သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး ကုလစုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အက်စ်တိုနီးယား ထောက်ခံ


မြန်မာလူ့အခွင့်အရေး ကုလစုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အက်စ်တိုနီးယား ထောက်ခံ
မြန်မာလူ့အခွင့်အရေး ကုလစုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အက်စ်တိုနီးယား ထောက်ခံ

မြန်မာနိုင်ငံအတွင်း စစ်အစိုးရက ကျူးလွန်နေတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက် မမြောက် ကုလသမဂ္ဂအနေနဲ့ ကော်မရှင်ဖွဲ့ စုံစမ်း စစ်ဆေးဖို့အဆိုပြုထားတာကို အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် အက်စတိုးနီးယား (Estonia) နိုင်ငံက ထောက်ခံလိုက်ပါတယ်။ ဒါဟာ မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းရေး ထောက်ခံတဲ့ ၁၃ နိုင်ငံမြောက်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က စစ်အစိုးရ ကျူးလွန်ထားတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက် မမြောက် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပေးဖို့ ပြီးခဲ့တဲ့ မတ်လအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အဆိုတင်သွင်းခဲ့တဲ့အပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက ဝိုင်းဝန်း ထောက်ခံလာနေကြတာပါ။

မစ္စတာ ကင်တားနားရဲ့ အဲဒီ အဆိုပြုချက်အပေါ် အသေအချာ စဉ်းစားသုံးသပ်ပြီးတဲ့နောက် အက်စတိုးနီးယား နိုင်ငံအနေနဲ့ ထောက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အကြံပေးပုဂ္ဂိုလ် Mr. Jaanus Varu က တရားဝင် ထုတ်ဖော် ပြောကြားလိုက်တာပါ။

Estonia နိုင်ငံဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခု ဖြစ်တာကြောင့် အခုလို ထောက်ခံမှုရတာ အရေးပါတဲ့အကြောင်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ချက်သမ္မတနိုင်ငံအခြေစိုက် People in Need ဆိုတဲ့ လူမှုအထောက်အကူပြုအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Kristina Prunerova က ပြောပါတယ်။

“ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမယ့်ကိစ္စကို ဥရော ပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခုက ထောက်ခံလာတာ အခုချိန်မှာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂ အဆင့်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ကျလာဖို့အရေး ကြိုပမ်းကြတဲ့နေရာမှာ ဥရောပ သမဂ္ဂကြီး တခုလုံးရဲ့ ဘုံရပ်တည်မှုနဲ့ ဖိအားပေးလုပ်ဆောင်မှ ဖြစ်နိုင်မှာမို့ တနိုင်ငံချင်းစီရဲ့ အခုလို ထောက်ခံမှုက အရေးပါ ပါတယ်။”

တနိုင်ငံချင်းစီရဲ့ ထောက်ခံမှု အရင်ရဖို့ သူတို့ ကြိုးပမ်းလုပ်ဆောင်နေတာကို အက်စတိုးနီးယား နိုင်ငံက ထောက်ခံ အားပေးလာတာ ဖြစ်ပါတယ်လို့ ခရစ်စ်တီးနားက ပြောပါတယ်။ နောင်မှာလည်း တခြား ဥရောပအဖွဲ့ဝင်နိုင်ငံတွေ ထောက်ခံလာအောင် လုပ်ဆောင်သွားမယ်လို့ ခရစ်စ်တီးနားက ပြောပါတယ်။

“လာမယ့်လ အနည်းငယ်အတွင်း တခြား နိုင်ငံတွေပါလာအောင် စည်းရုံးနိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ အခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ထဲမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမယ့်ကိစ္စ ထည့်သွင်း ဖော်ပြလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ဒီနှစ်မပါလည်း နောက်နှစ်တွေမှာ ပါနိုင်အောင် ကျမတို့ ဆက်ကြိုးစားသွားမှာပါ။”

စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းနိုင်ရေးအတွက် တကမ္ဘာလုံး အတိုင်းအတာနဲ့ ထောက်ခံမှုတွေ တဖြည်းဖြည်း တိုးလာအောင် သူတို့အနေနဲ့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ Kristina Prunerova က ပြောပါတယ်။

လောလောဆယ်တော့ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံရှိတဲ့အထဲက ၈ နိုင်ငံရဲ့ တရားဝင် ထောက်ခံမှုကို ရရှိပြီးဖြစ်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံအပါအဝင် ဒီကိစ္စကို တကမ္ဘာလုံးက ဝိုင်းဝန်းထောက်ခံကြတဲ့နိုင်ငံ စုစုပေါင်း ၁၃ နိုင်ငံရှိသွားပြီ ဖြစ်ပြီး မကြာခင်မှာ ကျန်တဲ့နိုင်ငံတွေလည်း တဖြည်းဖြည်းနဲ့ ထောက်ခံလာကြလိမ့်မယ်လို့ သူတို့အနေနဲ့ မျှော်လင့်တဲ့အကြောင်း Kristina Prunerova ပြောပါတယ်။

XS
SM
MD
LG