပါ။ မြန်မာနိုင်ငံက တိုးတက်မှုတွေကို အသိအမှတ်ပြုပေမဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ဖို့လိုတဲ့အတွက် ဒီဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ဂျပန်ကိုယ်စားလှယ်က ပြောသွားပါတယ်။

မလေးရှားကိုယ်စားလှယ်ကတော့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်တို့အပေါ် ကျုးလွန်တဲ့ ပြစ်မှုဖြစ်နေတယ်၊ စစ်ရာဇဝတ်ကျုးလွန်မှု ဖြစ်နေတယ်ဆိုတဲ့ အချက်တွေကို မလေးရှားအနေနဲ့ လက်မခံပေမဲ့ မူကြမ်းကို ဆုံးဖြတ်ချက်ချနိုင်ဖို့တော့ ထောက်ခံခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ ဒီဆုံးဖြတ်ချက်ကို မထောက်ခံဘဲ လက်ရှောင်ခဲ့ပါတယ်။ တကယ်တော့ ဒီဆုံးဖြတ်ချက်ကို ကြာသပတေးနေ့ကတည်းက ဆုံးဖြတ်အတည်ပြုဖို့ဖြစ်ပေမဲ့ မူကြမ်းထဲပါတဲ့ အချက်တွေအပေါ် တရုတ်၊ အိန္ဒိယနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကန့်ကွက်တာတွေရှိတဲ့အတွက် ပြင်ဆင်ပြီး သောကြာနေ့ကျမှ ဆွေးနွေးဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေ လူ့အခွင့်အရေးကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်နိုင်အောင် ခွင်ပြု ထားသလို ဖြစ်နေတဲ့ အခြေခံဥပဒေထဲက အချက်ကို ပြင်ဆင်ပေးဖို့ မူလ မူကြမ်းထဲမှာ ထည့်သွင်းခဲ့ပေမဲ့ အဲဒီအချက်ကို ပြင်ဆင်လိုက်တဲ့ မူကြမ်းမှာတော့ ဖျက်လိုက်ရပါတယ်။ ဒီလို ပြင်ဆင်မှုတွေ လုပ်လိုက်ရတဲ့ အပေါ် အဝေးရောက် ညွှန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ ဒေါက်တာသောင်းထွန်းရဲ့ အမြင်ကိုမေးတော့ သူက -

“ကျနော်တို့အနေနဲ့ ခြုံကြည့်မယ်ဆိုရင်တော့ ဒီဆုံးဖြတ်ချက်ဟာ အင်မတန်အားရှိတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်သလို မြန်မာပြည်ရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေကိုလည်း ထင်ဟပ်တယ်။ ရှေ့သွားရမယ့်လမ်းကြောင်းနဲ့ပတ်သက်လို့ လိုအပ်တဲ့ အကြံပြုမှုတွေကိုလည်း လုပ်ထားတယ်။ ရွေးကောက်ပွဲ ပြီးသွားတာနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာလည်း မဖြေရှင်းနိုင်ဘူး။ အင်အားစုအားလုံးပါဝင်တဲ့ အခြေခံကူးပြောင်းမှုတခု လုပ်ဖို့လိုတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့လိုတယ်၊ တွေ့ဆုံဆွေးနွေးမှုတွေ လိုတယ် ဆိုတဲ့အချက်အလက်တွေကို ထောက်ပြထားတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ အချက်တချို့ကို ပြင်ဆင်ဖယ်ရှားခဲ့ပေမဲ့လဲ စစ်ရာဇဝတ်ကျူးလွန်မှု၊ လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု စတဲ့ အသုံးအနှုန်းတွေကို မပြင်ဆင်ဘဲ ဒီအတိုင်း ဆုံးဖြတ်နိုင်ခဲ့တာကလဲ ထူးခြားတယ်လို့ ဒေါက်တာသောင်းထွန်းက မြင်ပါတယ်။

“War Crimes and Crimes against Humanity ကို သူတို့မပြင်ဘူး။ အဲဒီအသုံးအနှုန်းပေါ့။ တချို့ဖြစ်သွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်။ လူသားတရပ်လုံးကို ကျူးလွန်တဲ့ပြစ်မှုတွေမြောက်တယ် ဆိုတဲ့အပိုဒ်ကို သူတို့မပြင်ဘူး။ ဒါက တော်တော်ထူးခြားချက်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟာကို အိမ်နီးချင်းနိုင်ငံတွေကပါ လက်ခံတဲ့သဘောရှိတယ်။ ဒါက သဘောက ဒီလိုမျိုး War Crimes and Crimes against Humanity တွေ ဖြစ်တယ်ဆိုတာကို အိမ်နီးချင်းနိုင်ငံတွေက အသိအမှတ်ပြုထားရင် နောက်တဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ သွားဖို့ကိစ္စတွေအပေါ်မှာ ကျနော်တို့ ဆက်ပြီးတော့လုပ်လို့ရတယ်။ လက်ခံနိုင်တဲ့ အလားအလာတွေဖြစ်လာအောင် ကျနော်တို့ ဖန်တီးလို့ရတယ်။ ဒါကိုတော့ သုံးသပ်လို့ရတယ်။”

အဝေးရောက် ညွှန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ ဒေါက်တာသောင်းထွန်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ဟာ မနှစ်ကထက် ပိုမို ပြည့်စုံပြီး အသစ်တက်လာတဲ့ အစိုးရအဖွဲ့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဆိုင်းသွားအောင် လုပ်ဆောင် နိုင်ဖို့အတွက် တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

XS
SM
MD
LG