သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ရာဇဝတ်မှု စုံစမ်းရေး အတိုက်အခံများ ကြိုဆို


မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ် ပြစ်မှုတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ ကုလသမဂ္ဂအနေနဲ့ ကော်မရှင်တရပ် ဖွဲ့စည်းဖို့ကိစ္စကို သမ္မတ အိုဘားမား အစိုးရက ထောက်ခံဖို့ အမေရိကန် အထက်လွှတ်တော်အမတ် ၃၂ ယောက်က စာရေးသားတောင်းဆိုလိုက်တဲ့အပေါ် မြန်မာ့အရေးလှုပ်ရှားသူတွေက ထောက်ခံ ကြိုဆိုလိုက်ကြပါတယ်။ အထက်လွှတ်တော်အမတ် ၃၂ ယောက်က သောကြာနေ့မှာ အဲဒီစာကို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို ရေးသား ပေးပို့ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရာဇဝတ်ပြစ်မှုတွေကို စုံစမ်း စစ်ဆေးပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တောင်းဆိုနေတာတော့ ကြာပါပြီ။

နယ်စပ်ဒေသတွေအပါအဝင် မြန်မာပြည်နိုင်ငံအတွင်း စစ်အစိုးရက ကျူးလွန်နေတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

“ကျနော်တို့ ကရင်ပြည်နယ်မှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေပေါ့ဗျာ၊ ရွာလုံးကျွတ် မီးရှို့တာတို့၊ ရွာတွေ အတင်းအဓမ္မ ရွှေ့ပြောင်းတဲ့ ကိစ္စတွေက ပြောရမယ်ဆိုရင် စစ်ရာဇဝတ်မှု မြောက်တဲ့ ကိစ္စတွေပါ။ နောက်တခုက မြန်မာ အမျိုးသမီးတွေကို မတော်မတရား လုပ်တယ်ဆိုတဲ့ ကိစ္စတွေ အများကြီး ရှိထားတယ်ပေါ့လေ။ ဒါတွေကတော့ မြောက်ပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောရင်တော့ လက်ရှိမှာ ပြည်တွင်းစစ် ဖြစ်နေတယ်ဆိုတဲ့ အနေအထားမှာ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ကိစ္စတွေကလည်း တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံပြောရင်တော့ ဘယ်လောက်အတိုင်းအတာလဲ ဆိုတာ ပြောဖို့တော့ ခက်ပါတယ်။”

ဒါကြောင့်လဲ အမေရိကန် အထက်လွှတ်တော် အမတ်အများစုက အခုလို တက်တက်ကြွကြွ တောင်းဆိုလိုက်တာဟာ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“အခု အဲဒီလိုမျိုး အမေရိကန်နိုင်ငံကနေပြီးတော့ တက်တက်ကြွကြွနဲ့ ဆီနိတ်တာတွေ ၃၂ ဦး ကိုယ်တိုင်က မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ လူသားချင်း မစာနာမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကပဲ ဖြစ်ပါစေ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကပဲဖြစ်စေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့မယ် ဆိုတဲ့ကိစ္စက ပိုပြီးတော့ ကောင်းတဲ့ကိစ္စတွေလို့ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခင်က အမေရိကန်ကိုယ်တိုင်က အဲဒီလိုမျိုး တက်တက်ကြွကြွ မရှိခဲ့လို့ ကြံ့ကြာနေခဲ့တာ ဖြစ်တယ်။”

HREIB လူ့အခွင့်အရေး ပညာပေးအဖွဲ့ မြန်မာပြည်က ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်း ကလည်း အထက်လွှတ်တော်အမတ် ၃၂ ယောက်ရဲ့ တောင်းဆိုချက်ကို ထောက်ခံလိုက်ပြီး အခုလို မြန်မာပြည်အတွက် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့သင့်တာ ကြာပြီလို့ ဆူဒန်နိုင်ငံ ဒါဖော်ဒေသမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ နှိုင်းယှဉ် သုံးသပ်ပြပါတယ်။

“အခုလိုမျိုး အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့က မြန်မာပြည်မှာ လုပ်သင့်တာ ကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဆူဒန်နိုင်ငံတုန်းက ဖြစ်ခဲ့သလို လူမျိုးတုံး သတ်ဖြတ်မှုတွေ ပုံစံမျိုးတွေ၊ နောက်တခါ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တဲ့ အထောက်အထားတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွင်းမှာ ကျေးရွာတွေကို ပြောင်းရွှေ့တာတွေ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်တာတွေ၊ ကလေးသူငယ်တွေကို စစ်မှုထမ်းခိုင်းနေတဲ့အချက်တွေက ဆူဒန်နိုင်ငံရဲ့ အခြေအနေထက် မဆိုးရင်တောင်မှ အဲဒီလောက် အခြေအနေအထိ ဖြစ်နေတာ တွေ့ရတယ်။ အခုအချိန်မှာဆိုရင် မစ္စတာ ကင်တားနားလည်း လာပြီးတော့ လေ့လာစုံစမ်းပြီးတော့ ကော်မရှင်ကိစ္စကို သူ့အနေနဲ့ စုံစမ်းဖို့အတွက် လုပ်ဆောင်နေတာ ရှိတယ်။ ဒီလိုမျိုး အချက်အလက်တွေ တောင်းဆိုနေယုံတင် မကဘဲနဲ့ ဒီအချက်အလက်တွေကို တကယ် ကျူးလွန်တယ်ဆိုတဲ့အချက် သက်သေ အထောက်အထားတွေ ပြဖို့က ကျနော်တို့မှာ နှစ်ပေါင်း ၁၀ စုနှစ်ပေါင်းများစွာ ကျနော်တို့ စုဆောင်းထားတဲ့ အချက်အလက်တွေက သက်သေပြနေပါတယ်။ အဲဒီတော့ ဒီဟာမျိုး ဖြစ်ဖို့အတွက်က ကျနော်တို့ မဖြစ်မနေ လိုအပ်တဲ့အရာတခုလို့ ကျနော်တို့ ပြောချင်ပါတယ်။”

ဒါပေမယ့် ဒီကိစ္စဟာ နောက်ဆုံး အရေးယူမှုအဆင့်ထိရောက်လာဖို့ အချိန် အတော်ယူရဦးမှာ ဖြစ်ပြီး လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ထောက်ခံမှုလည်း လိုအပ်တယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦးက ဆိုပါတယ်။

“ဒီကိစ္စကတော့ နောက်ဆုံး အမြင့်ဆုံး အရေးယူနိုင်ဖို့အဆင့်အထိ ဖြစ်လာဖို့တောင်မှ အနည်းဆုံး ၇ နှစ်လောက် ကြာဦးမယ့် အခြေအနေမျိုး ဖြစ်တယ်။ နောက်ပြီးတော့ တခါ နိုင်ငံတကာကနေပြီးတော့ ဒီကိစ္စကို ထောက်ခံဖို့ဆိုတာကလဲ ကျနော်တို့ ရုရှားရယ်၊ တရုတ်ရယ်က ပူးပေါင်းပါဝင်ပြီးတော့ ထောက်ခံမှသာလျင် ဒီကိစ္စက ဖြစ်ဦးမှာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ အမေရိကန် ပါလာတဲ့အတွက်တော့ ကျနော်တို့ အားရှိတာတော့ မှန်တယ်။ သို့သော်လည်းပဲ စောစောကပြောသလို ဖြစ်နိုင်တဲ့အခြေအနေက တရုတ်နဲ့ ရုရှား နှစ်နိုင်ငံ ခံနေသေးတဲ့အတွက် ဒီအပေါ်မှာ ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်တယ်။ အလွန်ဆုံး ဖြစ်လာနိုင်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာ ကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်တွေ အတွက် နောက်ဆုံး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ်မှာ ခုံရုံးဖွဲ့ စစ်ဆေးစီရင်ဖို့ ဖြစ်လာနိုင်တဲ့အထိလောက်ပဲ ရောက်ဦးမယ်လို့ ကျနော်တို့က မျှော်လင့်တယ်။”

အခု အမေရိကန် အထက်လွှတ်တော် အမတ် ၃၂ ယောက် ပေးပို့ခဲ့တဲ့ စာထဲမှာတော့ မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ ဖိအာေးပးမှုတွေ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမယ့်ကိစ္စကို ထောက်ခံတာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် အမေရိကန်က အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာသိအောင် စစ်အစိုးရကို ထင်ထင်ရှားရှား ပြသရာ ရောက်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG